သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန် ကနေဒါလွှတ်တော်မှာ မိန့်ခွန်းပြောမည်


ကနေဒါနိုင်ငံ Ontario ပြည်နယ် Ottawa မြို့တော်မှာရောက်ရှိနေတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (မတ် ၂၃၊ ၂၀၂၃)
ကနေဒါနိုင်ငံ Ontario ပြည်နယ် Ottawa မြို့တော်မှာရောက်ရှိနေတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (မတ် ၂၃၊ ၂၀၂၃)

ကနေဒါနိုင်ငံကို ရောက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကနေဒါဝန်ကြီးချုပ်ဂျက်စတင်ထရူးဒိုးနဲ့ ဒီကနေ့ နှစ်နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲတွေ ကျင်းပဖို့ရှိသလို၊ ကနေဒါ လွှတ်တော်မှာလည်း ဒီကနေ့ မိန့်ခွန်းပြောဖို့ ရှိပါတယ်။ Ottawa မြို့က ကနေဒါ ဝန်ကြီးချုပ်ရုံးမှာ ဒီကနေ့ မနက်ပိုင်း ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပြီးတာနဲ့ ကနေဒါအစိုးရဝန်ကြီးတွေပါပါဝင်တဲ့ ထိပ်သီးဆွေးနွေးပွဲတွေ ဆက်လုပ်သွားမှာပါ။

နှစ်နိုင်ငံ မဟာမိတ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့၊ ရွှေ့ပြောင်းဝင်ရောက်သူတွေ အရေး၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် ယူကရိန်းစစ်ပွဲနဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတွေကို ပူးပေါင်း တုံ့ပြန်ရေး ကိစ္စတွေ အဓိက ဆွေးနွေးကြလိမ့်မယ်လို့ နှစ်ဘက် အစိုးရ အရာရှိတွေက ပြောဆိုထားပါတယ်။ နှစ်နိုင်ငံလုံးအတွက် အရေးပါတဲ့ မြောက်အမေရိကား လေကြောင်းရန်ကာကွယ်ရေး ကွပ်ကဲမှုတွေ အဆင့်မြင့်ရေးကိစ္စ အမြန်ဆုံး အကောင်အထည် ဖော်ဖို့ နဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူတွေနဲ့ ပတ်သက်လို့လည်း စည်းမျဉ်းစည်းကမ်းသစ်တွေ ပါတဲ့ သဘောတူညီချက်သစ် ရယူဖို့ အဓိက ရည်မှန်းထားတဲ့အကြောင်းလည်း အမည်မဖော်လိုတဲ့ နှစ်ဘက် အစိုးရအရာရှိတွေက ပြောပါတယ်။ နှစ်နိုင်ငံ သဘောတူညီချက်တွေကိုတော့ ဒီကနေ့ တရားဝင် ထုတ်ပြန်ကြေညာမယ်လို့ ခန့်မှန်းရပါတယ်။

ဒီကနေ့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးပြီး၊ ကနေဒါ ပါလီမန်မှာလည်း သမ္မတ ဘိုင်ဒန် စကားပြောပြီးတာနဲ့ ခေါင်းဆောင်နှစ်ဦး ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပမှာပါ။ သမ္မတဘိုင်ဒန်ဟာ အမေရိကန်သမ္မတ တာဝန်ယူပြီးတဲ့နောက် အိမ်နီးချင်း ကနေဒါ နိုင်ငံကို ပထမဆုံး သွားရောက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG