သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး မြန်မာ နိုင်ငံ လာရောက်ဖို့ ကက်သလစ် အသင်းတော် ဖိတ်ကြား


ပုပ်ရဟန်းမင်းကြီး Francis
ပုပ်ရဟန်းမင်းကြီး Francis
မြန်မာနိုင်ငံကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကြွရောက်ဖို့ ဖိတ်ကြားထားတာကို သမ္မတ ဦးသိန်းစိန်အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ CBCM လို့ခေါ်တဲ့ မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်က လိုလားကြောင်း ပြောခွင့်ရ ခရစ်ယာန်ဆရာတော် တဦးက ဗွီအိုအေ ကိုပြောပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်က ၂၃ ရက်နေ့ အထိ မြန်မာနိုင်ငံမှာ သုံးရက်တာ ကျင်းပမယ့် ကက်သလစ် သာသနာ ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်ပွဲတော်ကို ပုပ်ရဟန်း မင်းကြီး ကြွရောက်ပေးဖို့ CBCM ဖိတ်ကြားထားတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြထားပါတယ်။

အခုလို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံကို ကြွဖို့ ဖိတ်ကြား ကမ်းလှမ်း ထားပေမယ့် လာဖြစ် မလာဖြစ်ကိုတော့ အခုချိန်ထိ ဗာတီကန် နန်းတော် ဘက်က အကြောင်းမပြန်သေးဘူးလို့ CBCM ခေါ် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်ရဲ့ပြောခွင့်ရ ဆရာတော် Father မောရစ်ညွန့်ဝေက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ ဖိတ်ကြားထားတာ မှန်ပေမဲ့လို့ ဟိုဘက် ဗာတီကန်ကနေပြီးတော့မှ တရားဝင်လာပါမယ်ဆိုတဲ့ အကြောင်းပြန်ချက်တော့ ကျနော်တို့ မရသေးဘူး ခင်ဗျ။ မနှစ် အောက်တိုဘာလကတည်းက ကျနော်တို့ ဖိတ်ထားပါတယ်။ နောက် ဒုတိယတကြိမ်လည်း ကျနော်တို့ ထပ်ဖိတ်ပါတယ်။ ဒါပေမဲ့လို့ ရဟန်းမင်းကြီး အနေနဲ့က သူ့ခရီးစဉ်တွေက အများကြီးရှိနေတဲ့အခါကျတော့ ကျနော်တို့ကို သူပေးနိုင်၊ မပေးနိုင်ကတော့ ကျနော်တို့ အတိအကျပြောလို့မရသေးပါဘူး။

ရဟန်းမင်းကြီးအနေနဲ့ကတော့ အာရှဘက်ကို လာဖို့ သူစိတ်ဝင်စားတယ်။ ဆန္ဒရှိတယ်ဆိုတာကိုပဲ သူပြောခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ပိုင်းနဲ့ပတ်သက်ပြီးတော့ ထုတ်ပြန်ကြေညာခြင်း ဘာမှ မရှိသေးပါဘူး။"

မြန်မာနိုင်ငံကို ကက်သလစ် သာသနာ ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်ပွဲတော်ကို ပုပ်ရဟန်းမင်းကြီး ကြွရောက်ပေးဖို့ဖိတ်ကြားထားတဲ့ကိစ္စမှာ မြန်မာအစိုးရဘက်က ပူးပေါင်းဆောင်ရွက်ပေးဖို့လိုလားကြောင်း Father ကပြောပြပါတယ်။

"တကယ်လို့သာ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့လည်းပဲ သူတို့က စိတ်ဝင်စားပြီးတော့ကာ သူတို့ဘက်က လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ကျနော်တို့ လုံခြုံရေးကိစ္စတွေ ဘာတွေ အတွက်ပါ။ ပိုပြီးတော့ စိတ်ချရတာပေါ့လေ။ နောက်ပြီးတော့ မြန်မာပြည်ရဲ့ ဗုဒ္ဓ ဘာသာရဲ့ သဘောထားကြီးမှုနဲ့ သူတို့ရဲ့ မျက်နှာစာအမှန်ကိုလည်းပဲ သူများတွေ သိသွားတာပေါ့လေ။"

ဆက်လက်ပြီးတော့ နှစ် (၅၀၀) ပြည့်ပွဲတော်ကျင်းပရတဲ့ရည်ရွယ်ချက်ကို အခုလိုရှင်းပြပါတယ်။

" အခုလို နှစ်(၅၀၀)ပြည့် ဆိုတာကတော့ ကက်သလစ် ဘာသာဝင်တွေ မြန်မာပြည် ကို စပြီးခြေချတဲ့ အချိန်ကို အဓိက ထားပြီးတော့ကာ ပြန်ပြီးတော့ ကျင်းပတာပါ။ သာသနာလာပြုတဲ့နှစ်တွေကို ကျင်းပတာမဟုတ်ပဲနဲ့ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေ မြန်မာပြည်ကို စတင်ရောက်ရှိတဲ့ နှစ်(၅၀၀)ရှိပြီ။ မြန်မာပြည်မှာ ရှိတဲ့သူတွေနဲ့ လည်း နှစ်ပေါင်းများစွာ တွဲပြီးတော့မှ အသက်ရှင်နေထိုင်ခဲ့ တယ်ဆိုတဲ့ အတူတကွ ယှဉ်တွဲနေထိုင်ခြင်းကို ပိုပြီးတော့သိလာရလေအောင် အတိတ်တုန်းက ဘာသာဝင်တွေအနေနဲ့ အမှားတွေ ရှိခဲ့ရင်လည်း တောင်းပန်ဖို့ပေါ့လေ။ ကောင်းတာလေးတွေ ရှိလို့ရှိရင် လည်း နောင်လာနောင်သားတွေက အတုယူပြီးတော့ နိုင်ငံတော် တည်ဆောက်ရေးမှာ တတပ်တအားနဲ့ ပါဝင်ပြီးတော့ကာ လုပ်ဆောင်ကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပွဲတော်ကျင်းပခြင်းဖြစ်ပါတယ်။"

နှစ် (၅၀၀) ပြည့်ပွဲတော်ကို ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် မလာရောက်နိုင်ဘူးဆိုရင် ကိုယ်စားလှယ်အဖြစ် အခြား ဆရာတော် တစ်ပါးကို စေလွှတ်မှာဖြစ်တယ်လို့ ဗာတီကန် နန်းတော် ဘက်က ပြောဆိုထားကြောင်း မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်ကဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ရဲ့ နောက်ဆုံး ဥပရောပခရီးစဉ်အတွင်းမှာလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ဗာတီကန် နန်းတော်မှာ သွားရောက်တွေ့ဆုံခဲ့တာပါ။ အလားတူ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နဝပ်ကလည်း ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံခဲ့ရာမှာ ထိုင်းနိုင်ငံကို ကြွရောက်ချီးမြှင့်ဖို့ ထိုင်းဝန်ကြီးချုပ်အနေနဲ့ ဖိတ်ကြားခဲ့ တယ်လို့ နိုင်ငံတကာသတင်းတွေမှာဖေါ်ပြခဲ့ပါတယ်။
XS
SM
MD
LG