သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂ္ဂလိက သတင်းစာတွေ ရောင်း အားကောင်း


ရန်ကုန်မြို့က သတင်းစာ၊ ဂျာနယ်အရောင်းဆိုင်မြင်ကွင်း။
ရန်ကုန်မြို့က သတင်းစာ၊ ဂျာနယ်အရောင်းဆိုင်မြင်ကွင်း။
လူထုတွင်းနေ့စဉ် ဖြစ်ပျက်နေတဲ့ လက်ရှိအခြေအနေတွေကို ဦးစားပေးဖော်ပြတဲ့အတွက် ပုဂ္ဂလိကသတင်းစာတွေအပေါ် ပြည်သူလူထုက ပိုစိတ်ဝင်စားမှုရှိပြီး ဈေးကွက်ထဲမှာ ဝယ်လိုအားကောင်းတဲ့အတွက် ပုဂ္ဂလိက သတင်းစာတွေရဲ့ ရောင်းအား ကလည်း မြင့်တက်လာနေပါတယ်။ အခုလို ပုဂ္ဂလိကသတင်းစာတွေ ထွက်ပေါ်လာတဲ့အတွက် အပတ်စဉ်ထုတ် ဂျာနယ်တွေရဲ့ရောင်းအားဟာ မှေးမှိန်သွားနိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန်က တင်ပြထားပါတယ်။

ပုဂ္ဂလိကသတင်းစာတွေ စတင်ထုတ်ဝေခဲ့တာ အခုဆိုရင် သီတင်းတပတ်နီးပါးရှိပြီ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကာလ နောက်ပိုင်း ဆယ်စုနှစ်များစွာအတွင်းမှာ မြန်မာနိုင်ငံမှာ ပထမဆုံး ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာတွေကို ပြီးခဲ့တဲ့ ဧပြီလဆန်းက စတင်ထုတ်ဝေခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိ ထုတ်ဝေနေကြတဲ့ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ ကတော့ The Voice Daily၊ စံတော်ချိန်၊ ရွှေနိုင်ငံသစ်နဲ့ ပြည်ထောင်စု စတဲ့ သတင်းစာ ၄ စောင် ဖြစ်ပါတယ်။

ဝယ်ယူဖတ်ရှုသူများတဲ့အတွက် ပုဂ္ဂလိကသတင်းစာ ဈေးကွက်ထဲမှာ ရက်ပိုင်းအတွင်းမှာပဲ စောင်ရေတွေ တိုးလာပြီး ရောင်းအားကောင်းနေတဲ့ အတွက် ပြည်သူလူထုက ပုဂ္ဂလိကသတင်းစာရဲ့ လွတ်လပ်တဲ့ သတင်းတင်ပြမှုအပေါ် စိတ်ဝင်စားမှုတွေကို ပြသလိုက်တာပဲဖြစ်တယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ပြောပါတယ်။

“သတင်းကိုရွေးဖတ်တဲ့သူတွေကတော့ ဖတ်တယ်လေ။ ဖတ်တယ်ဆိုတာ က လေး-ငါးရက်အတွင်းကို သူက စောင်ရေက နှစ်ဆလောက် တက်လာတယ်။ ဥပမာ The Voice ဆိုရင်လည်း နှစ်သောင်းကနေပြီးတော့ လေးသောင်းကျော်၊ ငါးသောင်း ဖြစ်လာတာပေါ့နော်။ ရွှေနိုင်ငံဆိုရင်လည်း တစ်သိန်းကျော်လောက်တော့ သူလည်း ထုတ်နေရတာပဲ။ ထုတ်နေရတော့ အခုကြည့်တော့ ဆိုင်တွေက သူတို့ကတော့ ဖြန့်ချိရေးက သေသေ ချာချာ ချောင်ကြိုချောင်ကြားရောက်အောင်တော့ သူတို့မဖြန့်နိုင်သေးဘူး။ ဒါပေမဲ့ ရောင်းလို့တော့ ကုန်သွားတာပေါ့နော်။ ကုန်သွားတော့ အကြမ်းဖျင်း ပြောရရင်တော့ စပြီးတော့ လူတွေကြားထဲကို စရောက်ပြီပေါ့။ ဒါပေမဲ့ ဂျာနယ်တွေကို ဖယ်ထုတ်တဲ့အဆင့်ထိတော့ မဖြစ်သေးဘူး။ ဒါပေမဲ့ သိပ်မကြာပါဘူး အဲဒါကတော့။ အဲဒီသတင်းစာတွေ အကုန်လုံး အပြိုင်အဆိုင်ထွက်လာရင်တော့ ဂျာနယ်ကို လုံးဝဖယ်သွားလိမ့်မယ်လေ။”

သတင်းစာ ထုတ်ဝေခွင့် လျှောက်ထားခဲ့ကြတဲ့အထဲမှာ လောလောဆယ် သတင်းစာ ၁၆ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာန ကနေ ထုတ်ဝေခွင့် ပေးထားပြီး သတင်းစာ ၄ စောင် စပြီးထုတ်ဝေနေကြ တာဖြစ်ပါတယ်။ အခုလက်ရှိထုတ်ဝေနေတဲ့ ပုဂ္ဂလိကသတင်းစာတွေအနေနဲ့ ရန်ကုန်နဲ့ နယ်တွေမှာ ဝယ်လိုအားကောင်းနေပြီးတော့ စောင်ရေက လည်း နှစ်ဆတိုးလာနေတယ်လို့ The Voice Daily သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။

“စထုတ်တဲ့နေ့က နှစ်သောင်းခွဲ၊ ဒုတိယရက်မှာ သုံးသောင်း၊ နောက်တတိယ ရက်မှာ သုံးသောင်းခွဲ၊ အခုနောက်ဆုံးမှာ လေးသောင်း။ အဲဒါက သတင်းကတော့ အပတ်စဉ်မှာဖော်ပြတဲ့ဟာတွေကို နေ့စဉ်မှာ ဖော်ပြတာပါပဲ။ အပတ်စဉ်မှာ အရင်ကဖော်ပြတယ်။ အခုနေ့စဉ်မှာဖော်ပြတယ်။ ဒါပါပဲ။”

အခုထုတ်ဝေနေကြတဲ့ ပုဂ္ဂလိကသတင်းစာတွေ အများစုကတော့ လက်ရှိ ပြည်သူလူထုကြားဖြစ်ပွားနေတဲ့ သတင်းထူးတွေကို ဦးစားပေး ဖော်ပြနေကြပြီး အစိုးရထုတ် နေ့စဉ်သတင်းစာတွေနဲ့ယှဉ်ရင်တော့ အစိုးရသတင်းကို အချိန်နဲ့တပြေးညီဖော်ပြနိုင်ခွင့် နည်းနေသေးတယ်လို့လည်း သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ဆက်ပြောပါတယ်။ ဒါပေမဲ့ အစိုးရနဲ့နီးစပ်တဲ့ အာဏာရပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ထုတ်ဝေတဲ့ သတင်းစာမှာတော့ အစိုးရသတင်းစာမှာပါတဲ့ သတင်းတွေအတိုင်း အချိန်ကိုက် ဖော်ပြနိုင်ခွင့်ရှိတာကို တွေ့ရတယ်လို့လည်း သူကပြောပါတယ်။

“လူထုကတော့ အခုဟာက ဈေးသက်သာတာရော၊ နောက်ပြီးတော့ သူက အစိုးရနဲ့ပတ်သက်တဲ့ဟာတွေ ကလည်း သူ့မှာ အစုံဆုံးဖြစ်တာကိုး။ ဆိုတော့ သူ့ကိုတော့ ဘယ်လိုမှ သွားပြိုင်ဆိုင်လို့မရသေးဘူး။ အဲဒါလည်း သတင်းစာထုတ်တဲ့သူတွေလည်း ကြိုးစားနေကြ တာပေါ့လေ။ ပြည်ထောင်စုနေ့စဉ် ဆိုရင် ဒါ ကြံ့ခိုင်ရေးက ထုတ်တာကိုး။ သူကတော့ အဲဒီသတင်းစာနဲ့ တပုံစံတည်းပဲ။ ဒါကြောင့်လဲ ဟိုဟာကိစ္စတွေ အငြင်းပွားတာ ပေါ်လာတာပေါ့။ အစိုးရသတင်းတွေနဲ့ ပတ်သက်ရင် ပြန်ကြားရေးက သူတို့သတင်းတွေရောင်းမယ်တို့ ဘာတို့ ဦးရဲထွဋ်တို့ ပြောလာကြတဲ့အခါ ကျတော့ သူတို့မှာ အငြင်းပွားမှုတွေ ဘာတွေ ပေါ်လာတယ်။ အဲဒါတွေကတော့ မရသေးဘူးပေါ့နော်။ နောက် တဖြည်းဖြည်းနဲ့တော့ ဒါက ရသွားမှာပေါ့။”

နေ့စဉ်သတင်းစာထုတ်ဝေဖို့ ပြင်ဆင်နေကြတဲ့အထဲမှာ လက်ရှိ အပတ်စဉ်ဂျာနယ် ထုတ်ဝေနေတဲ့ ဂျာနယ်တိုက်တချို့ ပါဝင်နေပြီးတော့ နေ့စဉ်သတင်းဦးတဲ့အတွက် နောက်ပိုင်းမှာ အပတ်စဉ် ဂျာနယ်တွေရဲ့အခန်းကဏ္ဍဟာ မှေးမှိန်သွားဖွယ် ရှိတယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။ အခုလက်ရှိထုတ်ဝေနေတဲ့ ပုဂ္ဂလိသတင်းစာတွေ အပါအဝင် နောက်ပိုင်းမှာ နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ ထုတ်တာတွေ အရေအတွက် ပိုများလာမယ်ဆိုရင်တော့ အပတ်စဉ်ဂျာနယ်တွေ ရဲ့ ရောင်းအားက သိသိသာသာ ကျသွားနိုင်တယ်လို့လည်း ဦးစည်သူအောင်မြင့်က ဆိုပါတယ်။

“အားလုံးက အခု ထွက်လာကြမှာပဲလေ။ ထွက်လာကြတဲ့အခါကျရင် အစိုးရသတင်းစာနဲ့ပြိုင်ဆိုင်မှုက ဒါကတော့ တပိုင်း ဖြစ်လိမ့်မှာပေါ့။ ဒီဘက်မှာ အရေးကြီးတာက အရင်တုန်းက သတင်းစာမရှိခင်မှာ အပတ်စဉ်သတင်းစာ ဆိုပြီးတော့မှ အဲဒါတွေက တကယ်တော့ ဂျာနယ်တွေပေါ့။ အဲဒါတွေ ကတော့ မှေးမိန်သွားမှာတော့ လုံးဝသေချာတယ်။ ဒါကတော့ ပြောဖို့ကိုမလိုဘူး။ လုံးဝသေချာတယ်။ သူက တပတ်မှတကြိမ် ထုတ်ရတဲ့သတင်းတွေ ဆိုတော့ သတင်းတွေပါတယ်၊ ဆောင်းပါးတွေပါတယ်။ အများစုကတော့ အဲဒါတွေ မှေးမိန်သွားမှာသေချာတယ်။”

အခုလက်ရှိအနေအထားမှာတော့ သတင်းစာထုတ်ဝေသူတွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် နယ်ဈေးကွက်တွေအထိ ဖြန့်ဖို့တော့ အခက်အခဲ ရှိနေသေးပြီး အချိန်အကန့်အသတ်နဲ့ ပေးနေတဲ့ လျှပ်စစ်ဓာတ်အားကြောင့်လည်း အချိန်မီ ပုံနှိပ်ထုတ်ဝေမှုတွေမှာ အခက်အခဲရှိတယ်လို့ သိရပါတယ်။ လာမယ့် ၂၀၁၃ သင်္ကြန်ကာလ အပြီးမှာတော့ လက်ရှိထုတ်ဝေနေတဲ့ သတင်းစာလေးစောင် အပြင် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခွင့်ပြုထားတဲ့ ပုဂ္ဂလိကသတင်းစာ ၁၆ စောင်ထဲက တချို့သတင်းစာတွေကိုလည်း ထုတ်ဝေဖို့ ပြင်ဆင်နေကြပြီး သင်္ကြန်အလွန်ကာလမှာတော့ စတင်ထုတ်ဝေနိုင်ခြေရှိပါတယ်။
XS
SM
MD
LG