သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ ကြိုးကိုင်လှုပ်ရှားသူများကို အရေးယူမည်


ရခိုင်ပဋိပက္ခဖြစ်ပွားမှု
ရခိုင်ပဋိပက္ခဖြစ်ပွားမှု
ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော် သမ္မတ ရုံးကလည်း ဒီကနေ့ အသိပေး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ အကြမ်းဖက်မှုတွေ တိုးလာတဲ့အပေါ်မှာ ကုလသမဂ္ဂ ကလည်း အထူး စိုးရိမ်တဲ့အကြောင်းနဲ့ အခြေအနေတွေ တည်ငြိမ်အောင် ထိန်းသိမ်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက အပြည့်စုံ ပြောပြပေးထားပါတယ်။

ရခိုင်ပြည်နယ်တွင်း အခုတကြိမ် ပြန်လည် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အတွင်း သေဆုံး ဒဏ်ရာရသူ ၆၀ လောက် ရှိသွားပြီးလို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။

“ဆိုးဆိုးရွားရွားကတော့ သေတာတွေ ပျောက်တာတွေ ရှိတယ်။ သေတာရော၊ ဒဏ်ရာ ရတာရော ဆိုရင် ကျနော်တို့ ရတဲ့သတင်းအရတော့ ၆၀ လောက် ရှိမယ်။ ၆၀ ဝန်းကျင်လောက်ပေါ့။ အိမ်တွေဘာတွေရော ပျက်တာ တော်တော်များများတယ်။ သာသနာရေး၊ ဘာသာရေး အဆောက်အဦးတွေ ပျက်စီးတာတွေလည်း ပါတယ်။ ဆိုတော့ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြည်နယ်အစိုးရအနေနဲ့ ညမထွက်ရ အမိန့် ချမှတ်ပြီးတော့ ဆောင်ရွက်တယ်။ ဆောင်ရွက်ပြီးတော့ အခု သမ္မတကြီးက ဟိုနေ့ကပဲ လုံခြုံရေး တပ်ဖွဲ့ဝင် အင်အားကို တိုးမြင့်ပေးဖို့ သူ ညွှန်ကြားချက် ထုတ်တယ်။ ဒီနေ့ကတော့ ည ၈ နာရီ ထုတ်တဲ့ဟာကတော့ နောက်ထပ် တခုပေါ့။”

ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေမှာ ဒီရက်ပိုင်း ဆူပူ အကြမ်းဖက်မှုတွေ ပြန်လည် ဖြစ်ပွားနေတာမှာ အောက်တိုဘာလ ၂၄ ရက်နေ့အထိ သေဆုံးသူ ၁၂ ဦး၊ ဒဏ်ရာရသူ ၅၀ နဲ့ လူနေအိမ်ခြေ ၁၉၄၈ လုံးနဲ့ ဘာသာရေး အဆောက်အဦးပေါင်း ၈ ခု မီးလောင်ခဲ့ပြီး လူတွေအများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သမ္မတ ရုံးကလည်း ဒီကနေ့ပဲ ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံအနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဆောင်ရွက်နေချိန်မှာ ခုလိုမျိုး ဆူပူ အကြမ်းဖက်မှုတွေက နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေတဲ့အကြောင်းနဲ့ အခု ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေ ရှိနေပြီး ဒီလူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ခုလို ရခိုင်ပြည်နယ်တွင်း ပြန်လည် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ကြားသိရတဲ့သတင်းတွေ အရ စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ကုလသမဂ္ဂကလည်း ကြေညာချက် ထုတ်ပြန် ထားပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ထိခိုက် ခံစားရတဲ့သူတွေကို လူမျိုးဘာသာ မခွဲခြားဘဲ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ အကူအညီတွေ ပေးသွားနိုင်ဖို့အတွက် ချွင်းချက်မထားဘဲ ချက်ချင်း အကူအညီတွေ သွားရောက်ပေးနိုင်အောင် ဆောင်ရွက်ပေးဖို့လည်း ကုလသမဂ္ဂ က တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ဒုက္ခရောက်သူပေါင်း ၇ သောင်း ၅ ထောင်လောက်ကို ကုလသမဂ္ဂနဲ့ လူသားချင်း စာနာကူညီကြတဲ့ အဖွဲ့တွေက မြန်မာအစိုးရနဲ့ အတူ ပူးပေါင်းပြီး အကူအညီတွေ ပေးနေတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ အောက်တိုဘာလ ၂၄ ရက်နေ့အထိ သေဆုံးတဲ့ အရေအတွက်ဟာ ၁၂ ဦး ရှိသွားပြီလို့ ဆိုပေမဲ့ အစိုးရ အရာရှိတဦးကို ကိုးကားပြီး အေပီသတင်းရဲ့ ဖော်ပြချက်မှာတော့ အခုနောက်ဆုံး အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် သေဆုံးသူဟာ ၅၆ ဦး ရှိသွားပြီလို့ ဆိုပါတယ်။
XS
SM
MD
LG