သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံရေး အင်အားစုတွေနှင့် သမ္မတ ဦးသိန်းစိန် တွေ့မည်


ဗိုလ်ရှု့ခံစင်မြင့်ထက်က သမ္မတဦးသိန်းစိန်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ နိုင်ငံရေးထိပ်သီးခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို လာမယ့် တနင်္လာနေ့မှာ တွေ့ဆုံဖို့ နိုင်ငံတော် သမ္မတက ဖိတ်ကြားထားပါတယ်။ ဒီဆွေးနွေးပွဲရဲ့ ထူးခြားချက် ကတော့ တိုင်းရင်းသားခေါင်းဆောင်တွေကို အများစု ထည့်သွင်း ဖိတ်ကြားတာဖြစ်ပြီး တက်ရောက်မယ့်ပါတီ တချို့ကတော့ ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားဆွေးနွေးဖို့ ပြင်ဆင် ထားကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လေးပွင့်ဆိုင်တွေ့ဆုံဖို့၊ ၆ပွင့်ဆိုင်တွေ့ဆုံဖို့နဲ့ ၁၂ပွင့်ဆိုင်တွေ့ဆုံဖို့ဆိုပြီး အကြံပြုတောင်းဆိုသံတွေ ထွက်ပေါ်လာပြီးတဲ့နောက် နိုင်ငံရေးအင်အားစု အတော်များများ ပါဝင်တဲ့ ဆွေးနွေးပွဲတရပ် ကျင်းပဖို့ နိုင်ငံတော်သမ္မတက ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို နိုင်ငံရေးထိပ်သီးခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကို အဓိက ထားဖိတ်ကြား ထားသလို ဆွေးနွေးမယ့် အချက်တွေကိုလည်း ဖိတ်စာမှာ တခါတည်း ထည့်သွင်းဖော်ပြထားပါတယ်။

လာမယ့် ၁၂ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပမယ့် တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (NBF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်က အခုလို ပြောပါတယ်။

"ကျနော့်ဆီတော့ ဖိတ်စာတော့ ရောက်လာတာပေါ့နော်။ အဲ့မှာ သူပေးထားတဲ့ အစီအစဉ်ကတော့ သုံးခုပေါ့ဗျာ။ အဲ့ဒီ့မှာ တခုအနေနဲ့ ကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ် ထွန်းစေရေး၊ နောက်တခုက ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံပြီး အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး၊ဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေး၊ နောက် လွတ်လပ်ပြီး တရားမျှတသော ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ များ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး၊ ညင်သာသော အသွင် ကူးပြောင်းမှု နိုင်ငံရေးလုပ်ငန်းစဉ်များ ပေါ်ပေါက်ရေးနဲ့ ကျန်ရှိနေသေး သည့် နိုင်ငံရေးတည်ငြိမ်မှုရှိရေး တို့အပါအဝင် နိုင်ငံရေးကိစ္စရပ်များကို ရှင်းလင်းမည်ဖြစ်ပါသည်တဲ့။"

ချင်းအမျိုးသားတိုးတက်ရေးပါတီကတော့ ငြိမ်းချမ်းရေးကိစ္စရပ်ကို အလေးထားဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ လည်း ပြောပါတယ်။

"အဲ့ဒီ့အထဲမှာ ကျနော် အဓိက ဆွေးနွေးချင်တာက နံပတ်နှစ်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ့ဗျာ။ ဒီ Peace Process နဲ့ပတ်သက်လို့ အချိန်ရရင် ရသလောက် ကျကျနနလေး ကျနော် ဆွေးနွေးချင်တာပေါ့။ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်တာလေ။ အချိန်မရရင်တောင်မှ ကျနော် စာတမ်းပြုစုပြီးတော့ ဒီစာတမ်းကို ကျနော် တင်ပြပြီးတော့ ဆွေးနွေးမှာဖြစ်ပါတယ်။ အချိန်က စကားပြောမယ် ဆိုတဲ့အတွက်ကြောင့် ကျနော်နဲ့ဆွေးနွေးဖော်၊ ဆွေးနွေးဖက်တွေလည်းပဲ စာတမ်းတွေ အသေအချာပြုစုစေချင်တာပေါ့လေ။"

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီNDFဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ငြိမ်းချမ်းရေးကိစ္စကို အဓိက တင်ပြမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

"ငြိမ်းချမ်းရေးကိုတော့ ကျနော်တို့ဦးစားပေး ဆွေးနွေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ကျန်တာတွေလည်း ဆွေးနွေးမှာပါ။ မိုနိုလော့ခ်မဟုတ်ပဲ ဒိုင်ယာလော့ခ်ဖြစ်မလား။ စကားပြောသူတွေရဲ့အားလုံးစုပေါင်း သဘောတူညီချက် Principal Agreement တခုရလို့ရှိရင် ကြေညာချက် တခုထုတ်မလားပေါ့။ သမ္မတ ကိုတော့ ကျနော်တို့ တင်ပြမှာပေါ့ဗျာ။ အရင်အပတ်ကလည်း ကျနော် တင်ပြခဲ့တာပဲလေ။ ဒါပေမဲ့ မထုတ်ခဲ့ဘူးပေါ့။ အခုအပတ်တော့ ထုတ်ဖို့ကောင်းတယ်လို့ ကျနော် အဦးဆုံးတင်ပြဖို့ ရှိပါတယ်။

ဦးခင်မောင်ဆွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ကျင်းပတဲ့ နိုင်ငံရေးအင်အားစု ၅ဖွဲ့ တွေဆုံတဲ့ဆွေးနွေးပွဲမှာ ဖက်ဒရယ်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(FDA) ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်ခဲ့ပါတယ်။

တနင်္လာနေ့မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီSNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးတို့လည်း ပါဝင်တက်ရောက်ဖို့ ရှိနေပါတယ်။ SNLDပါတီက အဓိက တင်ပြမယ့်အချက်တွေကိုတော့ ပါတီရဲ့ ပြောခွင့်ရသူ ဦးစိုင်းလိတ်က အခုလို ပြောပါတယ်။

" ကျနော်တို့က အဓိကကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စပါပဲ။ ငြိမ်းချမ်းရေး လက်မှတ်ရေး မထိုးနိုင်လို့ရှိရင် နိုင်ငံရေးဆွေးနွေးပွဲ ကလည်း ပေါ်ပေါက်လာစရာ အကြောင်းမရှိဘူးလေ။ နို်င်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက် လာမှသာလျှင် ကျနော်တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လိုပုံစံနဲ့ ပြုပြင်လို့ရမယ် ဆိုတာ ဆွေးနွေးလို့ရမှာကိုး။ နောက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အဲ့တာလည်း အဓိက လိုအပ်ပါတယ်။ အဲ့ဒီ့မှာ ရွေးကောက်ပွဲ နည်းဥပဒေတွေ မြန်မြန်ဆန်ဆန် ဖော်ထုတ်ပေးဖို့ တရားမျှတစွာ ပြဋ္ဌာန်းပေးဖို့ နောက်တချက် ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက် အတိအကျပြဋ္ဌာန်းပေးဖို့ ဒါတွေကလည်း တောင်းဆိုရမှာပေါ့နော်။"

လက်ရှိကျင်းပမယ့် ဆွေးနွေးပွဲအပေါ် ဦးစိုင်းလိတ်က အခုလို သုံးသပ်ပါတယ်။

"ထူးခြားပြီးတော့မှ ထိရောက်တဲ့ အဖြေမျိုးတော့ ထွက်လိမ့်မယ် ကျနော် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်မယ်ဆိုရင် ကိုယ်စားပြုမှု၊ ကိုယ်စားပြုနိုင်မှု အင်မတန်ကို နည်းတာကို တွေ့ရပါတယ်။ ဥပမာ တိုင်းရင်းသားရေးရာဝန်ကြီးတွေဟာ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်တွေ မဟုတ်သလို ပါတိကို ကိုယ်စားပြုပြီးတော့လည်းမည်မည်ရရ တင်ပြနိုင်ခွင့်ရှိမယ်လို့ မထင်ဘူးလေ။ အဲ့တာကြောင့်မို့ လူသိပ်များပြီးတာ့မှ အချိန်မရမှာလည်း ကျနော်တို့စိုးရိမ်တယ်။ ထိရောက်တဲ့ ဆွေးနွေးမှုမျိုး မလုပ်နိုင်မှာကိုလည်း စိုးရတယ်။ ဒါကြောင့်မို့လို့ ဟန်ပြဖြစ်တဲ့ အနေအထားမျိုးတောင် ရောက်သွားမလားလို့ ကျနော် စိုးရိမ်ပါတယ်ခင်ဗျ။"

လာမယ့်ဆွေးနွေးပွဲမှာ နိုင်ငံရေးထိပ်သီးခေါင်းဆောင်တွေ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ဖိတ်ကြားထားကြောင်းသာ သိရှိရပြီးအခြားဘယ်သူတွေ ပါဝင်မယ်ဆိုတာကိုတော့ အတိအကျမသိရပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာလက ကျင်းပတဲ့ နိုင်ငံရေးအင်အားစု ၅ဖွဲ့ တွေ့ ဆုံတဲ့ဆွေးနွေးပွဲ မှာတော့ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ ၂ဦး၊ လွှတ်တော် ဥက္ကဋ္ဌ ၂ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုဦးစီးချုပ် ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီနဲ့ အင်အားစုတွေက ခေါင်းဆောင်တွေ စုစုပေါင်း ၁၄ဦး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ တက်ရောက်သူတဦးကို ၁၀မိနစ်သာဆွေးနွေးခွင့်ရခဲ့ပြီး ဘာရလာဒ်မှ မထွက်တဲ့ ထိပ်သီးဆွေးနွေးပွဲအဖြစ် ဝေဖန်တာတွေလည်း ရှိခဲ့ပါတယ်။

XS
SM
MD
LG