သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြစ်နိုင်တာထက် အလွန်အကျွံ မတောင်းဆိုကြဖို့ သမ္မတ သတိပေး


နိုင်ငံတော်သမ္မတဦးသိန်းစိန်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်။
လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေမှာ ဖြည့်ဆည်းပေးတာထက် ပိုပြီး မျှော်လင့်တောင်းဆိုမယ်ဆိုရင် နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်လာပြီး ရထားတဲ့ အခွင့်အရေးတွေတောင် ဆုံးရှုံးသွားနိုင်တဲ့ အနေအထားဖြစ် တယ်လို့ နိုင်ငံတော်သမ္မတ က သူ့ရဲ့ ဇန်နဝါရီလ အတွက် ပြောဆိုတဲ့ မိန့်ခွန်းထဲမှာပြောဆိုသွားပါတယ်။ နိုင်ငံရေး ပါတီခေါင်းဆောင် အချို့နဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ပေးထားတဲ့ နိုင်ငံရေး တိုးတက်မှုတွေကတော့ တဖြည်းဖြည်းချင်း ကိုယ် လိုရာကို ရအောင်ယူနိုင်မှသာ တိုင်ပြည် နောက်ကြောင်းမလှည့်ပြန်မှာ ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။
အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဇန်နဝါရီလရေဒီယို မိန့်ခွန်းထဲမှာ သူအနေနဲ့ သမ္မတ တာဝန်ယူချိန်ကစပြီး လက်ရှိနိုင်ငံရေး အခြေအနေမှာ ခွင့်ပြုတဲ့ အတိုင်းအတာတွေ ကို ပြည်သူတွေအတွက် ဆောင်ရွက်ပေးနိုင် သလောက် ဆောင်ရွက်ပြီးတော့ ရှေ့လျှောက်နိုင်ငံရေးဖြစ်စဉ်တွေမှာလည်း ဆန္ဒမစောဖို့ကို ဒီကနေ့ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပြောဆိုသွားခဲ့တာပါ။

"ကျွန်တော့်အနေနဲ့ သမ္မတ တာဝန်ယူသည့်နေ့ကမှစပြီး တာဝန်ကို ရှောင်လွှဲလိုတဲ့ လုပ်ဆောင်မှုမျိုး မရှိခဲ့သလို လက်ရှိနိုင်ငံရေး အခြေအနေက ခွင့်ပြုတဲ့ အတိုင်းအတာအရ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံရေး ဆန္ဒများနှင့် လက်တွေ့ဖြစ်နိုင်သည့် ကိစ္စရပ်များ ပေါင်းစပ်ပြီး သဟဇာတ ဖြစ်ဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အထူးပြောကြားလိုသည့် ကိစ္စရပ်ကတော့ ဖြစ်သင့်ဖြစ်ထိုက် သည့် နိုင်ငံရေးဆန္ဒများကို လက်ရှိနိုင်ငံရေး အခြေအနေက ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်း ဆောင်ရွက်ပါက နိုင်ငံရေး အကျပ်အတည်းတစ်ခု ဖြစ်ပေါ်ပြီး လက်တွေ့ဖြစ်နိုင်ခြေရှိသည့် အခွင့်အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး ဉာဏ်အမြော်အမြင်ရှိသော နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်း ပြောကြားလိုပါတယ်။"

မြန်မာနိုင်ငံရေး မှာ ဒီမိုကရေစီ အင်အားစု တွေအကြားမှာ ပေါင်းစည်းနိုင်မှု အားနည်းနေပြီး လက်ရှိအချိန်မှာ နိုင်ငံရေးအခြေအနေရှုတ်ထွေးနေတဲ့ အချိန်မှာ ဖြစ်ချင်တာတွေကို ရှေတန်းတင်လွန်းရင် တိုင်းပြည်နောက်ပြန် ဆုတ်သွားမှာကို စိုးရိမ်စိတ်ရှိတာကြောင့် သမ္မတက အခုလို ပြောဆိုတယ်လို့ ယူဆတဲ့အကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

" နိုင်ငံရေးကတော့ ရှုပ်ထွေးနေတယ်ခင်ဗျ။ အခုနကပြောသလို အခြေခံဥပဒေပြင်ပုံပြင်နည်းမှာတောင်မှ နှစ်ပိုင်းကွဲနေတယ်။ နောက်ပြီး အာဏာနိုင်ငံရေးက ဆင်းသက်လာတဲ့၊ အာဏာရှင်နိုင်ငံရေးက ဆင်းသက်လာတဲ့ တပ်မတော်အစိုးရဘက်က ပါလာတဲ့ပုဂ္ဂိုလ်တွေက ဒီမိုကရေစီကို ကိုယ်စားပြု ပါလာတဲ့အပိုင်းတွေရှိသလို ကျနော်တို့ ဒီမိုကရေစီအင်အားစုဘက်မှာတော့ ညီညွတ်တဲ့အနေအထားကို မတွေ့ရဘူးခင်ဗျ။ နိုင်ငံရေးလမ်းကြောင်းတွေက သဲသဲကွဲကွဲမရှိဘူး။ သူတလူငါတမင်းပေါ့။ ကိုယ်ထင်ရာ မြင်ရာ လုပ်နေကြတဲ့ အပိုင်းတွေဖြစ်နေတယ်။ အဲ့တာမျိုးက ဆက်ပြီးတော့သာ လူထုနိုင်ငံရေးကို အသုံးချပြီးတော့ လှုပ်ရှားမှုတွေနဲ့ ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် သမ္မတပြောတဲ့ကိစ္စက ဒီကိစ္စအပေါ်မှာသူစိုးရိမ်ကြောင့်ကြမှု မကင်းဘူးဆိုတာကို တခြားသော စကားလုံးတွေနဲ့သူပြောတယ်လို့ ယူဆပါတယ်။ "

သမ္မတ ဦးသိန်းစိန်ဟာ သူရဲ့ မိန့်ခွန်းတွေ ထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြင်ဆင်ဖို့ ကြိုးစားဆောင်ရွက်နေမှု တွေ နဲ့ မြန်မာနိုင်ငံရေး မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုပြောကြားခဲ့ပါတယ်။

" မြန်မာနိုင်ငံရဲ့ အဓိက ကျတဲ့ နိုင်ငံရေးအင်အားစု တစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်တဲ့ NLD ပါတီ အပါအဝင်နိုင်ငံရေးပါတီများဟာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်များနဲ့ ပတ်သက်ပြီး လူထုတွေ့ဆုံပွဲများ၊ ဆွေးနွေးပွဲ များကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတာ ကို တွေ့ရပါတယ်။ ယခုလို နိုင်ငံရေး လှုပ်ရှားမှုများကို လွတ်လပ်ပွင့်လင်းစွာ လုပ်ဆောင်နိုင်ခွင့် ရှိခြင်းကပင် မိမိတို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး ရင့်ကျင်မှုရေချိန် မြင့်တက်လာကြောင်းကို ညွန်ပြနေတာ ဖြစ်ပါတယ်။"

အခုလို သမ္မတရဲ့ NLD အပေါ် အသိအမှတ်ပြုပြောဆိုပေမဲ့ တကယ်တမ်းတော့ အမှန်တကယ် ဆောင်ရွက်နိုင်တဲ့အပိုင်းမှာ ကန့်သတ်ချက်တွေ အများကြီးရှိနေတယ်လို့ ရှုမြင်တဲ့အကြောင်း ထိုင်းနိုင်ငံမှာ နေထိုင် တဲ့ မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူလည်း ဖြစ်၊ တိုင်းရင်းသတင်းမီဒီယာရဲ့ အကြံပေးတစ်ဦး လည်း ဖြစ်တဲ့ ဦးဇင်လင်း က ဗီအိုအေ ကိုပြောပါတယ်။

" အခုလို လုပ်ခွင့်ကိုင်ခွင့်ပေးတာနဲ့ ပတ်သက်ပြီးတော့ ယေဘူယျပြောမယ် ဆိုလို့ရှိရင် အရင်တုန်းက ဒီလိုပွဲမျိုးတွေ လုပ်ခွင့်ကိုင်ခွင့်မပေးဘူး။ အခုလုပ်ခွင့်ပေးတယ်ပေါ့လေ။ ဒါပေမဲ့လည်း ဒီလုပ်ခွင့်ပေးတယ် ဆိုပေမဲ့လို့ အခြေအနေတွေကြည့်ရတာ တစုံတရာ အတိုင်းအတာတော့ သူတို့ နားလည်မှုတွေ လုပ်ခွင့်ကိုင်ခွင့်တွေ ရနိုင်တယ်ဆိုတာတော့ ကျနော်ထင်တယ်။ အဲ့တာတော့ အကန့်အသတ် အနည်းနဲ့အများတော့ ရှိလိမ့်မယ်လို့ ယူဆရတယ်ပေါ့လေ။ ၂၀၀၈အခြေခံဥပဒေ မူဘောင်ထဲက ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး လှုပ်ရှားခွင့်တွေလို့ သမ္မတက ဒီလိုပြောတာကိုး။ အဲ့ဒီ့နိုင်ငံရေးလှုပ်ရှားခွင့်တွေကို နိုင်ငံရေးအင်အားစုတွေက အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့ ချဉ်းကပ်ပါဝင်လာကြလို့ အချိန်တိုတို အတွင်းမှာအဆင့်ဆင့် နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းလာတယ်လို့ သူဆိုချင်တာပေါ့လေ။"

သမ္မတက ဇန်နဝါရီ အတွက် ပြောကြားတဲ့ မိန့်ခွန်းထဲမှာ သူ့အနေနဲ့ မြန်မာ့ နိုင်ငံရေးအတွက် အားလုံးကို လမ်းဖွင့်ထား တယ်လို့ ပြောကြားခဲ့ပါသေးတယ်။ ဒါ့အပြင် ၂၀၁၄ အာဆီယံ ဥက္ကဌ ရာထူးကို ရယူမယ့် အချိန်မှာ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့ အတွက် ပြည်သူတွေ အား လိုတယ်လို့လည်း ပြောပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်ဆဲရေး စာချုပ် လက်မှတ်ရေး ထိုးနိုင်ဖို့ သူအနေနဲ့ မျှော်လင့်ချက်ကြီးကြီး ထားနေတယ်လို့ ပြောဆိုမှုတွေ ရှိခဲ့သလို၊ သူ့အစိုးရ လက်ထက်မှာ မီဒီယာတွေ နဲ့ အင်တာနက်တွေမှာ အစိုးရကို ဝေဖန်တာတွေက အစ လွတ်လွတ်လပ်လပ် လုပ်နိုင်ခွင့်တွေ ရလာတယ်ဆိုပြီးတော့လည်း ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG