သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာလွှဲပြောင်းမှု ချောမွေ့ စေရေး ဆောင်ရွက်နေ ဟု သမ္မတ ထုတ်ပြန်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်။

အစိုးရ အပြောင်းအလဲ ဖြစ်စဉ်အောင်မြင်ချောမွေ့စေဖို့ အစိုးရအဖွဲ့အစည်းအားလုံးနဲ့ ဝန်ထမ်း အားလုံးကို လိုအပ်တဲ့ ညွှန်ကြားချက်တွေပေးပြီး အစီအစဉ်တွေကို စနစ်တကျ လုပ်ဆောင်နေတယ်လို့ သမ္မတကပြောဆိုလိုက်ပါတယ်။ အစိုးရ အပြောင်းအလဲကို ညင်သာစွာ တာဝန်လွဲပြောင်းပေးနိုင်ဖို့ ကြိုးစား လုပ်ဆောင်နေ တယ်လို့လည်း ပြောဆိုထားပါတယ်။ ဒီအပေါ် ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံစဉ်က တိုင်ပင်ဆွေးနွေး ခဲ့တယ်လို့လည်းပြောပါတယ်။ လက်ရှိနိုင်ငံရေး အပြောင်းအလဲအပေါ်မှာ နိုင်ငံရေး လေ့လာ ညသုံးသပ်သူတွေနဲ့ လူမှုရေး လုပ်ဆောင်နေသူတွေကတော့ အကောင်းမြင်နေကြတဲ့သဘောရှိပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းကမေခကပေးပို့ ထား ပါတယ်။

ဒီကနေ့မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်သူတွေကို ပေးပို့တဲ့ သဝဏ်လွှာ ထဲမှာ အခုလိုပြောကြားထားတာပါ။ အစိုးရ အပြောင်းအလဲ ဖြစ်စဉ် အောင်မြင် ချောမွေ့စေဖို့ အစိုးရအဖွဲ့အစည်းအားလုံးနဲ့ ဝန်ထမ်း အားလုံးကို လိုအပ်တဲ့ ညွှန်ကြားချက်တွေပေးပြီး အစီအစဉ်တွေကို စနစ်တကျ လုပ်ဆောင်နေကြောင်း၊ ဒီလိုဖြစ်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံစဉ်က တိုင်ပင်ဆွေးနွေးခဲ့တယ်လို့လည်း သမ္မတကပြောဆိုထားပါတယ်။

ဒီအပေါ်မှာ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာခင်မောင်ညို က အခုလိုပြောပါတယ်။

" မြင်ရတဲ့အခင်းအကျင်းကတော့ အာဏာလွှဲပြောင်းပေးဖို့ သက်ဆိုင်တဲ့ အထက်က အမြင့်ဆုံး သုံးဦးကတော့ အဆင်ပြေတာပေါ့။ သူရဦးရွှေမန်းက ကိုယ်တိုင်ကိုယ်ကျ လွှဲပြောင်းတဲ့ Process ကို လုပ်ရမှာဖြစ်တယ်။ ဒီ Process ကို သူ လုပ်နိုင်မယ် လို့ မျှော်လင့်ရတယ်။ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ကတော့ ဒီ ၂ရက်နေ့ တွေ့တဲ့အချိန်မှာတော့ ကာကွယ်ရေးဦးစီးချုပ်က သူက သမ္မတကြီး ပုံစံအတိုင်းပဲ ချောမွေ့အောင် လုပ်ပေးမယ် ပြောတယ်။ စိတ်ပူနေတဲ့ သူတွေကတော့ ဖြေလျော့လားဆိုတော့ ပြည်သူတွေကတော့ ပြေလျော့ပါတယ်။ သမ္မတဆိုတာကတော့ အမြင့်ဆုံး အထွဋ်အထိပ်မှာ ရှိတဲ့ ရာထူးဆိုတော့ သူလုပ်ရင်တော့ ဖြစ်နိုင်စရာ အကြောင်း ရှိပါတယ်။

ဦးသန်းရွှေရဲ့ ထွက်ပေါက်က ဒါ အကောင်းဆုံးပဲဖြစ်တယ်။ ဦးသန်းရွှေကတော့ ဒါကို သဘောပေါက်တယ်လို့ ထင်တယ်။ ဦးသန်းရွှေအနေနဲ့က ဦးသိန်းစိန်ကို ထိန်းချုပ်မှုကလည်း ရှိကောင်းရှိမယ်။ ပြောင်းလဲခြင်းက သူကိုယ်တိုင်ကိုက ဒေါ်အောင်ဆန်းစုကြည် ကို လက်ခံမယ်လို့လဲ ယူဆတယ်။"

ဒီလိုသမ္မတက ပြောဆိုထားပေမယ့် သမ္မတဘက် ကကော ဒေါ်အောင်ဆန်းစုကြည် ဘက်ကပါ ဘယ်လို အသေးစိတ်ဆွေးနွေး သလဲဆိုတာကို ထုတ်ပြန်ပေး ထားတာမရှိပါဘူး။ ဆက်သွယ်မေးမြန်း တာမှာလည်း နှစ်ဖက်စလုံး ကဖြေကြားဖို့ ဆန္ဒမရှိကြပါဘူး။

သမ္မတရဲ့သဝဏ်လွှာထဲမှာ ငြိမ်းချမ်းရေးတည် ဆောက်မှုဖြစ်စဉ်အတွက် အခြေခံကောင်းတွေရှိထားကြောင်း၊ မကြာခင်မှာ နိုင်ငံရေးအင်အားစု အားလုံး ပါဝင်ရေးဆွဲထားတဲ့ နိုင်ငံရေး မူဘောင်ကို အပြီးသတ်ရေးဆွဲနိုင်တော့ မှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ဒီအပေါ်မှာ နိုင်ငံရေး လေ့လာသုံးသပ်သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့် ကတော့ ခုလိုသုံးသပ်ပါတယ်။

"သမ္မတ ဦးသိန်းစိန် လုပ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အားနည်းချက်တွေ ရှိလာတယ်။ အဲ့တာ ဘာလဲဆိုတော့ ပထမ တခုကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတဲ့အထဲက ၈ဖွဲ့ပဲ ဒီဟာကို လက်မှတ်ထိုးမယ်။ NCA စာချုပ်မှာက အပစ်ရပ် လိုက်ပြီး ရုံတင်မကဘူး။ သူက နောက်ဆက်တွဲ လုပ်ရမယ့် လုပ်ငန်းတွေကို သေသေချာချာ သူက အချိန်ဇယားနဲ့ လုပ်ထားတယ်။ အဲ့ဒီ့မှာ နှစ်ပိုင်း ပါတယ်။ တပိုင်းက စစ်ရေး ပါတယ်။ တပိုင်းက နိုင်ငံရေး ဆိုင်တဲ့ အပိုင်း။ စစ်ရေးနဲ့ ဆိုင်တဲ့ အပိုင်းမှာလည်း ၈ဖွဲ့နဲ့ကတော့ သူ အဆင်ပြေတယ်။ ဒါပေမဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ လုပ်တဲ့ဟာမှာ နောက်ထပ် အမှားတွေ အများကြီးတွေ့ရတယ်။ တကယ်တော့ ရွေးကောက်ပွဲ ပြီးသွားပြီဆိုရင် ရွေးကောက်ပွဲ ရလဒ်ကို အခြေခံပြီးတော့မှ ဒီပါတီရဲ့ ကိုယ်စားလှယ်ကို လုပ်ရမှာလေ။ NLD ကလည်း ဒါကို သဘောမတူဘူး။ သဘောမတူတော့ ဒီမူဘောင်ဆွေးနွေးပွဲမှာ သူ မပါဘူး။ ဒီမူဘောင်ဆွေးနွေးပွဲကနေပြီးတော့မှ ချမှတ်လိုက်တဲ့ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ Framework တွေ ဘာတွေက အကုန်လုံး နောက်ပိုင်းမှာဆိုရင် အခက်အခဲ တွေ့လာနိုင်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တခုလုံး ပြန်သုံးသပ်ရင် NCA စာချုပ် ရလာတာက အောင်မြင်မှု လို့ ပြောလို့ရတယ်။ ချီးကျူးဖို့လည်း ကောင်းတယ်။ "

ဒီလို နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးကိစ္စ အပြင် သမ္မတက ပြီးခဲ့တဲ့ ရက်က ဖားကန့်ဒေသ မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုနဲ့ပတ်သတ်ပြီးလည်းထည့်သွင်းပြောဆိုထားပါတယ်။ ဒီကျောက်တူးတဲ့ လုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး လုပ်ငန်းခွင်ဆိုင်ရာ မူဝါဒတွေ ကို ပြန်လည် သုံးသပ်သွားမယ်လို့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြ ထားပါတယ်။

ဒီပြင် ပြင်သစ်နိုင်ငံတွင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ခံရမှုအပေါ် ဝမ်းနည်းကြောင်း၊ ကမ္ဘာ့ တည်ငြိမ်မှု ကို ဖျက်ဆီးမယ့် ဘယ်လိုအစွန်းရောက် အကြမ်းဖက်မှုကို မဆို မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာမိသားစုနိုင်ငံတွေနဲ့ အတူ လက်တွဲကာ တွန်းလှန် သွားမယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ဒီလမှာ ပြီးခဲ့တဲ့လတွေလို ပြည်သူဆီ ကို ရေဒီယိုမိန့်ခွန်း မပြောဘဲ သဝဏ်လွှာ သာ ပေးပို့ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG