သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မငြိမ်းချမ်းတဲ့ ကမ္ဘာကြီးအတွက် Easter ပွဲတော်မှာ ပုပ်ရဟန်းမင်းကြီး ဆုတောင်းမေတ္တာပို့


ပုပ်ရဟန်းမင်းကြီး Francis

သီရိလင်္ကာနိုင်ငံမှာ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဟိုတယ်တချို့ ဗုံးခွဲတိုက်ခိုက်ခံရလို့ သေဆုံးသွားတဲ့ ခရစ်ယာန်သာသာဝင်တွေနဲ့အတူ တသားထဲရှိကြောင်း ပုပ်ရဟန်းမင်းကြီး Francis က ယေရှုခရစ်တော် ရှင်ပြန် ထမြောက်ခြင်း Easter ပွဲတော်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းဟာ လူသားတိုင်းအတွက် ဘဝသစ်ကို မွေးဖွားပေးခြင်းဖြစ်ကြောင်း သိန်းနဲ့ချီတက်ရောက်တဲ့ ရောမမြို့ Saint Peter ရင်ပြင်ဆုတောင်းပွဲမှာ ပြောကြားခဲ့သလို၊ ဆီးရီးယား ယီမင် လစ်ဗျားနဲ့ တောင်ဆူဒန်နိုင်ငံတွေ ငြိမ်းချမ်းရေး အတွက်ပါ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။ VOA သတင်းထောက် Sabina Castelfranco ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးမှာပါ။

မိုးသားတိမ်ညိုအောက်က Saint Peter ရင်ပြင်မှာတော့ ပန်းတွေနဲ့ဝေဆာနေပြီး အဖြူရောင်ဝတ်ရုံနဲ့ ပုပ်ရဟန်းမင်းကြီး Francis ကတော့ ထောင်သောင်းချီတဲ့ ဝတ်ပြုဆုတောင်းသူတွေနဲ့အတူ ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ခြင်း အထိမ်းအမှတ်ဖြစ်တဲ့ Easter ပွဲကိုကျင်းပနေတာပါ။

အစဉ်အလာအတိုင်း ဆုတောင်းမေတ္တာပို့သတဲ့ အဲဒီပွဲမှာ ပုပ်ရဟန်းမင်းကြီးက “Happy Easter” ဆိုပြီး သူ့ရဲ့မေတ္တာပို့ နောက်ဆုံးစကား မတိုင်ခင်၊ စိတ်ထိခိုက်ဖွယ် သီရိလင်္ကာနိုင်ငံက ခရစ်ယာန်ဘုရားကျောင်းနဲ့ နေရာတချို့ ဗုံးခွဲတိုက်ခိုက်ခံရတဲ့ဖြစ်ရပ်အတွက် ကြေကွဲဝမ်းနည်း ရသလို၊ အခုဆုတောင်းပွဲလာကြတဲ့ ခရစ်ယာန်မိသားစုတွေကလည်း ထပ်တူထပ်မျှရှိကြောင်း ပြောကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ အစောပိုင်း ဆုတောင်းစကားမှာတော့ ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းဟာ ဘဝသစ်ဖြစ်ခြင်းရဲ့ အခြေခံ ဥပဒေသဖြစ်ပီး လူသားအားလုံးအတွက်ရော၊ အသိတရားနဲ့ နှလုံးသားထဲကပါ တကယ့်ကို အသစ်တဖန်ပြန်လည်မွေးဖွားခြင်းမျိုး ဖြစ်တယ်လို့ပြောပါတယ်။ ခုကစလို့ လာမယ့် ကမ္ဘာသစ်ကြီးမှာ အကုသိုလ်အကြောင်းတရားကနေ လွတ်မြောက်ကြပါစေလို့ သူကဆုတောင်းပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ နောက်ထပ် ဆုတောင်းသတင်းစကားထဲ ပထမအကြောင်းအရာက ဆီးရီးယားအရေးဖြစ်ပြီး၊ ယီမင်နဲ့လစ်ဗျားနိုင်ငံတွေမှာ ကြုံနေရတဲ့ စစ်ပွဲ၊ လူသားချင်းစာနာဖွယ် ဘေးဒုက္ခ၊ ငတ်မွတ်မှုတွေနဲ့ ပတ်သက်လို့လည်း ဆုတောင်းခဲ့ပါတယ်။

“ ခုသီတင်းပတ်တွေ အတွင်း သေဆုံးမှုတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ များလာစေတဲ့ လစ်ဗျားက ပဋိပက္ခနဲ့ သွေးမြေကျမှုတွေ အဆုံးသတ် နိုင်ပါစေ ။ ဆယ်စုနှစ်ကြာအောင် ဖြစ်လာခဲ့တဲ့ ပဋိပက္ခနဲ့ နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတာကို အဆုံးသတ်နိုင်ဖို့နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ နည်းလမ်းကို ရွေးချယ်ဖို့ တိုက်တွန်းလိုပါတယ်။”

ဒါ့အပြင် အာဖရိကတိုက်က Burkina Faso, Mali, Niger, Nigeria နဲ့ Cameroon စတဲ့နိုင်ငံတွေမှာ လူမှုရေးတင်းမာမှု ပဋိပက္ခတွေ၊ အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုနဲ့ အဖျက်အမှောင့် လုပ်ရပ်ကြောင့် သေဆုံးမှုတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးရဖို့ကိုလည်း ဆုတောင်းခဲ့သလို လက်ရှိမှာ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ဆူဒန်နိုင်ငံ အတွက်လည်း ဆုတောင်းပေးခဲ့ပါတယ် ။

“ အခုဆိုရင်ဆူဒန်နိုင်ငံရဲ့သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ချက်တွေ ရလာပါပြီ၊ နိုင်ငံရဲ့ပြန်လည်သင့်မြတ်ရေးကိစ္စနဲ့ အခြေနေကောင်းတွေဖြစ်လာအောင် ကိစ္စမှာ နိုင်ငံရေး လူမှုရေး ဘာသာရေး နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေအားလုံး တက်ကြွစွာနဲ့ တာဝန်ယူ လုပ်ဆောင်ဖို့ မေတ္တာရပ်ခံချင် ပါတယ်။ ”

ဒြါ့ပင် ဗင်နီဇွဲလားနိုင်ငံက အကြပ်အတည်းပြဿနာ ၊ Nicaragua ကအခြေနေတွေနဲ့ ပတ်သက်ပြီးလည်း ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာကြဖို့ ပုပ်ရဟန်း မင်းကြီးက တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG