သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတလောင်း ၂ ဦး ရွေးကောက်ပွဲအကြို စကားစစ်ထိုး


Trump နဲ့ Harris တို့နှစ်ဦး စကားစစ်ထိုးနေကြစဉ် (စက်တင်ဘာ ၁၀၊ ၂၀၂၄)
Trump နဲ့ Harris တို့နှစ်ဦး စကားစစ်ထိုးနေကြစဉ် (စက်တင်ဘာ ၁၀၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၅ ရက်နေ့ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း ၂ ဦး မနေ့ညက စကားစစ်ထိုးခဲ့ကြပါတယ်။

Pennsylvania ပြည်နယ်၊ Philadelphia မြို့မှာ ဒေသစံတော်ချိန် စက်တင်ဘာ ၁၀ ရက်နေ့ည ၉ နာရီမှာ ပြုလုပ်တဲ့ စကားမတိုင်ခင်အထိ တကြိမ်မှ မတွေ့ဖူးခဲ့ကြပေမယ့် အခမ်းအနားအစမှာ လက်ဆွဲ နှုတ်ဆက်ကြပြီးတဲ့နောက် သိပ်မကြာခင်မှာဘဲ တဦးနဲ့တဦး အပြန်အလှန် ထိုးနှက် တိုက်ခိုက်ကြပါတယ်။

ကိုယ်စားလှယ်လောင်း ၂ ဦး အပြန်အလှန် ငြင်းခုန် ဆွေးနွေးကြတဲ့အထဲ စီးပွားရေး၊ သန္ဓေသားဖျက်ချခွင့်၊ အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ မက္ကဆီကို နယ်စပ်က ရွှေ့ပြောင်း အခြေချနေထိုင်သူတွေအရေး၊ အစ္စရေး-ဟာမတ်စ်စစ်ပွဲ၊ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်၊ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ Trump ရှုံးနိမ့်သွားခဲ့ပြီးတဲ့နောက် ရွေးကောက်ပွဲရလဒ်ကို လွှတ်တော်က အတည်မပြုနိုင်အောင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ Trump ကို ထောက်ခံသူတွေက လွှတ်တော်အဆောက်အဦကို အကြမ်းဖက် ဝင်စီးခဲ့တဲ့ကိစ္စ စတဲ့အကြောင်းအရာအစုံ ပါဝင်ပါတယ်။

၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ သမ္မတ Joe Biden ကို Trump ရှုံးသွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ ဒုသမ္မတ Harris က - သူ့ကို အမေရိကန်ပြည်သူ ၈၁ သန်းက အလုပ်ဖြုတ်လိုက်တာလို့ ပြောလိုက်တဲ့စကားအပေါ် Trump အနေနဲ့ အတော်လေး ခံရခက်ခဲ့ပုံရပါတယ်။ ကိုယ်စားလှယ်လောင်း ၂ ဦးဟာ တဦးပြောတဲ့စကားအပေါ် နောက်တဦးက ခေါင်းခါပြီး အသံတိတ် အကြိမ်ကြိမ် ငြင်းဆိုခဲ့ကြသလို Trump ပြောတဲ့ စကားတချို့အပေါ် ဒီမိုကရက်သမ္မတလောင်း Harris က အသံထွက်ပြီး ရယ်ခဲ့ပါတယ်။

ကိုယ်စားလှယ်လောင်း ၂ ဦးအနေနဲ့ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်လို့ ခန့်မှန်းရတဲ့ ဒီ စကားစစ်ထိုးပွဲကို သန်းပေါင်းများစွာသော အမေရိကန်ပြည်သူတွေ ကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG