သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဇာကို ဆက်မတိုက်ဘူးလို့ သမ္မတ ပြော


အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ သမ္မတ ဦးသိန်းစိန် ရန်ကုန်မြို့ မှာ တွေ့ဆုံစဉ်။ (ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၁၃)။
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ သမ္မတ ဦးသိန်းစိန် ရန်ကုန်မြို့ မှာ တွေ့ဆုံစဉ်။ (ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၁၃)။
အစိုးရစစ်တပ်အနေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို ဆက်ပြီးတော့ ထိုးစစ်ဆင် တိုက်ခိုက်မှာမဟုတ်ဘူးလို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့ မှာ ဒီကနေ့ တွေ့ဆုံချိန်အတွင်း သမ္မတဦးသိန်းစိန်က အဲဒီလို ပြောခဲ့တာပါ။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ ကို နိုင်ငံတော်သမ္မတ တယောက်အနေနဲ့ အသိအမှတ်ပြုပြီးတော့ အစိုးရအဖွဲ့အနေနဲ့လည်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ နောက်ပိုင်းမှာ လက်တွဲလုပ်ဆောင်လာအောင် စီစဉ်သွားမယ်လို့ အဖွဲ့အစည်း ၈၀ ကျော်နဲ့ တွေ့ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။ အပြည့်အစုံကိုတော့ တွေ့ဆုံပွဲမှာ ကိုယ်တိုင်သွားပြီးသတင်းယူခဲ့တဲ့ ဗွီအိုအေရဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

အစိုးရစစ်တပ်အနေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို ဆက်ပြီးတော့ ထိုးစစ်ဆင် တိုက်ခိုက်မှာမဟုတ်ဘူးလို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့ မှာ ဒီကနေ့ တွေ့ဆုံချိန်အတွင်း သမ္မတဦးသိန်းစိန်က အဲဒီလို ပြောခဲ့တာပါ။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ ကို နိုင်ငံတော်သမ္မတ တယောက်အနေနဲ့ အသိအမှတ်ပြုပြီးတော့ အစိုးရအဖွဲ့အနေနဲ့လည်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ နောက်ပိုင်းမှာ လက်တွဲလုပ်ဆောင်လာအောင် စီစဉ်သွားမယ်လို့ အဖွဲ့အစည်း ၈၀ ကျော်နဲ့ တွေ့ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။ အပြည့်အစုံကိုတော့ တွေ့ဆုံပွဲမှာ ကိုယ်တိုင်သွားပြီးသတင်းယူခဲ့တဲ့ ဗွီအိုအေရဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကချင် ပြည်နယ်ကို ထိုးစစ်ဆင်တာတွေ ရပ်ပြီလို့ ပြောပြီး တရက်အကြာ ရန်ကုန်မြို့မှာ ဒီကနေ့ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ KIO ဗဟိုဌာနချုပ် ရှိရာလိုင်ဇာကို ထပ်မံ ထိုးစစ်ဆင်တာတွေ လုပ်တော့မှာမဟုတ်ဘူးလို့ အတည်ပြု ပြောကြားလာပါတယ်။

“KIA/KIO ရဲ့ လိုင်ဇာဌာနချုပ်ဟာ ကျနော်တို့ တပ်တွေနဲ့ လက်တကမ်းအကွာမှာ ရှိပါတယ်။ ဒီ KIA/KIO ရဲ့ လိုင်ဇာဌာနချုပ်ကို အပြီးတိုင် ချေမုန်း သိမ်းယူခြင်း မပြုလုပ်ဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး လိုလားတယ်ဆိုတဲ့အချက်ကို သက်သေထူခြင်းပဲ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိတဲ့အထိ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိအချိန်မှာ KIO/KIA ကလွဲလို့ ကျန်အဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီး ဖြစ်ပါတယ်။”

ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်အရှိန်တွေကို လျှော့ချဖို့ တပ်မတော်ကို သမ္မတ က အမိန့်ပေးပြီးဖြစ်ကြောင်းနဲ့ နောက်ပိုင်းမှာ ထိုးစစ် ဆင်တာတွေ မရှိနိုင်တော့ဘူး လို့လည်း သမ္မတက ထပ်လောင်း ပြောခဲ့ပါသေးတယ်။

မနေ့က နေပြည်တော်မှာကျင်းပတဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်မှာ မိန့်ခွန်းပြောကြားစဉ်တုန်း ကလည်း သမ္မတတယောက်အနေနဲ့ KIO/KIA ကို ငြိမ်းချမ်းရေး ကမ်းလှမ်းထားပြီလို့လည်း ပြောခဲ့ပါသေးတယ်။

နိုင်ငံတော် သမ္မတ က ပြည်တွင်းမှာရှိနေတဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ လက်ရှိ နိုင်ငံတည်ဆောက်ရေး ကဏ္ဍမှာ အလွန်အရေးပါနေပြီးတော့ သမ္မတ အနေနဲ့ အရပ်ဘက် လူမှု အခြေပြု အဖွဲ့အစည်းတွေရဲ့ ဆောက်ရွက်ချက်တွေ ကို အသိအမှတ်ပြုတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတော် သမ္မတကို အရပ်ဘက် လူမှု အဖွဲ့အစည်းတွေက သူတို့ရဲ့ ရပ်တည်ရေးကိစ္စ နဲ့ မှတ်ပုံတင်နိုင်ရေး ကိစ္စတွေကိုလည်း ဒီကနေ့ တွေ့ဆုံပွဲမှာ တင်ပြခဲ့ကြပြီး အရပ်ဘက် လူမှု အဖွဲ့အစည်းတွေရဲ့ တရားဝင် မှတ်ပုံတင် ရရှိရေး အခြေအနေဟာလည်း အခက်အခဲတွေ ရှိနေသေးတယ်လို့ ပြောကြားသွားခဲ့ကြပါတယ်။

နိုင်ငံတော် သမ္မတ က လက်ရှိ လူမှု အဖွဲ့အစည်းတွေနဲ့ ဒီတကြိမ် တွေ့ဆုံမှုဟာ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပြီး နောက်ပိုင်းမှာလည်း အခုလိုမျိုး တွေ့ဆုံမှုတွေ ပြုလုပ်သွားဖို့ ရှိပြီး အခမ်းအနား ဆန်ဆန် မဟုတ်ဘဲ သက်ဆိုင်ရာ ပြည်ထောက်စု အစိုးရ၊ ဒါမှမဟုတ် ပြည်နယ် အစိုးရတွေက အရပ်ဘက် လူမှု အဖွဲ့အစည်းတွေနဲ့ အတူတကွ တွေ့ဆုံနိုင်အောင် ပြုလုပ်ပေးသွားဖို့ ရှိတယ်လို့လည်း သမ္မတ ဦးသိန်းစိန်က ပြောသွားပါတယ်။

“ဒါကို အစိုးရပိုင်းကလည်း အရပ်ဘက် အဖွဲ့အစည်းတွေ၊ state holders တွေ၊ ဒါတွေကို အကူအညီတွေ ပေးဖို့ ကျနော်တို့ လိုအပ်သလို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တခြား အဖွဲ့အစည်းတွေကလည်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ဝိုင်းပြီးတော့ အကူအညီပေးဖို့၊ ကူညီထောက်ပံ့ပေးဖို့၊ ဝိုင်းရံပြီးတော့ ဆောင်ရွက်ပေးသွားဖို့ ဒါ ကျနော်တို့ လိုအပ်ချက် ဖြစ်ပါတယ်။ ပြောကြမယ်ဆိုရင်တော့ ကျနော်တို့တွေက ခုနကလို တလှေတည်းစီးပြီးတော့ တခရီးတည်းသွားနေတဲ့ အဖွဲ့အစည်းတွေ၊ တလှေတည်းစီးပြီးတော့ တခရီးတည်းသွားနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ကျနော်တို့ အစိုးရချည်းပဲ လုပ်နေလို့ မရဘူး။ အခုလိုပဲ အရပ်ဘက် အဖွဲ့အစည်းတွေ၊ တခြား NGO တွေ၊ တခြား လူမှုရေးအဖွဲ့အစည်းတွေ၊ စသည်အားဖြင့် state holders တွေ အားလုံး ကျနော်တို့ ပူးပေါင်းပြီးတော့ လုပ်သွားမှပဲ အောင်မြင်မယ် ဆိုပြီးတော့ ပြောချင်ပါတယ်။”

လက်ရှိ ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်း ၈၀ ကျော်ဟာ နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့ ကြပြီး အခုလို တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေထဲမှာ အများစုကတော့ မှတ်ပုံတင် မရှိသေးတဲ့ အဖွဲ့အစည်းတွေက များနေတာကို တွေ့ရပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အခုလို အရပ်ဘက် လူမှု အဖွဲ့အစည်းတွေရဲ့ ရှေ့ဆက်သွားရမယ့် အခြေအနေတွေကို နားထောင်ပြီး တွေ့ဆုံခွင့် ရရှိခဲ့တဲ့အပေါ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂက မဖြိုးဖြိုးအောင်က သူ့ရဲ့အမြင်ကို အခုလို ပြောပြပါတယ်။

“တကယ်စကားပြောခွင့် ရတဲ့သူ ၁၂ ယောက်လောက် ရှိတယ်။ ၁၂ ယောက်မှာလည်း ၆ ယောက်လောက်က အစိုးရနဲ့ ဆက်စပ်ပြီး လုပ်နေတဲ့ အဖွဲ့အစည်းတွေက ဖြစ်နေတော့ ကျမတို့က ဒီကိစ္စတွေမှာ အားမရပါဘူးရှင့်။ ဒီနေ့ တွေ့ဆုံ ဆွေးနွေးတဲ့ပွဲကို ကျမ အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရင် လုံး၀ အားမရပါဘူးရှင့်။”

ဒီကနေ့ တွေ့ဆုံပွဲကို အစိုးရ ဝန်ကြီး ပိုင်းတွေထဲက ပြည်ထောင်စု ဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးဝင်းမြင့် တို့ တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တွေ့ဆုံပွဲမှာ အချို့ အဖွဲ့အစည်းတွေက နိုင်ငံတော်သမ္မတကို သူတို့ရဲ့ အခက်အခက်တွေနဲ့ တိုင်းပြည်မှာ တကယ်ဖြစ်နေတဲ့ ဖြစ်ရပ်တွေကို တင်ပြခွင့် မရရှိခဲ့လို့ အများစုကလည်း စိတ်ပျက်တယ်လို့ ပြောခဲ့တာတွေ ရှိပါတယ်။
XS
SM
MD
LG