သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ဟာ နိုင်ငံရေးအရ ထူးခြားမည့်နှစ်ဟု သမ္မတ ဦးသိန်းစိန်ပြော


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံကို မိန့်ခွန်းပြော။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံကို မိန့်ခွန်းပြော။

သမ္မတ ဦးသိန်းစိန် က ၂၀၁၅ ခုနှစ် အတွင်းမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ သူ့ရဲ့ ၂၀၁၄ နှစ်ကုန် အနှစ်ချုပ် ရေဒီယိုမိန့်ခွန်းမှာ ပြောဆို လိုက်ပါတယ်။ ဒီရွေးကောက်ပွဲမှာ နိုင်ငံရေး အင်အားစုတွေအနေနဲ့ ရွေးကောက်ပွဲ နည်းလမ်း အရ နိုင်ငံရေး အဖြေရှာဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ အတိုက်အခံ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ၂၀၁၅ ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူး ဆိုတာ ယတိပြတ် မပြောနိုင်သေးတဲ့ အကြောင်း ပြောခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ နိုင်ငံတော်သမ္မတက သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောသွားခဲ့တာဖြစ်ပါတယ်။ သမ္မတရဲ့မိန့်ခွန်း အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေဘက်က တုန့်ပြန်မှုကိုတော့ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

၂၀၁၄ ခုနှစ် နိုင်ငံတော် အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူကို အစီရင်ခံ တင်ပြချက် လို့ အမည်ပေးထားတဲ့ ဒီကနေ့ သမ္မတ မိန့်ခွန်းမှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးကို ဒီနှစ်ထဲမှာ ကျင်းပမယ်လို့ ပြောသွားတာပါ။ ဒီရွေးကောက်ပွဲမှာ နိုင်ငံရေး အင်အားစုတွေအားလုံး ပါဝင်ဖို့အရေးကြီးတယ်လို့ လည်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

"ဒီနှစ်အတွင်းမှာ ဒီမိုကရေစီ ပြု ပြင်ပြောင်းလဲရေးအတွက် အရေးပါဆုံး အဆင့်တစ်ဆင့် ဖြစ်တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးကာလနောက်ပိုင်း ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး သမိုင်းကို ပြန်ပြောင်း ကြည့်ရှုတဲ့အခါ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ ဆန့်ကျင်မှု၊ မပါဝင်မှုကို အမြဲတစေကြုံတွေ့ခဲ့ရပြီး နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်တဲ့ အခြေအနေမျိုး ဖန်တီးနိုင်ခဲ့ခြင်းမရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအင်အားစုများ အနေနဲ့ ရွေးကောက်ပွဲ နည်းလမ်း နဲ့သာ နိုင်ငံရေး အဖြေကို ရှာဖွေပြီး မှန်ကန်တဲ့ နိုင်ငံရေးရွေးချယ်မှု တွေပြုလုပ်ဖို့ ကြိုးပမ်းနေတဲ့ အခြေအနေများကြောင့်လည်း ၂၀၁၅ ဟာ နိုင်ငံရေးအရ ထူးခြားမှုရှိမယ့်နှစ် ဖြစ်ပါတယ်။"

ဒီဇင်ဘာလ ၃၀ ရက်နေ့တုန်းက ကျင်းပခဲ့တဲ့ အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က သူမအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူး ဆိုတာ ယတိပြတ် မပြောနိုင်သေးဘူးလို့ ပြောအပြီး ရက်ပိုင်းအတွင်းမှာပဲ သမ္မတက သူရဲ့မိန့်ခွန်းထဲမှာ နိုင်ငံရေးအင်အားစုတွေ အားလုံး ရွေးကောက်ပွဲ နိုင်ငံရေးကို ချဉ်းကပ်ဖို့ တိုက်တွန်းလာတာပါ။ ဒါပေမဲ့ တစ်ဖက်မှာတော့ အတိုက်အခံ အင်အားစုတွေက ၂၀၁၅ ရွေးကောက်ပွဲ ကို ပါဝင်စေချင်တယ်ဆိုရင် အခုထဲက ရွေးကောက်ပွဲ မတိုင်ခင် သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ရပ်ဖြစ်အောင် ပုံဖော်ပေးဖို့ လိုပြီလို့လည်း NLD ရဲ့ပြောခွင့်ရှိသူ ဦးဝင်းမြင့် က ဗွီအိုအေ ကိုပြောပါတယ်။

“သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲဆိုတာက ရွေးကောက်ပွဲကျင်းပတဲ့နေ့ကျမှ သန့်ရှင်းမျှတဖို့ မလိုဘူးလေ။ ရွေးကောက်ပွဲမတိုင်ခင် အခင်းအကျင်းတွေရော၊ ရွေးကောက်ပွဲနေ့ရော၊ ရွေးကောက်ပွဲ ပြီးတဲ့အခါမှာရော အငြင်းပွားမှုတွေ ဖြစ်တဲ့အခါမှာ ရွေးကောက်ပွဲ က သန့်ရှင်းမျှတဖို့ လိုတယ်လေ။ ဥပမာဆိုဗျာ တဦးတယောက်ဗျာ။ တဖွဲ့တပါတီကိုတော့ စည်းကမ်းကလနားတွေနဲ့ ကန့်သတ်ချုပ်ချယ် တားမြစ် ပိတ်ပင်ထားပြီးတော့ ကျန်တဲ့ စည်းကမ်းတွေက ကျန်တဲ့ တဦးတယောက် တဖွဲ့တပါတီနဲ့ပဲ ညီတယ် ဆိုပြီးတော့ ကျင်းပတယ်ဆိုလို့ရှိရင် အစကတည်းက ဒါက သန့်ရှင်းပြီး မျှတတဲ့ ရွေးကောက်ပွဲလို့ ပြောလို့မရဘူး။

သမ္မတ ဦးသိန်းစိန်က ဒီကနေ့ သူ့ရဲ့မိန့်ခွန်းထဲမှာ ၂၀၁၅ ခုနှစ်ထဲမှာ ပင်မနိုင်ငံရေး ဖြစ်စဉ်နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အခြေပြုတဲ့ အမျိူးသား ပြန်လည်စည်းလုံးညီညွှတ်ရေး၊ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ မြန်မာနိုင်ငံသစ် ပေါ်ပေါက်ဖို့ ၂၀၁၅ မှာ ဖော်ဆောင်ရမယ် လို့ ပြောပါတယ်။ သမ္မတ ရဲ့ပြောဆိုချက်တွေဟာ ယေဘုယျအားဖြင့် လက်ခံကြိုဖို့ ကောင်းပေမဲ့ ၂၀၁၅ ထဲမှာ ဘယ်လောက် အကောင်အထည် ဖော်နိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရမယ်လို့ ကချင် ဒီမိုကရေစီပါတီ ရဲ့ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာ က ပြောပါတယ်။

“သမ္မတကြီး တကယ် သူ သန္နိဋ္ဌာန်ချပြီးတော့မှ ပြောတဲ့စကားဆိုရင်တော့ ကျနော် ကြိုဆိုပါတယ်။ အဲ့သလိုလုပ်သွားနိုင်ဖို့လိုတယ်လို့ ကျနော်မြင်တယ်လေ။ ဒါပြည်သူလူထုအနေနဲ့က နည်းနည်းတော့ ဒီလို ပြောကြားချက်က မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးမျှော်လင့်ချက် တိုးပွားစေတာပေါ့။ ဒါပေမဲ့ တခုရှိတာက အဲ့တာက ပြောသလို လုပ်ဖို့က အရေးကြီးတာပေါ့။

သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ မိန့်ခွန်းထဲမှာ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စီပွားရေး တိုးတက်မှုတွေ၊ ပညာရေး ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍတွေမှာ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ကိန်းဂဏန်း အချက်အလက်တွေ နဲ့ ညွှန်းဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့က သူ့ရဲ့သတင်းစာ ရှင်းလင်းပွဲ အတွင်း သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် အုပ်ချုပ်ရေး ပိုင်းမှာ အောင်မြင်မှုဘာတွေ ရှိခဲ့သလဲ လို့ မေးမြန်းမှုအပေါ် သူက သမ္မတ ဦးသိန်းစိန်အစိုးရ ရဲ့အောင်မြင်မှုက ဘာလဲ ဆိုတာ ပြဖို့အတော် ခက်ခဲတယ်လို့ ပြောခဲ့ပါတယ်။

“အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ပတ်သက်လို့တော့ တကယ်ဆိုလို့ရှိရင် ဘယ်ဟာ အောင်မြင်သလဲဆိုတာ ကျမ သိပ်ပြီး ဖြေရခက်တာပဲ။ စဉ်းစားလို့မရဘူး။ ပြောကြပါဦး ဘယ်ဟာ အောင်မြင်သလဲလို့။ သေချာကို မရှိဘူး။ အဲ့တော့ သတင်းထောက်တွေပဲ ကိုယ့်ဘာသာကိုယ် ကြည့်ဖြေလိုက်ပါတော့။”

၂၀၁၅ ဇန်နဝါရီလ ၁ ရက်နေ့ မှာ ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ လတ်တလော ပြည်တွင်း မှာ အကြီးအကျယ် အငြင်းပွားစရာ ဖြစ်နေတဲ့ လက်ပံတောင်းတောင် မြေယာ ပြဿနာကြောင့် လူအသေအပျောက် ဖြစ်ခဲ့တဲ့ ကိစ္စကို ထည့်သွင်း မပြောဆိုခဲ့ပါဘူး။ ဒီအချက်နဲ့ ပတ်သက်ပြီးတော့လည်း အတိုက်အခံအင်အားစု အတော်များများက ဝေဖန်မှု တွေလည်း ရှိနေပါတယ်။

XS
SM
MD
LG