သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး အာရှခရီးစဉ်အစ အင်ဒိုနီးရှားနိုင်ငံရောက်ရှိ


အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (စက်တင်ဘာ ၃၊ ၂၀၂၄)
အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (စက်တင်ဘာ ၃၊ ၂၀၂၄)

ပုပ်ရဟန်းမင်းကြီး FRANCIS ရဲ့ အာရှ-ပစိဖိတ် လေးနိုင်ငံခရီးစဉ်အတွင်း ပထမဆုံးနိုင်ငံအဖြစ် အင်ဒိုနီးရှားနိုင်ငံကို ဒီနေ့ပဲ ရောက်ရှိခဲ့ပါတယ်။ ခရီးရောက်မဆိုက် အိုးမဲ့အိမ်မဲ့တွေ၊ မိဘမဲ့တွေ၊ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။

အသက် ၈၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ဘာသာရေး အချင်းချင်းကြား ဆက်ဆံမှုတိုးမြှင့် နိုင်ဖို့အတွက် အစ္စလာမ်ဘာသာဝင် အများဆုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ကို ပထမဆုံး သွားရောက်ခဲ့တာဖြစ်ပြီး၊ ပါပူဝါနယူးဂီနီ၊ အရှေ့တီမောနဲ့ စင်ကာပူနိုင်ငံတို့ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ ၁၂ ရက်တာ ကြာမြင့်မှာပါ။ ပုပ်ရဟန်းမင်းကြီးကတော့ လေယာဉ်စီးချိန် အကြာဆုံးခရီးစဉ်တခုဖြစ်တယ်လို့ လေယာဉ်ပေါ်က ဆင်းဆင်းခြင်းမှာပဲ သတင်းထောက်တွေကို ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ အင်ဒိုနီးရှား သမ္မတ Joko Widodo နဲ့ ပုပ်ရဟန်းမင်းကြီးတို့ တွေ့ဆုံဖို့စီစဉ်ထားပါတယ်။ အင်ဒိုနီးရှား သမ္မတ Joko Widodo ကတော့ ဒီခရီးစဉ်ဟာ သမိုင်းဝင်ခရီးစဉ်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနဲ့ ဗာတီကန်ကြားမှာ ငြိမ်းချမ်းရေးနဲ့ ညီရင်းအကိုဆက်ဆံရေးအတွက် ကတိကဝတ်တွေ ရှိထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ကြာသပတေးနေ့မှာတော့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ၆ ဦးနဲ့ အရှေ့တောင်အာရှမှာ အကြီးဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်တဲ့ Istiqlal ဗလီမှာ တွေ့ဆုံဖို့ရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ အစ္စလာမ်ဘာသာဝင် ၈၇ ရာခိုင်နှုန်းရှိပြီး၊ ကက်သလစ်ဘာသာဝင်ကတော့ ၃ ရာခိုင်နှုန်းနီးပါးသာရှိတဲ့နိုင်ငံဖြစ်သလို၊ ပရိုတက်စတင့်၊ ဗုဒ္ဓဘာသာ၊ ကွန်ဖြူးရှပ်နဲ့ ဟိန္ဒူဘာသာတို့ကိုပါ တရားဝင် ကိုးကွယ်ခွင့်ပေးထားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

ဒီလို ဘာသာပေါင်းစုံကိုကွယ်ခွင့်ရှိနေပေမဲ့ ခရစ်ယာန်ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံမှုတိုးလာတဲ့အတွက် စိုးရိမ်မှုတွေကို ပုပ်ရဟန်းမင်းကြီးရဲ့ ဒီခရီးစဉ်မှာ ထုတ်ဖော်ပြောကြားဖို့ကိုလည်း ဒေသခံ ကက်သလစ်ဘာသာဝင်တွေက မျှော်လင့်နေကြပါတယ်။

ပုပ်ရဟန်းမင်းကြီး အာရှခရီးစဉ်အစ အင်ဒိုနီးရှားနိုင်ငံရောက်ရှိ
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG