သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတနဲ့ ဝန်ကြီးတွေ ရေဘေးသင့် ဒေသသွားရောက်


ညောင်တုန်းမြို့နယ်ရောက်သမ္မတဦးသိန်းစိန်က ဧရာဝတီမြစ်ရေကို သန့်စင်ထားတဲ့ရေဟာ သောက်သုံးရန်အသင့်ဖြစ်ကြောင်း ကိုယ်တိုင်သောက်သုံးပြခဲ့စဉ်။(ဓာတ်ပုံ-မှူးဇော် fb)
ညောင်တုန်းမြို့နယ်ရောက်သမ္မတဦးသိန်းစိန်က ဧရာဝတီမြစ်ရေကို သန့်စင်ထားတဲ့ရေဟာ သောက်သုံးရန်အသင့်ဖြစ်ကြောင်း ကိုယ်တိုင်သောက်သုံးပြခဲ့စဉ်။(ဓာတ်ပုံ-မှူးဇော် fb)

ရေဘေးအန္တရာယ် ဆိုးဆိုးဝါးဝါးကျရောက်နေတာမို့ လိမ္မော်ရောင်အဆင့်ထုတ်ပြန်ထားတဲ့ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ကို သမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီးတွေ သွားရောက်ကြည့်ရှု ခဲ့ပါတယ်။ ရေဘေးဒဏ် အခြေအနေ ဆိုးနေတဲ့ ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာတော့ အကူအညီတွေ လိုအပ်နေပါတယ်။ ရေဘေးအန္တရာယ်ဆိုးနေဆဲ ဒေသတွေရဲ့ အခြေအနေတွေကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စိုးရိမ်ရေမှတ်နဲ့ အန္တရာယ်ရေမှတ်တွေကျော်လွန်တဲ့အထိ လိမ္မော်ရောင်သတိပေးချက်ကို တပတ်ကြာတဲ့အထိထုတ်ပြန်ထားရပြီး အခုထိလည်း မရုပ်သိမ်း ရသေးတဲ့ ညောင်တုန်းမြို့နယ် ကို သမ္မတ ဦးသိန်းစိန်အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေသွားရောက်ခဲ့တာပါ။

အခုလို နောက်ကျမှရောက်လာရတဲ့ အတွက် မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့်က ဒေသခံပြည်သူတွေကို တောင်းပန်စကားဆိုခဲ့ပါတယ်။ ဒါ့အပြင် သမ္မတနဲ့ဝန်ကြီးများအဖွဲ့ သွားရောက်ချိန်မှာ ဒေသခံရေဘေးသင့် ပြည်သူတွေရဲ့ သဘောထားဆန္ဒကို မေးမြန်းခဲ့ပြီး တာရိုးတွေကို ပိုပြီး ခိုင်ခန့်အောင် လုပ်ပေးဖို့ ဒေသခံတွေရဲ့ တောင်း ဆိုချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးမယ် လို့ ပြောခဲ့တဲ့အကြောင်း ဒေသခံတဦးက ပြောပါတယ်။

“….က ပြည်သူတွေကိုတော့ နောက်ကျတာ ခွင့်လွှတ်ပါ-ပေါ့။ သူအခုမှရောက်လာတာ ခွင့်လွှတ်ပါ-တဲ့။ သူတို့ ဒီတာကြီးကို တာဘောင်ရိုးပေါ့နော်၊ ကျနော်တို့မြို့ကတော့ တာဘောင်၊ အခု ၂၆ လောက်ပဲရှိတာကို ပြန်ပြီးတော့ ၂၈၊ ၃၀၊ ၃၂ တာာဘောင်အမြင့်လုပ်ပေးပါလို့၊ ကွန်ကရစ်နဲ့-လို့။ လုပ်ပေးမယ်လို့တော့ ပြောသွားတာပဲ။ အခုတော့ မြေသားတာတွေမှာ ကွန်ကရစ်နဲ့လုပ်ထားတဲ့နေရာက သုံးနေရာ၊ လေးနေရာလောက်ပဲရှိတယ်။ ရေကျသွားတဲ့အခါ တာက အောက်ကို အိအိကျသွားတယ်။ အဲဒီအတွက်ကြောင့်ပါ။”

ညောင်တုန်းမြို့မှာတော့ မနေ့ညနေကစပြီး ရေအနည်းငယ်ကျသွားပေမယ့် စိုးရိမ်ရေမှတ်နဲ့ အန္တရာယ်ရှိတဲ့ရေမှတ်ကတော့ ဆက်လက်ရှိနေဆဲဖြစ်ပြီး လိမ္မော်ရောင်သတိပေးချက်ကို (၇) ရက်မြောက်နေ့အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ ညောင်တုန်းမြို့ပေါ်မှာ တာရိုးတွေကို တပ်အင်အားနဲ့ ခိုင်ခံ့အောင်လုပ်ထားတဲ့အတွက် စိုးရိမ်စရာသိပ်မရှိပေမယ့် ကျေးရွာတွေအတွက်ကတော့ စိုးရိမ်စရာရှိတယ်လို့ ဒေသခံက ဆက်ပြောသွားပါတယ်။

“မြို့ပေါ်တာတွေကို သူတို့က စစ်သားတွေခေါ်လာပြီးတော့ ဝုန်းဝုန်း…ဝုန်းဝုန်းနဲ့လုပ်ထားတော့ တာက နှစ်ထပ်လောက်နီးနီးဖြစ်သွားတယ်။ ရှေ့မှာက တာဟောင်း၊ မြေသားတာ ရှိတယ်။ ပြဿနာတက်တဲ့တာတွေကို နောက်ကနေ သဲအိတ်တွေနဲ့ပတ်ပြီးတော့ နှစ်ထပ်ပေါ့ အမရယ်၊ တာနှစ်ထပ်လုပ်ထားတော့ မြို့ထဲကို တော်ရုံတန်ရုံက မကျိုးတော့ဘူး။ အခု ကမ်းနား-ဘယ်နားတွေကဆိုးနေတာလဲဆိုတော့ ရွာတွေက ဆိုးနေတာ။ ညောင်တုန်း ပတ်လည် ရွာတွေက မြုပ်တဲ့ရွာတွေကတော့ နဂိုရ်ထဲက မြုပ်နေကျပါ။ ဒါပေမယ့် ရေက ဒီနှစ်ပိုများတဲ့ အတွက်ကြောင့် ပိုမြုပ်သွားတယ်။ နည်းနည်းလေး သူတို့အောက် မြုပ်သွားတာပေါ့နော်။ တချို့နေရာတွေက ရွာဘက်က။ ရွာဘက်ကတာတွေ ကွင်းရေကလည်းတက်တယ်။ မြစ်ရေက လည်း ဘေးနားမှာရှိနေတယ်။ ရေကြားထဲမှာနေနေရတဲ့အတွက် တာတွေက နူးနေ တယ်။ နူးတယ်ဆိုတာ ပျော့လာတာ၊ ဂျယ်လီတုံးလိုဖြစ်လာတာ။ ……တော့ လုပ်နေတယ်။ နောက် လေး၊ ငါး၊ ဆယ်ရက် ဒီအတိုင်း ရေစိမ်နေမယ်ဆိုရင်တော့ အခြေအနေ မကောင်းဘူးပေါ့။”

သမ္မတဦးသိန်းစိန်ကတော့ ဧရာဝတီတိုင်းဟာ စိုးရိမ်ရေမှတ်တွေကို ကျော်လွန်လာတဲ့ အတွက် ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ပြီးခဲ့တဲ့ရက်ကပဲ သတိပေးခဲ့ပါတယ်။ ပဲခူးတိုင်းအတွင်းက သာယာဝတီနဲ့ သုံးဆယ်မြို့တွေမှာတော့ ထောင်နဲ့ချီ တဲ့ ရေဘေး သင့်ပြည်သူတွေဟာ မြို့ပေါ်က ကယ်ဆယ်ရေး စေခန်း (၁၀) ခုကျော်မှာ နေထိုင်နေကြပါ တယ်။ ရေဘေးရှောင်သူတွေ ကတော့ သောင်းဂဏန်းနဲ့ချီပြီး ရှိနေတာ ဖြစ်ပါတယ်။

ပဲခူးတိုင်းအတွင်း လက်ပံတန်းမြို့နယ်ထဲက ကျေးရွာတွေကတော့ ကယ်ဆယ်ရေးမော်တော်တွေ သိပ်မရှိကြတဲ့အတွက် သာယာဝတီထက် အခြေအနေ ပိုဆိုးတယ်လို့ သာယာဝတီမြို့ခံတဦးက ဆိုပါတယ်။

“အဓိက-က လက်ပံတန်းဗျ။ ရေအများကြီးနစ်ပြီးတော့ လက်ပံတန်းမှာ စက်လှေကြီးကြီးမရှိဘူး။ များများမရှိဘူး။ အဲဒီအတွက် ရေဘေးသင့်တဲ့ပြည်သူတွေကို သူတို့က သွားပြီးကယ်ဆယ်ဖို့ နည်းနည်းလေး ခက်တယ်။ အာဏာပိုင်ကလည်း စီမံချက်တရပ်အနေနဲ့မလုပ်ဘူး၊ မလုပ်တော့ သူတို့မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၂ ခုပဲရှိတယ်။ လူက ၂၇၀ လောက်ပဲရှိတယ်။ ဒါပေမယ့်တကယ့်တကယ် ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်က သာယာဝတီနဲ့လက်ပံတန်းဆို လက်ပံတန်းက များတယ်ဗျ။”

ဒီကနေ့မှာတော့ ဗကသများအဖွဲ့ချုပ်က ကျောင်းသားလူငယ်တွေဟာ လက်ပံတန်းမြို့က လူသူ အရောက်အပေါက်နည်းတဲ့ကျေးရွာတွေက ရေဘေးသင့် ပြည်သူတွေရှိရာကို သွားရောက် လှူဒါန်းခဲ့ကြပါတယ်။ မြန်မာပြည်တဝှန်း တိုင်းနဲ့ပြည်နယ် ၁၂ ခုတို့က ရေဘေးခံစားနေရသူတွေ အတွက် လူဦးရေ (၆) သိန်းကျော်လောက် ရေဘေးသင့်ခဲ့ရသလို လူ (၁၀၀) နီးပါးလောက် ရေဘေးကြောင့် သေဆုံးခဲ့ကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါ တယ်ရှင်။

XS
SM
MD
LG