သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈၈၈ နှစ်ပတ်လည် အထိမ်းအမှတ် မြန်မာနိုင်ငံမှာ ဆန္ဒပြလှုပ်ရှား


မုံရွာ ရှစ်လေလုံးလှုပ်ရှားမှု (သြဂုတ် ၈၊ ၂၀၂၃)
မုံရွာ ရှစ်လေလုံးလှုပ်ရှားမှု (သြဂုတ် ၈၊ ၂၀၂၃)

ရှစ်လေးလုံး လူထုလှုပ်ရှားမှု ဒီကနေ့ ၃၅ နှစ်ပြည့်ခဲ့ပြီဖြစ်ပေမဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ အိပ်မက်တွေကတော့ အပြည့်အဝ အကောင်အထည် မပေါ်လာသေးဘူးလို့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။ ဒီအတွက် အလွှာအသီးသီးက ပြည်သူတွေရဲ့ ပါဝင်မှုအားက အရေးကြီးတဲ့အကြောင်းလည်း ထောက်ပြပြောဆိုကြပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ မြန်မာနိုင်ငံအတွင်းက နေရာဒေသအတော်များများမှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ အထိမ်းအမှတ် အခမ်းအနားတွေ ပုံစံမျိုးစုံနဲ့ ကျင်းပနေကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ တပါတီ အာဏာရှင်စနစ်ကို ကျောင်းသားလူငယ်တွေ ဦးဆောင်ပြီး ဆန့်ကျင်တွန်းလှန်ဆန္ဒပြခဲ့တဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုဟာ ဒီကနေ့ သြဂုတ်လ ၈ ရက်နေ့မှာ ၃၅ နှစ် ပြည့်ခဲ့ပါပြီ။ အာဏာသိမ်း စစ်ကောင်စီရဲ့ စောင့်ကြည့် ဖိနှိပ်မှုတွေနဲ့ လုံခြုံရေးတင်းကျပ်မှုတွေကြားကပဲ ဒီကနေ့ ကျရောက်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားတွေ၊ လှုပ်ရှားမှုတွေကို ရန်ကုန် နဲ့ မန္တလေး အပါအ၀င် နေရာဒေသ အတော်များများမှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပုံစံ အမျိုးမျိုးနဲ့ ကျင်းပခဲ့ကြပါတယ်။

မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလှုပ်ရှားမှုကနေ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ပေါက်လာရေး ဆိုတဲ့ ကြွေးကြော် ဆောင်ပုဒ်တွေနဲ့ ရန်ကုန် ဆူးလေနားမှာ ဒီကနေ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေ လျှပ်တပြက် ဆန္ဒပြခဲ့ကြတာ ရှိသလို၊ နံပါတ် ၈ ဂဏန်း ရေးထားတဲ့ ထီးဆောင်းတာ၊ နံပါတ် ၈ ဂဏန်း ရေးထားတဲ့ အင်္ကျီချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်တာတွေကို လုပ်ခဲ့ကြပါတယ်။

ရှစ်လေးလုံး အထိမ်းအမှတ်လှုပ်ရှားမှု ၊ ရန်ကုန် (သြဂုတ် ၈၊ ၂၀၂၃) ဓာတ်ပုံ - DPNS
ရှစ်လေးလုံး အထိမ်းအမှတ်လှုပ်ရှားမှု ၊ ရန်ကုန် (သြဂုတ် ၈၊ ၂၀၂၃) ဓာတ်ပုံ - DPNS

မုံရွာမြို့မှာတော့ ရန်ကုန် အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ ဦးဆောင်ပြီးတော့ မုံရွာ အမြင့်လမ်းကျေးရွာတရွာမှာ “မပြီးဆုံးသေးတဲ့ ၈၈၈၈ လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” ဆိုတဲ့ စာတမ်းနဲ့ လှည့်လည် ဆန္ဒပြတာတွေ လုပ်ခဲ့တယ်လို့ သပိတ်ပွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ တကသ ကျောင်းသား ခေါင်းဆောင်တဦးက ပြောပါတယ်။ တိုင်းပြည်မှာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ပေါ်ပေါက်နိုင်ဖို့အတွက် ဒီကနေ့ခေတ် လူငယ်တွေ အနေနဲ့ နောက်မဆုတ်တမ်း ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

"ကျနော်တို့ လူငယ်တွေက ရှင်းတယ်။ ပြောကြတယ် GZ လို့ ပြောမယ်ပေါ့။ လူငယ်တွေ အားလုံးက လမ်းပေါ် ထွက်လာတယ် ဆိုကတည်းကိုက လူငယ်ပီပီ ရရင်ရ မရရင်ချဆိုတဲ့ အတိုင်းပဲ။ လူငယ်ပီပီ မရရအောင် လုပ်မယ်ဆိုတဲ့ စိတ်တွေ မွေးထားဖို့ လိုတယ်။ လူငယ်တွေကတော့ ရှင်းတယ်။ ပြတ်သားပြီးသား။ လမ်းပေါ်ထွက် တော်လှန်ရေး ဆင်နွဲနေပြီ လမ်းပေါ်လည်း ထွက်ခဲ့ပြီ။ တောထဲလည်း ရောက်ပြီး တော်လှန်ရေး အတွက် ဆင်နွဲနေကြပြီ။ အဲဒါကို လက်ရှိလူကြီးတွေ အရင် မျိုးဆက်ဟောင်းလူကြီးတွေက သေချာကိုင်တွယ်ပြီး လိုအပ်တဲ့ အကူအညီတွေ အကြံညဏ်တွေ ထောက်ပံ့မှုတွေ ပေးဖို့ ယူဆတယ်။ တချို့ တွေမှာ လူငယ်တွေလုပ်တဲ့ ကိစ္စကို က ဖျက် ရ ဖျက် လုပ်တဲ့ ကိစ္စတွေ ရှိတယ်။ ဒီမိူကရေစီ အရေးလှုပ်ရှားတဲ့အခါမှာ အဲဒါတွေကိုအဓိကထား ပြင်ဆင်ရမယ်ထင်တယ်။ ဒီမိုကရေစီ အတွက်ကတော့ ကျနော်တို့ လူငယ်တွေ ဆုံးဖြတ်ပြီးသား ဖြစ်တယ်။ အဆုံးထိ သွားမှာဖြစ်တဲ့အတွက် ဘယ်လို အခက်အခဲ ဖြစ်ဖြစ် ကျနော်တို့ တော်လှန်နေမှာ ဖြစ်တယ်။"

ရန်ကုန် ရှစ်လေးလုံးလှုပ်ရှားမှု (သြဂုတ် ၈ ၊ ၂၀၂၃) ဓာတ်ပုံ- ရန်ကုန်လူထုသပိတ်
ရန်ကုန် ရှစ်လေးလုံးလှုပ်ရှားမှု (သြဂုတ် ၈ ၊ ၂၀၂၃) ဓာတ်ပုံ- ရန်ကုန်လူထုသပိတ်

ဒီကနေ့ ကျရောက်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ မြန်မာ့ ဒီမိုကရေစီရေးအတွက် တောင်းဆို လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေ ကလည်း ၂၀၂၁ အာဏာသိမ်းမှုနဲ့အတူ စစ်ကောင်စီရဲ့ အကြမ်းဖက် အင်အားသုံး တိုက်ခိုက်နှိမ်နင်းနေတာတွေကို ဆန့်ကျင် ရှုတ်ချကြောင်း ထုတ်ပြန်ထားကြပြီး အာဏာရှင်ကို ဆက်လက် ဆန့်ကျင်ကြဖို့ စည်းရုံး နှိုးဆော်ခဲ့ကြပါတယ်။

ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ကတော့ မပြီးသေးတဲ့ မြန်မာနိုင်ငံရဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ လူငယ်တွေရဲ့ အားကိုယူပြီး ရှစ်လေးလုံးက အတွေ့အကြုံတွေကို သင်ခန်းစာယူကြရမှာ ဖြစ်သလို၊ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် လူထုအားလုံးရဲ့ ပူးပေါင်း ပါဝင်မှုက အရေးကြီးတဲ့အကြောင်း တိုက်တွန်း ပြောကြားပါတယ်။

"တချိန်တည်းမှာပဲ ရှစ်လေးလုံး တုန်းက ရခဲ့တဲ့ သင်ခန်းစာတွေကို ပြန်သုံးသပ်ပြီး အသုံးချဖို့ လိုအပ်ပါတယ်။ စစ်အာဏာရှင်တွေ ခြောက်တိုင်း မကြောက်သွားဘူး။ ပြည်သူအားလုံးက စနစ်တခု ပပျောက်ဖို့အတွက် ဆက်လက် တိုက်ပွဲဝင်နေတာ၊ နွေဦး တော်လှန်ရေးအတွက် ပိုထူးခြားတဲ့ အရာတွေ ဖြစ်ပါတယ်။ ရှစ်လေးလုံးမှာ စတင်ခဲ့တဲ့ တော်လှန်ရေး မျိုးဆက်တွေကို နွေဦးတော်လှန်ရေးမှာ ဆက်လက် သယ်ဆောင်တာ တင်မကဘဲနဲ့ ဖက်ဒရယ်ဒီမိုကရေစီ အောင်မြင်တဲ့အထိ ဆက်လက်ပြီး ပါဝင် တိုက်ပွဲဝင်နိုင်မှ၊ အလွှာအသီးသီးက တိုက်ပွဲဝင်နိုင်မှ ကျနော်တို့ လိုလားတဲ့ စစ်အာဏာရှင်စနစ်တွေ ကျဆုံးပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုက ရေစီစနစ်ကို ထူထောင်နိုင်မှာဖြစ်တဲ့ အကြောင်း အမှတ်တရ ပြောကြားလိုပါတယ်။"

NUG ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာ ကနေတဆင့် NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း ခုလို တိုက်တွန်း ပြောဆိုထားတာပါ။

ရှစ်လေးလုံးကာလက မပြီးပြတ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တိုက်ပွဲကို ၂ဝ၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှာ အဆုံးသတ်နိုင်ဖို့ အရေးကြီးတဲ့အကြောင်းကို တက်ကြွလှုပ်ရှားသူတွေက ခုလို နှစ်ပတ်လည်နေ့မှာ အလေးထား တိုက်တွန်းပြောဆိုနေကြတာ ဖြစ်ပါတယ်။ ရှစ်လေးလုံး လိုလားချက်တွေနဲ့ တာဝန်တွေကို မေ့လျော့ပစ်လိုက်လို့ မရသလို၊ စစ်အာဏာရှင်ကို အပြီးသတ် ချေမှုန်းနိုင်ဖို့အတွက် လူထုအားလုံး ပါဝင်ဖို့ အရေးကြီး လိုအပ်နေတဲ့အကြောင်း ရှစ်လေးလုံး လှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ဗွီအိုအေကို ပြောပါတယ်။

ရှစ်လေးလုံး အထိမ်းအမှတ်လှုပ်ရှားမှု ၊ ရန်ကုန် (သြဂုတ် ၈၊ ၂၀၂၃) ဓာတ်ပုံ - DPNS
ရှစ်လေးလုံး အထိမ်းအမှတ်လှုပ်ရှားမှု ၊ ရန်ကုန် (သြဂုတ် ၈၊ ၂၀၂၃) ဓာတ်ပုံ - DPNS

"၈၈၈၈ လူထုဒီမိုကရေစီလှုပ်ရှားမှုက ဒီကနေ့ဆို ၃၅ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ဒီအရေးတော်ပုံကြီးရဲ့ နိုင်ငံရေးလိုလားချက်တွေဖြစ်တဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား တန်းတူရေး စတာတွေဟာ ခုချိန်ထိတောင်ပြည့်မြောက်နိုင်တာ မရှိသေးပါဘူး။ ဒါတွေပြည့်မြောက်ဖို့ဆိုရင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သုတ်သင်ရေး၊ ၂၀၀၈ ခြေဥဖျက်သိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီထူထောင်ရေးဆိုတဲ့ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေ အောင်မြင်မှသာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့ နွေဦး တော်လှန်ရေး အင်အားစုတိုင်းက ၈၈၈၈ ရဲ့ တာဝန်တွေ လိုလားချက်တွေကို မမေ့မလျော့ မပေါ့မဆဘဲ တော်လှန်ရေး သတိရှိရှိနဲ့ ဆက်ပြီးတော့ အောင်မြင်အောင် ဆောင်ရွက်ကြဖို့ အင်မတန် အရေးကြီးတဲ့ ကာလလည်း ဖြစ်ပါတယ်။ မပြီးသေးတဲ့ ၈၈၈၈ လူထုလွတ်မြောက်ရေးအတွက် ကျမတို့ အတူတူ ရုန်းကြပါစို့လို့ ပြောချင်ပါတယ်။"

ရှစ်လေးလုံး အရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင် ရေး ဆန္ဒပြပွဲတွေကို မြန်မာနိုင်ငံတွင်းနဲ့ နယ်စပ်ဒေသတွေအပြင် ပြည်ပနိုင်ငံတွေမှာလည်း တက်ကြွလှုပ်ရှားသူ မြန်မာတွေက ကျင်းပခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့က ကျောင်းသားလူငယ်တွေ ဦးဆောင်ပြီး လူတန်းစား အလွှာအသီးသီးက ရဟန်းရှင်လူ ပြည်သူအများ ပါဝင်ခဲ့ကြတဲ့ တပါတီအာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ ၊ ဒီမိုကရေနဲ့ လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းတဲ့ တောင်းဆို ဆန္ဒပြပွဲတွေ မြန်မာနိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့တာပါ။ အဲဒီအချိန်က အာဏာယူထားတဲ့ စစ်တပ်က ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် အပြစ်မဲ့ ပြည်သူ ထောင်နဲ့ချီ အသက်ဆုံးရှုံး ခဲ့ကြရပါတယ်။

ရှစ်လေးလုံးလူထုလှုပ်ရှားမှု ၃၅ နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့မှာ ရှစ်လေးလုံး လှုပ်ရှားမှုကြီးနဲ့အတူ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ဆယ်စုနှစ်ချီ ရုန်းကန် လှုပ်ရှားခဲ့ကြတဲ့ မြန်မာပြည်သူလူထုကို အမှတ်ရ ဂုဏ်ပြုပါကြောင်း ရန်ကုန် အမေရိကန်သံရုံးကလည်း ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG