သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘိန်းစိုက်တောင်သူ အစားထိုးသီးနှံနဲ့ ဘဝရပ်တည်ရေး


ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ပတ်ခ ကျေးရွာအနီးရှိ ဘိန်းစိုက်ခင်းတစ်ခု။ ဓါတ်ပုံ - (AP Photo/Gemunu Amarasinghe)
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ပတ်ခ ကျေးရွာအနီးရှိ ဘိန်းစိုက်ခင်းတစ်ခု။ ဓါတ်ပုံ - (AP Photo/Gemunu Amarasinghe)

ပြည်နယ် ၃ပြည်နယ်က ဘိန်းစိုက်တောင်သူတွေက ကယားပြည်နယ်လွိုင်ကော်မြို့မှာ ၃ရက်ကြာ ညီလာခံကျင်းပခဲ့ပြီးတဲ့နောက် ဘိန်းစိုက်တောင်သူတွေက သူတို့ဟာ စားဝတ်နေရေး အခက်အခဲကြောင့် စိုက်ပျိုးတာသာဖြစ်တဲ့အတွက် ရာဇဝတ်သားအဖြစ် မသတ်မှတ်ဘဲ တည်ဆဲမူးယစ်ဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့အတွက် တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ဘိန်းစိုက်တောင်သူတွေရဲ့ ညီလာခံကို ဒီလ ၅ရက်နေ့ကနေ ၇ရက်နေ့အထိ ကျင်းပခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ကချင်နဲ့ ကယားပြည်နယ်က ဘိန်းစိုက်တောင်သူနဲ့ ကိုယ်စားလှယ် ၃၀ကျော် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ဘိန်းစိုက်တောင်သူတွေရဲ့ အခက်အခဲတွေကို ဆွေးနွေးဖလှယ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက ဒီအခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ညီလာခံကို ကျင်းပခဲ့တာဖြစ်ပြီး ဒီညီလာခံဟာ ၄ကြိမ်မြောက် ညီလာခံ လည်း ဖြစ်ပါတယ်။

ဘိန်းစိုက်တောင်သူတွေရဲ့ အဓိက လိုလားချက်ကိုတော့ ဒီညီလာခံကို ပါဝင် တက်ရောက်ခဲ့သူတဦးဖြစ်တဲ့ ခွန်းမြင့်နိုင်က အခုလို ပြောပါတယ်။

“ဆေးဝါးသုံးတာမျိုးတွေရှိပါတယ်။ ဆေးဝါးဆိုတာက ရိုးရာဆေးဝါးအဖြစ် သုံးတာမျိုးတွေ ပေါ့လေ။ စီးပွားဖြစ် နည်းနည်းပါးပါး ရောင်းတာမျိုးတွေ ရှိပါတယ်။ အဲဒါတွေကိုလည်းပဲ ဝမ်းစာ အခက်အခဲ ဆင်းရဲနွမ်းပါးမှုကို ဖြေရှင်းဖို့အတွက် လုပ်နေတာမျိုးပဲ ရှိတယ်။ ဥပဒေလမ်းကြောင်းအရ တရားမဝင်တာကို သူတို့ ဖော်ပြချင်တာပေါ့လေ။”

ညီလာခံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဘိန်းစိုက် တောင်သူတွေ အတွက် ရေရှည်တည်တံမယ့် အစားထိုးသီးနှံ စိုက်ပျိုးရေးအစီအစဉ်နဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကိုမဖော်ဆောင်ပေးနိုင်သမျှ ဘိန်း တိုက်ဖျက်ရေးကို ရှောင်ကြဉ်သင့်ကြောင်း၊ ကာလတခုအထိ ဘိန်းစိုက် ခွင့်ပြုသင့်ကြောင်း ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ တည်ဆဲမူးယစ်ဆေးဝါးဥပဒေတွေကို ပြန်လည်သုံးသပ်ပြီး ပတ်သက်သူတွေအားလုံး သဘောတူတဲ့ မူဝါဒမျိုးရေးဆွဲ ဖို့နဲ့ ဆေးဝါးထုတ်လုပ်ရေးအတွက် တရားဝင် လိုင်စင်နဲ့ စိုက်ပျိုးနိုင်မယ့် နည်းလမ်းတွေ ရှာကြံဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာတော့ Pat Jasan ခေါ် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ကတော့ ကချင်ပြည်နယ်မှာ စိုက်ပျိုးတဲ့ ဘိန်းခင်းတွေကို မြို့နယ်အလိုက် စုပေါင်း ဖျက်ဆီးနေတာတွေရှိပါတယ်။ မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အကြံပေးဆောင်ရွက်နေတဲ့ ဒေါက်တာ ခလပ်ဆမ်ဆွန်ကတော့ တရုတ်မြန်မာနယ်စပ် ကန်ပိုက်တီးဒေသဖက်မှာ အိမ်နီးချင်းနိုင်ငံက လာရောက်ပြီး ဘိန်းစိုက်ပျိုးတာတွေ ရှိနေကြောင်းထောက်ပြခဲ့ဖူးပါတယ်။

“ကျွန်တော်တို့ လေ့လာရသလောက်တော့၊ နယ်ခံ တိုင်းရင်းသားတွေက ဘိန်းစိုက်ခြင်း လုပ်နိုင်တာ မရှိဘူး။ပိုက်ဆံ မရှိရင် ဘိန်းခင်း လုပ်လို့မရဘူး။ လုပ်ရင်လည်း တပိုင် တစ်နိုင်လောက်ပဲ။ ဧက ၃၀၊ ၄၀၊ ၁၀၀ လောက်များအောင် လုပ်လို့ မရဘူး။ အဲဒါကတော့ဟိုဘက်က တရုတ်တွေ လာလုပ်တာပဲ။ ကျွန်တော်တို့ ခန့်မှန်းတာကတော့ ဧက တစ်သောင်းကျော် ကျော်ကတော့ ခုတ်ဖို့ လိုသေးတယ်။ ”

မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတားဆီးနှိပ်နင်းရေးတပ်ဖွဲ့က ရဲမှုးကြီး ဇော်လင်းထွန်းက လက်ရှိဆောင်ရွက်နေတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“၁၉၉၃ ခုနှစ် ဥပဒေထဲမှာတော့ ဘိန်းစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း ဒီဟာတွေဟာ ဥပဒေနဲ့ ငြိစွန်းတဲ့ အပိုင်းတော့ ရှိပါတယ်။ သို့သော်လည်းပဲ တစ်ဖက်က ပြန်ကြည့်တဲ့ အခါမှာ စားဝတ်နေရေးအတွက် စိုက်ပျိုးတာ ဖြစ်တယ်။ အဲဒီတော့ သူတို့ကို ဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်ဖို့၊ လုပ်ပေးမှ ဘိန်းစိုက်ပျိုးမှုကို စွန့်လွှတ်မယ် ဆိုတာ မှန်ပါတယ်။ အဲဒီအတွက်လည်း ဒီနေ့အထိပေါ့နော်။ ဒီဥပဒေ ပြဒါန်းပြီးနောက်မှာ ဥပဒေထဲမှာတော့ ဒီလို ပါသော်လည်းပဲ၊ ယနေ့အထိ ဘိန်းစိုက်ပျိုးလို့ တောင်သူကို ဖမ်းဆီးအရေးယူခြင်း မရှိပါဘူး။ နိုင်ငံတော် အစိုးရအနေနဲ့ မူးယစ်ဗဟို အဖွဲ့အနေနဲ့ နားလည်ထားပါတယ်။ သူတို့ ပြောသလိုပဲ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဖို့ အမြဲတမ်းပဲ ကြိုးပမ်းနေပါတယ်။”

မြန်မာနိုင်ငံ မှာ မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ၁၉၉၉ ခုနှစ်ကစပြီး ၁၅ နှစ် စီမံကိန်း ချမှတ် အကောင်အထည်ဖော်ခဲ့ရာမှာ၂၀၁၄ အထိ ဘိန်းနဲ့ စိတ်ကြွဆေး ထုတ်လုပ်မှု ပမာဏ ဆက်လက် မြင့်လာနေတဲ့အတွက် ၂၀၁၉ ခုနှစ်အထိ စီမံကိန်းကာလကို နောက်ထပ် ၅ နှစ် တိုးမြှင့်ထားရပါတယ်။

လွိုင်ကော်မြို့မှာ ကျင်းပခဲ့တဲ့ ဘိန်းစိုက်တောင်သူတွေရဲ့ ညီလာခံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ နိုင်ငံရေးစကားဝိုင်းတွေမှာ မူးယစ်ဆေးဝါး ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးအဖြေရှာမယ့် သီးခြားအစီအစဉ်တွေ ထည့်သွင်းဖို့ ကိုလည်း တောင်းဆိုထားပါတယ်။

XS
SM
MD
LG