သုံးရလွယ်ကူစေသည့် Link များ

Pompeo နဲ့ Haspel တို့ကို အတည်ပြုခန့်ထားရေး သဘောထားကွဲတာတွေရှိနေ


နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခံရတဲ့ CIA ဒါရိုက်တာ Mike Pompeo
နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခံရတဲ့ CIA ဒါရိုက်တာ Mike Pompeo

အမေရိကန်သမ္မတ Donald Trump ရဲ့ CIA ဒါရိုက်တာ Mike Pompeo ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းတာနဲ့ လက်ရှိ CIA ဒုတိယအကြီးအကဲ Gina Haspel ကို CIA အကြီးအကဲအဖြစ် ခန့်အပ်ဖို့ လျာထားတာတွေနဲ့ ပတ်သက်ပြီး ရီပတ်ဘလစ်ကင်ပါတီက အထက်လွှတ်တော်အမတ် ၂ ဦးကြား သဘောထား ကွဲလွဲနေကြပါတယ်။

တကယ်လို့ Gina Haspel အတွက် အမည်စာရင်းတင်သွင်းမှုကို လက်ခံ အတည်ပြုခဲ့မယ်ဆိုရင် သူမဟာ CIA ရဲ့ အနှစ် ၇၀ သက်တမ်းမှာ ပထမဆုံးသော အမျိုးသမီး CIA အကြီးအကဲဖြစ်လာတော့မှာပါ။

တောင်ကာရိုလိုင်းနားပြည်နယ် အထက်လွှတ်တော်အမတ် Lindsey Graham က မစ္စတာ Pompeo နဲ့ Haspel တို့ နှစ်ဦးစလုံးကို အထက်လွှတ်တော်က လက်ခံ အတည်ပြုနိုင်တယ်လို့ CNN သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ခန့်မှန်းပြောဆိုပါတယ်။

ဒါပေမယ့် Kentucky ပြည်နယ် အထက်လွှတ်တော်အမတ် Rand Paul ကတော့ Pompeo ဟာ တချို့ပြည်ပနိုင်ငံတွေကအစိုးရတွေကို ဖြုတ်ချဖို့ အမေရိကန်က အားပေး လုပ်ဆောင်တာကို ထောက်ခံသူဖြစ်ကြောင်း ပြောဆိုခဲ့ပြီး Haspel ကတော့ အကြမ်းဖက်ဝါဒစွဲနဲ့ ပတ်သက်ပြီး သံသယရှိသူတွေကို CIA က ညှင်းပမ်းနှိပ်စက်ရာမှာ ဆက်နွယ်နေသူလို့ ဆိုပါတယ်။

သူ့အနေနဲ့ အထက်လွှတ်တော်မှာ ဒီ နှစ်ဦးအတွက် အမည်စာရင်းတင်သွင်းမှုကို ဘယ်နည်းနဲ့မဆို ပျက်အောင် လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း အထက်လွှတ်တော်အမတ် Paul ကပြောပါတယ်။ မစ္စတာ Pompeo အနေနဲ့ မကြာသေးခင်ကမှ အလုပ်ဖြုတ်တာ ခံခဲ့ရတဲ့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ နေရာမှာ အစားထိုးဖို့ မသင့်တော်သူဖြစ်ကြောင်း လည်း ပြောပါတယ်။ ဒါ့အပြင် ညှင်းပမ်းနှိပ်စက်မှုဟာ အမေရိကန်တွေရဲ့ စံမဟုတ်တဲ့အတွက် Gina Haspel ကလည်း မသင့်တော်ဘူးလို့ ပြောပါတယ်။

ဒါပေမယ့် အထက်လွှတ်တော်အမတ် Graham ကတော့ Haspel ဟာ ဒီရာထူးအတွက် အရည်အချင်း ကောင်းကောင်းရှိသူလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG