သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန်နဲ့ ဂျာမန်ဝန်ကြီးချုပ် မြန်မာ့အရေးဆွေးနွေး


တတိယအကြိမ် ဥရောပခရီးစဉ်အစအဖြစ် ဂျာမနီနိုင်ငံကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့မှာတော့ ဂျာမန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံအရေး ဆွေးနွေးခဲ့ကြပါတယ်။ ၂ နိုင်ငံ ဆက်ဆံရေးနဲ့ စီးပွားရေး အဆက်အဆံတွေ တိုးမြှင့်နိုင်ဖို့ မျှော်လင့်ကြောင်း ခေါင်းဆောင် ၂ ဦး တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ကြပေမဲ့ မြန်မာနိုင်ငံက တိုးတက်ဖို့ လိုအပ်နေတဲ့ အခြေအနေတွေကိုလည်း အသိအမှတ်ပြု ပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

တတိယအကြိမ် ဥရောပ ၃ နိုင်ငံ ခရီးစဉ်အစအဖြစ် ဂျာမနီနိုင်ငံကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က ဘာလင်မြို့မှာ ဂျာမန်ဝန်ကြီးချုပ် Angela Markel နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နိုင်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ၂ နိုင်ငံ ဆက်ဆံရေး နှစ် (၆၀) ပြည့်အဖြစ် ဂျာမနီအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ရောက်လာတဲ့ သမ္မတဦးသိန်းစိန် နဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေး အစီအစဉ်တွေကို ဂျာမနီနိုင်ငံက ထောက်ခံကြောင်း ဝန်ကြီးချုပ် မာခဲလ်က ပြောဆိုခဲ့တာပါ။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ရှေ့နှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲတွေ လွတ်လပ်မျှတဖို့ အပါအဝင် စိန်ခေါ်မှုတွေ အများအပြား ရှိနေတာတွေကိုလည်း ဆွေးနွေးခဲ့တဲ့အကြောင်း ဘာလင်မြို့က သတင်းစာ ရှင်းလင်းပွဲမှာ ဂျာမန်ဝန်ကြီးချုပ်က စကားပြန်ကတဆင့် ပြောကြားသွားပါတယ်။
“အခု မြန်မာနိုင်ငံမှာ သာယာငြိမ်းချမ်းသော တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့အတွက်၊ နောက်ပြီးတော့ တိုင်းရင်းသား လူမျိုးတွေရဲ့ တိုးတက်မှုကို ရှေ့ရှုဖို့လည်း စကားပြောခဲ့ပါတယ်။ နောက်ပြီးတော့၊ Press နဲ့ ပတ်သက်ပြီးတော့လည်း လွတ်လပ်မှု ရှိဖို့အတွက်လည်း ဒီအကြောင်းတွေကို ကျမတို့ ပြောခဲ့တယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ကျမတို့ စကားပြောခဲ့ပါတယ်။ နောက်ပြီးတော့ အဲဒီမှာလည်း ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေ အကြောင်းကို၊ မြန်မာနိုင်ငံမှာ ဖြစ်နေတာကိုလည်း ကျမတို့ ပြောခဲ့ပါတယ်။ နောက်ပြီးတော့ အဲဒီလို ရွေးကောက်ပွဲတွေ ဖြစ်တဲ့နေရာမှာလည်း အကုန်လုံး တိတိကျကျ ဖြစ်ဖို့အတွက်လည်း အရေးကြီးပါတယ်။”

သမ္မတဦးသိန်းစိန် ဂျာမန်ဝန်ကြီးချုပ်နဲ့အတူ ဂုဏ်ပြုတပ်ဖွဲ့ အလေးပြုခံယူစဉ် စက်တင်ဘာ ၃၊ ၂၀၁၄
သမ္မတဦးသိန်းစိန် ဂျာမန်ဝန်ကြီးချုပ်နဲ့အတူ ဂုဏ်ပြုတပ်ဖွဲ့ အလေးပြုခံယူစဉ် စက်တင်ဘာ ၃၊ ၂၀၁၄

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခြေအနေတွေ ရှိနေပေမဲ့လည်း လုံခြုံစိတ်ချရတဲ့ အခြေအနေမျိုး ဖြစ်ဖို့ လိုအပ်တာကိုလည်း ဂျာမန်ဝန်ကြီးချုပ်က ပြောဆိုသွားပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ အခုခရီးစဉ်ကနေ ၂ နိုင်ငံ သံတမန် ဆက်ဆံရေးသာမက စီးပွားရေးအရ အဆက်အဆံတွေပါ တိုးမြှင်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့တာပါ။
“ကျနော့်ရဲ့ ခရီးစဉ်ဟာ ဒီ ၂ နိုင်ငံမှာ ရှိပြီးဖြစ်တဲ့ ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ဖို့အတွက် ကျနော်လာရောက်ခြင်း ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ဒီဂျာမနီကို မိတ်ကောင်းဆွေကောင်း အဖြစ်တင် မကပါဘူး၊ ကျနော်တို့ရဲ့ စီးပွားမိတ်ဘက် အဖြစ်လည်းကောင်း၊ နိုင်ငံတွင်းမှာ ခုနကလို ရင်းနှီးမြှုပ်နှံသူ အဖြစ်လည်းကောင်း ကျနော်တို့ ကမ်းလှမ်းလိုပါတယ်။ အဲဒီတော့ ကျနော်တို့ အနေနဲ့ ဂျာမနီနိုင်ငံ ထံကနေပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု အစိုးရစနစ်၊ နောက်တခါ ကျနော်တို့ မြို့ပြတိုးတက်မှုပုံစံ၊ နောက် ကျနော်တို့ စီးပွားရေး လုပ်ငန်းတွေ၊ နောက်တခါ သုတေသန လုပ်ငန်းတွေ အပေါ်မှာ ကျနော်တို့ အားထုတ်မှု၊ နောက် အဆင့်မြင့် ကုန်ပစ္စည်းတွေ ထုတ်လုပ်မှု၊ အဆင်အလာကောင်းတဲ့ ပညာရေးစနစ်၊ နောက်တခါ စည်းကမ်းရှိမှုနဲ့ အလုပ်ကြိုးစားမှု၊ ဒါတွေကို ကျနော်တို့ အများကြီး လေ့လာယူဖို့အတွက် ကျနော်တို့မှာ လိုအပ်နေပါတယ်။”

မကြာသေးခင်နှစ်တွေကစလို့ အပြောင်းအလဲတွေ လုပ်ဆောင်လာရာက နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံလာရာမှာ ဂျာမာန်သမ္မတ Joachim Gauck ဟာလည်း ဒီနှစ်ဆန်းပိုင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့အထိ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီလို မြန်မာအစိုးရနဲ့ ဆက်ဆံမှုတွေမှာ ဂျာမနီအစိုးရအနေနဲ့ သတိထားသင့်တာတွေ ရှိတယ်လို့လည်း ဂျာမနီနိုင်ငံက ဦးနွယ်အောင် တို့လို မြန်မာ့အရေးလှုပ်ရှားသူူတွေက မြင်ပါတယ်။
“ကျနော်တို့ကတော့ ဂျာမန်အစိုးရကို အကြံပြုထားတာ ကြာပါပြီ။ ဟိုတခေါက် ဒေါ်အောင်ဆန်းစုကြည် လာတုန်းကလည်း ဂျာမန်အစိုးရကို အကြံပြုထားတာတွေရှိတယ်၊ ကျနော်တို့ ဘက်ကနေပြီးတော့။ အခုလည်းပဲ ကျနော်တို့က ထပ်ပြီးတော့ အကြံပြုရမယ် ဆိုလို့ရှိရင်တော့ နိုင်ငံရေး အကျဉ်းသားတွေကို သမ္မတဦးသိန်းစိန် ပေးခဲ့တဲ့ ကတိအတိုင်း အားလုံးကိုလွှတ်ပါ ဆိုတဲ့ဟာမျိုးကို ကျနော်တို့က ဂျာမန်အစိုးရကိုလည်း ပြောထားတယ်။ အဲဒီလိုပဲ တောင်းဆိုဖို့လိုတယ်။ မီဒီယာ လွတ်လပ်ခွင့်တွေ ဆိုရင်လည်း အပြည့်အဝပေးပါ။ ပါးစပ်ကတော့ မီဒီယာကို လွတ်လပ်ခွင့်တွေ ပေးထားတယ် ဆိုပြီးတော့ တဘက်က လိုက်ဖမ်းပြီးတော့ နှစ်ပေါင်းများစွာ ချတာတွေ ရှိနေတယ် ဆိုတာကိုလည်း ဂျာမန်အစိုးရက သိထားပြီးသားဖြစ်တယ်။ ကျနော်တို့ကလည်း ပြောထားပြီးသားဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ ထပ်ပြီးတော့ တိုက်တွန်းဦးမှာပါ။”

သမ္မတ ဦးသိန်းစိန်ရဲ့ အခုနောက်ဆုံး ဥရောပ ၃ နိုင်ငံ ခရီးစဉ်အတွင်း သောကြာနေ့မှာ ဆွစ်ဇာလန်နိုင်ငံကို ခရီးစဉ်ဦးမှာပါ။ ဒီနောက် နယ်သာလန်နိုင်ငံကိုလည်း ဆက်လက် သွားရောက်မှာဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံတွေက ထိပ်တန်းခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG