သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အကြံပေးအဖွဲ့ ဖွဲ့

Internally displaced Rohingya people take shelter in a building ahead of the arrival of Cyclone Mahasen, in Sittwe, northwestern Rakhine State, Burma, May 15, 2013.
Internally displaced Rohingya people take shelter in a building ahead of the arrival of Cyclone Mahasen, in Sittwe, northwestern Rakhine State, Burma, May 15, 2013.

နိုင်ငံတော်သမ္မတအတွက် အကြံပေးအဖွဲ့ကို အဖွဲ့ဝင် ၉ ယောက်နဲ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။ သမ္မတက အကြံပေးအဖွဲ့ ဖွဲ့တယ်ဆိုတာဟာ နိုင်ငံတကာမှာ လုပ်နေကြတဲ့ နည်းလမ်းနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ အကြံဉာဏ်တွေကို ပေးသွားမှာ ဖြစ်တယ်လို့ အကြံပေးအဖွဲ့မှာပါတဲ့ ပညာရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။ အကြံဉာဏ်တောင်းပြီးရင် တကယ် အကောင်အထည်ဖော်ဖို့တော့ လိုတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေမှာ ပြဋ္ဌာန်းချက်နဲ့အညီ နိုင်ငံတော်သမ္မတက အကြံပေးအဖွဲ့ကို ဖွဲ့စည်းလိုက်တဲ့အကြောင်း ဧပြီလ ၁၉ ရက် နေ့စွဲနဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့တာပါ။ အကြံပေးအဖွဲ့ကို နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေရေးရာလို့ သုံးဖွဲ့ခွဲထားပြီး တဖွဲ့ဆီမှာ အဖွဲ့ခေါင်းဆောင် ၁ ယောက်၊ အဖွဲ့ဝင် ၂ ယောက်၊ ပေါင်း ၃ ယောက်နဲ့ စုစုပေါင်း ၉ ယောက် ပါဝင်ပါတယ်။ အကြံပေးပုဂ္ဂိုလ်စာရင်း အပြည့်အစုံကို အဖွဲ့ထဲမှာ ပါဝင်တဲ့ စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်က ဗွီအိုအေကို ပြောပြပါတယ်။

“စီးပွားရေး အကြံပေးအဖွဲ့မှာ နံပါတ် ၁ - ဒေါက်တာ ဦးမြင့် ကျနော်ပေါ့ဗျာ၊ အဖွဲ့ခေါင်းဆောင်၊ နံပါတ် ၂ - ဦးဆက်အောင် အဖွဲ့ဝင်၊ နံပါတ် ၃ - ဒေါက်တာ တင်လှဗိုလ်၊ နိုင်ငံရေး အကြံပေးအဖွဲ့ နံပါတ် ၁ - ဦးကိုကိုလှိုင် အဖွဲ့ခေါင်းဆောင်၊ နံပါတ် ၂ - ဒေါက်တာ နေဇင်လတ် အဖွဲ့ဝင်၊ ဦးရဲတင့် အဖွဲ့ဝင်၊ နောက် ဥပဒေ အကြံပေးအဖွဲ့ နံပါတ် ၁ - ရဲမှူးကြီး စစ်အေး(ငြိမ်း) အဖွဲ့ခေါင်းဆောင်၊ နံပါတ် ၂ - ဒေါ်ခင်မျိုးမြင့် အဖွဲ့ဝင်၊ နံပါတ် ၃ - ဦးသန်းကျော် အဖွဲ့ဝင်။”

ဒေါက်တာ ဦးမြင့်ဟာ ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် ပညာရေးတက္ကသိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေး ကော်မရှင်၊ အာရှနဲ့ ပစိဖိတ်ဒေသရုံးမှာ ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံတွေရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေး မူဝါဒများ လေ့လာဆန်းစစ်ရေး ဌာနခွဲမှူး၊ အထက်တန်း စီးပွားရေး ပညာရှင် စသည်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

စီးပွားရေး သုတေသန စာတမ်းတွေ၊ ဆွေးနွေးပွဲတွေအတွက် အထောက်အကူပြု စာတမ်းတွေ၊ အာရှနဲ့ ပစိဖိတ်ဒေသရဲ့ စီးပွားရေးနဲ့ လူမှုရေးစစ်တမ်း စာစောင်တွေ ပြုစုရေးသားခဲ့သလို မြန်မာနိုင်ငံ ဝိဇ္ဇာနဲ့သိပ္ပံ ပညာရှင် အဖွဲ့မှာ အဖွဲ့ဝင်တဦးဖြစ်ပြီး ပြည်တွင်း စီးပွားရေးကဏ္ဍနဲ့ ပတ်သက်လို့ ဟောပြော ဆွေးနွေး ပို့ချတာတွေ၊ အကြံဉာဏ်ပေးတာတွေ လုပ်နေသူ ဖြစ်တယ်လို့ ၂၀၀၉ ခုနှစ်၊ မတ်လထုတ် Living Color မဂ္ဂဇင်းကို ကိုးကားပြီး ဝီကီမြန်မာ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သူ့အနေနဲ့ ဖြစ်သင့်တဲ့ အကြံဉာဏ်တွေကို ပေးသွားမှာ ဖြစ်တယ်လို့ ဒေါက်တာ ဦးမြင့်က ပြောပါတယ်။

“ဘယ်နိုင်ငံမှာမဆို သမ္မတ အနေနဲ့ကတော့ အကြံပေးအရာရှိတွေ ဖွဲ့တာပေါ့ဗျာ။ ဒါ အပြည်ပြည်ဆိုင်ရာ International Practice နဲ့ ညီတယ်ပေါ့။ ဒီဟာတော့ တခါမှ မကြုံခဲ့ရဘူးပေါ့။ အခြေအနေက မတူတဲ့ဟာလေး ဖြစ်နေတာပေါ့။ နိုင်ငံတော် အကြီးအကဲက တခါမှ ဆရာ့ကို ခေါ်တွေ့တာလည်း မရှိဘူး။ ၁၆ နှစ်ရှိပြီ။ တခါမှ မရှိဘူး။ ဒါလေးက နည်းနည်း ထူးခြားတာပေါ့။ ဆရာလည်း ပေးမှာပဲ၊ ကြိုက်တာ မကြိုက်တာတော့ ဆရာ မသိဘူး။ သူတို့ကလည်း ဆရာ့ကို ပေးပါလို့ ပြောထားတယ်။ ဖြစ်တာ မဖြစ်တာတော့ ဆရာ မသိဘူး။ ပေးမှာတော့ သေချာတယ်၊ မပူနဲ့။”

၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက် ကာကွယ်ရေးဦးစီးချုပ် ဖြစ်သူက တိုင်းပြည်အာဏာ အရပ်ရပ်ကို ချုပ်ကိုင်ပြီး စစ်အာဏာရှင်ပုံစံ အုပ်ချုပ်ခဲ့တာပါ။ အခု သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ မပေါ်ခင်ထိ အုပ်ချုပ်ခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ အကြံပေးအဖွဲ့ရှိတယ် ဆိုတာမျိုး၊ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေဆီက အကြံဉာဏ်တောင်းတယ် ဆိုတာမျိုး တခါမှ မကြားခဲ့ရဖူးပါဘူး။

အကြံပေးအဖွဲ့ဆီကနေ လိုအပ်တဲ့ အကြံဉာဏ်တွေကို တောင်းယူပြီး အကောင်အထည်ဖော်ဖို့လည်း လိုမယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အကြံပေးတဲ့ဟာကို လိုက်နာရင်တော့ ကောင်းမှာပေါ့။ အကြံပေးတာကို အကြံပဲ ယူပြီးတော့ မလိုက်နာရင်တော့လည်း အကျိုးမရှိဘူးပေါ့။ ကျနော် အကြံပေးချင်တာက တကယ် လိုအပ်တာကို အကြံဉာဏ် တောင်းဖို့ပါ။ တောင်းပြီးရင်လည်း လေးလေးစားစား ထည့်သွင်း စဉ်းစားဖို့ လိုမယ်လေ။ ဒါ အဓိကပါပဲ။”

သမ္မတဟာ အကြံပေးအဖွဲ့ကို သင့်လျော်တဲ့ ဦးရေနဲ့ ဖွဲ့စည်းနိုင်တယ်၊ အကြံပေးအဖွဲ့ဝင်တွေ ခံစားခွင့်ရှိတဲ့ ချီးမြှင့်ငွေ၊ စရိတ်နဲ့ အဆောင်အယောင်တွေကို ပြည်ထောင်စုအစိုးရ အဖွဲ့က သတ်မှတ်ပြီး အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာရန်ပုံငွေကနေ ကျခံရမယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ အဲဒီနှစ်ချက်ကလွဲပြီး အကြံပေးအဖွဲ့နဲ့ ပတ်သက်တဲ့ အကျယ်တဝင့် ပြဋ္ဌာန်းချက်တွေ မရှိပါဘူး။ အကြံပေးအဖွဲ့တွေနဲ့ အကြံပေး ပုဂ္ဂိုလ်တွေကို ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းကနေစပြီး ဖွဲ့စည်း ခန့်အပ်လိုက်တဲ့အကြောင်း ဧပြီလ ၁၉ ရက် နေ့စွဲတပ် အမိန့်ကြော်ငြာစာနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့၊ အတွင်းရေးမှူး လက်မှတ်ထိုးပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပေမဲ့ ခုချိန်ထိတော့ နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

This item is part of
XS
SM
MD
LG