သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် အမေရိကန် စီးပွားရေး အသိုင်းအဝိုင်းနဲ့တွေ့


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလမိန့်ခွန်းပြောခဲ့ပြီး နောက်ပိုင်း အစီအစဉ်တွေကို နယူးယောက်မြို့မှာ ဗွီအိုအေမြန်မာပိုင်း ဌာနမှုး ကိုယ်တိုင် သွားရောက် သတင်းယူခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလမိန့်ခွန်းပြောခဲ့ပြီး နောက်ပိုင်း အစီအစဉ်တွေကို နယူးယောက်မြို့မှာ ဗွီအိုအေမြန်မာပိုင်း ဌာနမှုး ကိုယ်တိုင် သွားရောက် သတင်းယူခဲ့ပါတယ်။
စက်တင်ဘာလ ၂၇ရက်နေ့ မနက်ပိုင်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောခဲ့ပြီးတဲ့နောက်ပိုင်းမှာ နောက်ထပ် ဘာအစီအစဉ်တွေ လုပ်ခဲ့သလည်း ဆိုတာကို နယူးယောက်မြို့မှာ ကိုယ်တိုင် သွားရောက်သတင်းယူနေတဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှုး ဦးသန်းလွင်ထွန်းကို အခုလိုဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ဦးသန်းလွင်ထွန်း၊ ကုလသမဂ္ဂညီလာခံကြီးမှာ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောပြီးတဲ့အခါမှာ နောက်ထပ် ဘာအစီအစဉ်တွေများ လုပ်ခဲ့ပါသေးလဲ။

ဖြေ။ ။ဟုတ်ကဲ့။ မိန့်ခွန်းပြောပြီးပြီးချင်းပဲပေါ့နော်။ နေ့လည်ပိုင်းမှာ နယူးယောက်မြို့တော်၊ မြန်မာနိုင်ငံ ကုလသမဂ္ဂရုံးပေါ့နော် မြန်မာနိုင်ငံဆိုင်ရာ သံရုံးမှာ US Asian Business Council လို့ခေါ်တဲ့ အာရှအာဆီယံအဖွဲ့နဲ့ အမေရိကန်စီးပွားရေး ကုန်သွယ်ရေး အသင်းရယ် ကြီးမှုးပြီးတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုတ်နှံမှု လုပ်ချင်တဲ့သူတွေ၊ စီးပွားရေးသမားတွေပေါ့နော်။ သူတို့တွေနဲ့ သီးသန့်တွေ့ဆုံပွဲလေး လုပ်ပါတယ်။ မီဒီယာတွေကိုတော့ ကြီးကြီးကျယ်ကျယ် ဖိတ်တာမရှိပါဘူး။ ဒါပေမယ့်လည်း ကျနော်အနေနဲ့ ကုလအကူအညီနဲ့ သွားရောက်ပြီး တက်ခွင့်ရပါတယ်။ အဲ့ဒီ့မှာ သမ္မတကြီးက လောလောဆယ် အားဖြင့် မြန်မာပြည်မှာ ဖြစ်နေတဲ့ စီးပွားရေးနဲ့ ပြုပြင်ပြောင်းလဲရေးအကြောင်းတွေကို စပြီးရှင်းပြပါတယ်။

မေး။ ။ဟုတ်ကဲ့။ အဲ့ဒီ့အစည်းအဝေးမှာ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ ထူးထူးခြားခြား ဘာအချက်တွေများ ပြောသွားပါသေးလဲ။

ဖြေ။ ။ပထမဆုံးစရှင်းတာကတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အခြေအနေပေ့ါ။ ပြုပြင်ပြောင်းလဲမှု အခြေအနေဟာ ဌာနပေါင်းစုံ ပြုပြင်မှု အခြေအနေဖြစ်နေတယ် ဆိုတဲ့အကြာင်းနဲ့ သူစပါတယ်။ နိုင်ငံရေးဘက်မှာရော၊ စီးပွားရေးဘက် မှာရော၊ နှစ်ဖက်စလုံး ပြုပြင်ပြောင်းလဲမှုတွေ လိုနေတယ်။ ဒီလိုပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့နေရာ မှာ နှစ်ခုစလုံးပေါ့နော်။ ပြိုင်တူပြောင်းပါမှ ရေရှည်ခံမယ့်ဆိုတဲ့အကြောင်းနဲ့ သူ့အနေနဲ့ နောက်မဆုတ် တမ်း လုပ်သွားပါမယ်ဆိုတဲ့အကြောင်းကို သူပြောတာပေါ့နော်။ မြန်မာနိုင်ငံ မှာ ရင်းနှီးမြုတ်နှံမူလုပ်ချင်တဲ့ စီးပွားရေးသမားတွေကို အာမခံချက်ပေးတဲ့ သဘောပဲပေါ့နော်။

မေး။ ။နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုတ်နှံမှုနဲ့ Foreign Direct Investment ပတ်သက်လို့ရော ဘာတွေ ထပ်ပြောသွားပါသေးလဲ။

ဖြေ။ ။အဓိကကတော့ တိုက်ရိုက်ရင်းနှီးမြုတ်နှံမှုတွေက အခွင့်အလမ်းတွေ ရှိလာတယ်ပေါ့နော်။ အခွင့်အလမ်းကောင်းတယ်ဆိုတာကိုတော့ ပြောပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ တည်နေရာအနေအထား၊ တရုတ်နိုင်ငံတို့ အိန္ဒိယတို့ ဘင်္ဂလားဒေ့ရှ်တို့ တကယ့်ဒီလိုနေရာတွေနဲ့ နီးစပ်နေတယ်။ အာဆီယံမှာလည်း အချက်အခြာကျတဲ့ နေရာမှာရှိတယ်။ ဈေးကွက်အားဖြင့် ရင်းနှီးမြုတ်နှံမယ့် အလားအလာတွေ၊ အိုင်တီပေါ့နော်။ နည်းပညာပိုင်းတွေမှာရော၊ လုပ်အားအရင်းပြုတဲ့ နေရာတွေမှာရော လာရောက်ပြီးတော့ ရင်းနှီးမြုတ်နှံမှု လုပ်နိုင်တယ်ဆိုတဲ့ အကြောင်းတွေ ပြောတယ်လေ။

ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့အချက်က မြန်မာနိုင်ငံရဲ့ ရင်းနှီးမြုတ်နှံမှုနဲ့ စီးပွားရေးအခွင့်အလမ်းတွေဟာ အရင်တုန်းက နီးစပ်တဲ့ လူနည်းစုအသိုင်းအဝိုင်းတွေပဲ ရတဲ့ အခြေအနေရှိခဲ့တယ်။ တပ်မတော်ကပဲ ကြီးစိုးပြီး ချုပ်ကိုင်ထားတဲ့ စီးပွားရေး သဘောမျိုးတွေ ဖြစ်နေတယ်။ ဒီနေ့ကျရင်တော့ စီးပွားရေးမှာ နိုင်ငံသားတိုင်းဟာ အခြေခံ ဥပဒေမှာ ခွင့်ပြုထားတဲ့အတိုင်း ကိုယ်စွမ်းရှိသလောက် လုပ်ပိုင်ခွင့်ရတဲ့ စီးပွားရေးမျိုး ဖြစ်လာစေ ရမယ်။ နိုင်ငံခြားသားတွေကလည်း လာရောက်ပြီးတော့ ရင်းနှီးမြုတ်နှံမှုတွေ လုပ်ပေး လာနိုင်တဲ့ ပေါင်းစပ်လာနိုင်တဲ့ ယုံကြည်မှု ရှိလာနိုင်တဲ့ စီးပွားရေးအခြေအနေမျိုး ဖြစ်အောင် ဖန်တီးပေးမယ်လို့ သူပြောပါတယ်။

မေး။ ။သမ္မတကြီးဟာ နောက်ကြောင်းပြန်မလှည့်ဖို့အတွက်ကို သူ အာမခံပြီးတော့ ကုလသမဂ္ဂညီလာခံမှာ ပြောသွားတယ်လို့ ကျမတို့ကြားရပါတယ်။ အဲ့တာနဲ့ ပတ်သက်လို့ရော စီးပွားရေးနဲ့ ဆက်နွယ်လို့ ထပ်ပြီးပြောသွားတာ ရှိပါသေးလား။

ဖြေ။ ။ အဓိက ကတော့ နောက်ကြောင်းမပြန်ဘူးဆိုတာထက် ရင်းနှီးမြုတ်နှံသူတွေ စိတ်ချလက်ချ ဖြစ်အောင်ပေါ့နော်။ အခုလက်ရှိအားဖြင့် မြန်မာနိုင်ငံရဲ့ ရင်းနှီးမြုတ်နှံမှု ဥပဒေထဲမှာ ပါဝင်တဲ့အကြောင်းလေးတွေကို နည်းနည်းရှင်းပြတာရှိပါတယ်။ ရင်းနှီးမြုတ်နှံမှုတွေဘက်နေ သူအနေနဲ့ စိတ်ချလက်ချဖြစ်အောင် အာမခံပြီး ကာကွယ်ပေးနိုင်မယ့်အကြောင်းပေါ့နော်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းစနစ်တို့ ဘာတို့ဆိုတာကတော့ ကျကျနန မရှိသေးတဲ့အတွက်ကြောင့်မို့လို့ ဆက်ပြီးတော့ လုပ်ရဦးမယ်ဆိုတာကတော့ ပြောသွားတယ်ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့ရှင်။ နောက်ဆုံး တခုမေးချင်ပါတယ်။ ဒီကိုမလာခင်တုန်းက သမ္မတကြီးက ရင်းနှီးမြုတ်နှံမှု ဥပဒေကို အတည်ပြုပေးဖို့ ကိစ္စကို ခဏ ရပ်ထားခဲ့တယ်ပေါ့နော်။ ပို့ကုန်တင်သွင်းမှုကို အမေရိကန်ဘက်ကနေပြီးတော့ တားဆီးထားတာကို ဖျက်သိမ်းမပေးသေးတဲ့အတွက်ကြောင့် ဒီဥပဒေကို လက်မှတ်မထိုးနိုင်သေးဘူးလို့ ကြားပါတယ်။ အခုတော့ ဒီတားမြစ်ချက်ကို ဖျက်သိမ်းပေးလိုက်ပြီဖြစ်တဲ့အတွက် ဒီဥပဒေက မကြာခင် ထွက်လာတော့မယ် လို့ မျှော်လင့်ကြရတာပေါ့နော်။

ဖြေ။ ။ ရင်းနှီးမြုတ်နှံမှု ဥပဒေတွေကို သမ္မတက လက်မှတ်ထိုးပေးလိုက်လို့ရှိရင် အတည်ဖြစ်တော့မယ်ဆိုတဲ့ အကြောင်းတွေကိုတော့ သူပြောသွားပါတယ်။ ဒါ့အပြင်ကို တယောက်ချင်းစီ လက်တွေ့လုပ်နေတဲ့ အခြေအနေလေးတွေမှာ အခက်အခဲလေးတွေနဲ့ ပတ်သက်ပြီး တင်ပြတာလေးတွေတော့ ရှိလာတယ်။ ဥပမာအားဖြင့် ဆိုလို့ရှိရင် General Electric Company ကြီးကနေပြီးတော့ ကိုယ်စားလှယ်ကနေ ထပြီးတော့ GE ကနေ လုပ်တဲ့ CAT Scan Machineတွေပေါနော်။ ဆေးဘက်ဆိုင်ရာ ဓာတ်မှန်ရိုက်တဲ့ စက်တွေပေါ့။ အဲ့တာတွေကို ဆေးရုံတွေမှာ ဝယ်ခွင့်ပြုတဲ့အတွက် သုံးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောတယ်။ ဒါပေမယ့်လည်း GE ကနေ ထုတ်တဲ့ လျှပ်စစ်ဂျနရေတာတွေပေါ့နော်။ အဲ့တာတွေဟာ ရန်ကုန်မှာ တပ်ဆင်ဖို့နဲ့ ဝယ်ယူဖို့ကိစ္စတွေက နဂိုတုန်းက ညှိနိူင်းထားတာတွေရှိမယ်။

နောက်ပိုင်း ညှိနှိုင်းထားတာတွေက ဝန်ကြီးအပြောင်းအလဲတွေဖြစ်ပြီးတော့ ဘာကနေ ဆက်လုပ်ရမယ်ဆိုပြီးတော့ လက်တွေ့ကျကျ မေးခွန်းမျိုးတွေ မေးတာကြားရပါတယ်။ သမ္မတကြီးက ဘာပြန်ပြောလဲဆိုတော့ ဒီလိုကိစ္စတွေမှာ အထူးသဖြင့် ဒီလိုကိစ္စမျိုးမှာဆိုရင် အရင်တုန်းက ဝန်ကြီးဌာနနှစ်ခုနဲ့ဆက်ဆံနေရာကနေ အခုဝန်ကြီးဌာန တခုတည်းလုပ်တဲ့အတွက် မို့လို့ ဆက်သွယ်ရတဲ့ လုပ်ငန်းကိုင်ငန်းတွေ ပိုမိုပြီးတော့ ချောမွေ့လာအောင် ပိုပြီးတော့ စီစဉ်ပေးပါမယ်ဆိုပြီးတော့ အာမခံပြောသွားတာတွေ ကျနော်တို့ ကြားရပါတယ်။

မေး။ ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ ဦးသန်းလွင်ထွန်းရေ။

ဒါကတော့ နယူးယောက်မှာ သွားပြီးတော့ သတင်းယူနေတဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှုး နဲ့ တွေ့ဆုံမေးမြန်းခဲ့တာပါ။ နောက် US Asian Business Council မှာ တွေ့ဆုံဆွေးနွေးနေတုန်းမှာပဲ ကချင်တိုင်းရင်းသား လူငယ်ခြောက်ဆယ်လောက် အဲ့ဒီ့အဆောက်အဦးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေထဲက ကိုယ်စားလှယ်တွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးထဲကို ဖိတ်ခေါ်ပြီးတော့ သမ္မတနဲ့အတူ လိုက်ပါလာတဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးခင်ရီ၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့က ခေါ်ယူတွေ့ဆုံပြီးတော့ ကချင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ အချိန်တော်တော်ကြာ ရင်းရင်းနှီးနှီး ဆွေးနွေးရှင်းပြခဲ့တယ် လို့ သိရပါတယ်။ အခုလိုမတူညီတဲ့ သဘောထားပိုင်ရှင် ဒီဆန္ဒဖော်ထုတ်သူတွေကို မြန်မာအစိုးရ ကိုယ်စားလှယ်ရုံးထဲကို ရင်းရင်းနှီးနှီးတွေ့ဆုံရှင်းပြခဲ့တာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
XS
SM
MD
LG