သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂ္ဂလိကပိုင် သတင်းစာတွေ ထုတ်ဝေခွင့်ရမည်


မြန်မာ့သတင်းစာ၊ ဂျာနယ် လက်ကားဈေးကွက်တွင် စာစောင်များကို ထုတ်ယူနေကြစဉ်။
မြန်မာ့သတင်းစာ၊ ဂျာနယ် လက်ကားဈေးကွက်တွင် စာစောင်များကို ထုတ်ယူနေကြစဉ်။
မြန်မာနိုင်ငံမှာ နေ့စဉ်သတင်းစာတွေ ထုတ်ခွင့်ရတဲ့အခါမှာ လွတ်လပ်မျှတတဲ့ သတင်းတွေ ထုတ်ပြန်နိုင်ရေးမှာ သတင်းသမားတွေမှာလဲ တာဝန်ရှိတယ်လို့ မြန်မာနိုင်ငံသတင်းစာများအသင်း တာဝန်ရှိသူ တယောက်က ပြောလိုက်ပါတယ်။ လာမဲ့ နှစ် April လ ၁ ရက်နေ့က စလို့ လွတ်လပ်တဲ့ ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာတွေ ထုတ်ဝေခွင့်ပြုတော့မယ်လို့ ဒီကနေ့ သောကြာနေ့မှာ အစိုးရက ကြေညာခဲ့တဲ့အပေါ်မှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်၊ ဘယ်လို သတင်းစာတွေ ထုတ်ခွင့်ပြုမှာလဲ၊ ဘယ်သူတွေ ထုတ်ဝေခွင့်ရှိသလဲ ဆိုတဲ့အကြောင်း အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

သမ္မတဦးသိန်းစိန်စိုးရသက်တမ်း ၂ နှစ်ပြည့်တဲ့ 2013 ခုနှစ် April လ ၁ ရက် နေ့က စလို့ ပုဂ္ဂလိကပိုင် နေ့စဉ် သတင်းစာတွေကို ထုတ်ဝေခွင့်ပြုတော့မယ် လို့ ပြန်ကြားရေး ဝန်ကြီးဌာနက ကြေညာပြီးတော့ သတင်းစာထုတ်ဝေချင်တဲ့သူတွေ February လ ၁ ရက်နေ့က စတင် လျှောက်နိုင်ကြောင်း အသိပေးလိုက်ပါတယ်။ အဲဒီလို နေ့စဉ် သတင်းစာတွေ ထုတ်ဝေတဲ့အခါမှာ ပြည်သူတွေ သတင်းမှန်ရဖို့ အများအတွက် အကျိုးရှိတဲ့ သတင်းတွေ ရေးနိုင်ဖို့မှာ အစိုးရဌာနတွေဆီကို သတင်းထောက်တွေ လွယ်လွယ်ကူကူ ဆက်သွယ်စုံစမ်းနိုင်ဖို့ အရေးကြီးသလို၊ သတင်းသမားတွေဘက်မှာလဲ တာဝန်ရှိတယ်လို့ မြန်မာနိုင်ငံသတင်းစာဆရာအသင်း နိုင်ငံတကာ ဆက်ဆံရေးတာဝန်ခံ ဦးအောင်လှထွန်းက ပြောပါတယ်။

“သတင်းသမားတွေအတွက် Transparency ရှိဖို့နဲ့ Accessibility ရှိဖို့ လိုပါတယ်။ Accessible ဖြစ်ဖို့လိုပါတယ် ဌာနဆိုင်ရာတွေမှာလေ။ သတင်းရရှိနိုင်ဖို့ အလားအလာလေ။ Transparency ရှိရမယ်၊ အစိုးရဌာနပိုင်းကပတ်သတ်ရင်လည်း။ နောက် သူတို့အပိုင်းကလည်း Ethic ပိုင်းကလည်း ရှိရမှာပေါ့နော်။ လွတ်လပ်မျတတယ်ဆိုတာက ကျနော်ထင်တာက သတင်းထောက်၊ သတင်းစာဆရာ အပိုင်းကလည်း တာဝန်ရှိရလိမ့်မယ်ထင်ပါတယ်။ သတင်းစာသမားတွေ ကျင့်ဝတ်ပေါ့၊ ကျင့်ဝတ်ပိုင်းကို နည်းနည်း ပြုစုပျိုးထောင်ဖို့လိုမယ်ထင်ပါတယ်။”

ဦးသိန်းစိန်အစိုးရလက်ထက်မှာ သတင်းလွတ်လပ်ခွင့် အရင်ထက် ပိုရှိလာတဲ့ အတွက် နေ့စဉ်သတင်းစာလုပ်မဲ့ သတင်းသမားတွေမှာ အထောက်အကူ ရစေလိမ့်မယ်လို့ ပြောပါတယ်။

“ ကျနော်တို့တခေတ်ပေါ့လေ။ ကျနော်တို့မျိုးဆက်တခုက ပုဂ္ဂလိကသတင်းစာဆိုတာ မြင်မှ မမြင်ဖူးတာလေ။ ၆၂မတိုင်ခင်က ပုဂ္ဂလိကသတင်းစာ ၂ဒါဇင်လောက်ရှိခဲ့ပါတယ်။ အင်္ဂလိပ်ရော၊ မြန်မာလိုရော၊ တရုတ်လိုရော၊ တမီးလ်လည်းရှိပါတယ်။ ကျနော် သုတေသန လုပ်ထားတဲ့ အတွေ့အကြုံအရကတော့လေ။ အမျိုးကို ၂၀ကျော်လောက် ရှိခဲ့ဖူးတယ်။ အဲ့ဒီ့နောက်ပိုင်းမှာ နိုင်ငံပိုင်သတင်းစာပေါ့၊ ဒါပေမဲ့ ဒီအစိုးရတက်လာပြီးနောက်ပိုင်းမှာတော့ နည်းနည်း အပြောင်းအလဲပေါ့လေ။ Media Reform ကလည်း စတင်လာခဲ့တယ်။ အဲ့တာတွေကလည်း ဒီဟာအတွက် အထောက်အကူပြုလိမ့်မယ်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အယ်ဒီတာတွေ၊ သတင်းထောက်ပိုင်းကလည်း ကိုယ့်ဘာသာကိုယ် Ethic ပိုင်းကို တဖြေးဖြေး အလေ့အကျင့် ပြုစုပျိုးထောင်ခွင့်ရခဲ့တယ်လို့ ယူဆပါတယ်။”

April လ ၁ ရက်နေ့ကစပြီး ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာတွေကို တိုင်းရင်းသား ဘာသာစကားတမျိုးမျိုးဖြစ်စေ၊ နိုင်ငံခြား ဘာသာစကားတမျိုးမျိုးနဲ့ ဖြစ်စေ ထုတ်ဝေခွင့် ပြုမှာဖြစ်ပါတယ်။

“တိုင်းရင်းသားဘာသာနဲ့ သတင်းစာ ထုတ်ဝေခွင့်ပေးတယ်ဆိုတော့ တော်တော်လေး နားလည်မှုပေးတယ်လို့ ယူဆနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အရင်က ဒါကို နည်းနည်း ချုပ်ချယ်မှုတွေ၊ ခြယ်လှယ်မှုတွေရှိခဲ့တာပေါ့လေ။ တချို့တိုင်းရင်းသားဘာသာစကား မသင်ရ၊ မပြောရ ဘာညာ။ ဒါလည်းတော်တော်ကောင်းပါတယ်။ ဒါလည်း အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် တော်တော်ကောင်းပါတယ်။”

လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံပိုင်နေ့စဉ်သတင်းစာတွေကလွဲလို့ နေ့စဉ်ထုတ် သတင်းစာတွေ မရှိရာက ပုဂ္ဂလိကကို နေ့စဉ်သတင်းစာတွေ ထုတ်ဝေခွင့်ပြုလိုက်တဲ့အတွက် တွေ့လာရနိုင်တဲ့ အခက်အခဲတွေကရော ဘာတွေ ရှိနိုင်ပါသလဲ။

“ကျနော်ထင်တာတော့ Experiences က သိပ်အရေးကြီးလိမ့်မယ်ထင်ပါတယ်။ အတွေ့အကြုံပိုင်းနဲ့ ပတ်သက်လို့။ Daily သတင်းစာရဲ့ Nature က နေ့စဉ်ထုတ်ဆိုတော့ ဖောင်ပိတ်ချိန် ( Dead Line ) က အရေးကြီးပါတယ်။ Daily Paper ဆိုတော့လေ နည်းနည်းအချိန်ကြာသွားရင် သတင်းတွေက Fresh မဖြစ်တော့ဘူးပေါ့။ အဲ့ဒီ့အပိုင်းမှာ အခက်အခဲက တော်တော်များများ ရှိလာနိုင်ပါတယ်။ နည်းပညာအားဖြင့်လည်း ရှိနိုင်တယ်။ ပုံနှိပ်စက်အခက်အခဲတွေ၊ Power ပိုင်းတွေ Infrastructure ပိုင်းတွေမှာပေါ့လေ။ အခုလောလောဆယ်ကတော့ လျှပ်စစ်မီးရတဲ့အခါ ရှိတာပေါ့လေ။ လွန်ခဲ့တဲ့ ငါးလလောက်ကဆိုရင် အစိုးရသတင်းစာတွေတောင်မှ တခါ တခါ ထွက်တာ နောက်ကျပါတယ်။ ဘာဖြစ်လို့ဆိုတော့ မီးမလာဘူး။ မီးပျက်နေလို့။ နောက်တခုက ကျနော်ထင်တာ တော်တော်တော့ ပြိုင်ကြရလိမ့်မယ်ထင်ပါတယ်။ သတင်းစာတွေကလေ။ အခုဂျာနယ်တွေက ၁၇၀ကျော်၊ ၁၈၀လောက်ရှိမယ်ထင်ပါတယ်။ ၂၀၀နီးပါးလောက်ပေါ့။ ဂျာနယ်အများစုဟာ သူတို့သတင်းတွေကို တယောက်နဲ့တယောက် သွားယူကြတာ တူတာ တော်တော်တွေ့ရပါတယ်။ အကြောင်းအရာ၊ ရေးသားတင်ပြပုံ၊ အားလုံး တခါတခါ တော်တော်လေးကို ဆင်နေတာတွေ့ရပါတယ်။ သတင်းစာထုတ်လာပြီဆိုတော့ ကျနော်ထင်တယ်။ ဂျာနယ်တွေ၊ သတင်းစာနဲ့ယှဉ်ရင်တော့ တော့်တော့်ကို ပြိုင်ယူရလိမ့်မယ်ထင်ပါတယ်။ အဲ့လိုပြိုင်ရင်း ပြိုင်ရင်းနဲ့ အရည်အသွေးထက်မြက်တဲ့ သတင်းစာသမားကောင်းတွေ ပေါ်ထွန်း လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံသတင်းစာဆရာအသင်း နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးအောင်လှထွန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိရေးဆွဲနေတဲ့ စာနယ်ဇင်း ဥပဒေမူကြမ်းသစ်ကိုလဲ ပုဂ္ဂလိကပိုင် နေ့စဉ် သတင်းစာတွေ ထုတ်ဝေခွင့်မပြုခင်မှာ အပြီးသတ် အတည်ပြုနိုင်မယ်လို့ မျှော်လင့်တယ်လို့ လဲ သူကပြောပါတယ်။
XS
SM
MD
LG