သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို အမေရိကန်သံရုံး အမှတ်ရ ဂုဏ်ပြု  


ရှစ်လေးလုံး အထိမ်းအမှတ်လှုပ်ရှားမှု ၊ ရန်ကုန် (သြဂုတ် ၈၊ ၂၀၂၃) ဓာတ်ပုံ - DPNS
ရှစ်လေးလုံး အထိမ်းအမှတ်လှုပ်ရှားမှု ၊ ရန်ကုန် (သြဂုတ် ၈၊ ၂၀၂၃) ဓာတ်ပုံ - DPNS

ဒီကနေ့ သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံးလူထုလှုပ်ရှားမှု ၃၅ နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့မှာ ရှစ်လေးလုံး လှုပ်ရှားမှုကြီးနဲ့အတူ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ဆယ်စုနှစ်ချီ ရုန်းကန် လှုပ်ရှားခဲ့ကြတဲ့ မြန်မာပြည်သူလူထုကို အမှတ်ရ ဂုဏ်ပြုပါကြောင်း ရန်ကုန် အမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်အုပ်ချုပ်ရေး လက်အောက်မှာ နှစ်ပေါင်းများစွာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံခဲ့ရတာ၊ ဒီမိုကရေစီ ဆိတ်သုဥ်းမှုနဲ့ စီးပွားရေး အကျပ်အတည်းတွေ အဆုံးသတ်စေရေး တို့အတွက် လွန်ခဲ့တဲ့ ၃၅ နှစ်၊ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ မြန်မာပြည်သူ သန်းပေါင်းများစွာဟာ စစ်အာဏာရှင်ကို တွန်းလှန် ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး ဒီလို လူထုဆန္ဒပြပွဲကြီးကို စစ်တပ်က အင်အားသုံး အကြမ်းဖက် နှိမ်နင်းခဲ့ပေမဲ့လို့လည်း၊ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်း ခုချိန်ထိလည်း ဒီမိုကရေစီရေး လှုပ်ရှား တောင်းဆိုမှုတွေ အတွက် ရှေ့ဆောင်လမ်းပြအဖြစ် ဆက်လက် ရှိနေဆဲပဲလို့ အမေရိကန် သံရုံးရဲ့ Facebook စာမျက်နှာမှာ ရေးသား ဖော်ပြထားတာပါ။

မြန်မာပြည်သူတွေအတွက် အရေးပါလှတဲ့ ဒီနေ့လို ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ အမေရိကန်ပြည်ထောင်စု အနေနဲ့လည်း လွတ်လပ်မှုအတွက် ကြိုးပမ်း အားထုတ်နေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ပြည်သူတွေ လိုလားတောင့်တတဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးတွေကို လေးစားလိုက်နာဖို့ စစ်အာဏာရှင်အဖွဲ့ကို တောင်းဆိုကြောင်းလည်း အမေရိကန် သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ မြန်မာ့ ဒီမိုကရေစီရေးအတွက် တောင်းဆို လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေကလည်း ၂၀၂၁ အာဏာသိမ်းမှုနဲ့အတူ စစ်ကောင်စီရဲ့ အကြမ်းဖက် အင်အားသုံး တိုက်ခိုက် နှိမ်နင်းနေတာတွေကို ဆန့်ကျင် ရှုတ်ချကြောင်း ထုတ်ပြန်ထားကြပြီး အာဏာရှင်ကို ဆက်လက် ဆန့်ကျင်ကြဖို့ စည်းရုံး နှိုးဆော်တာတွေလည်း လုပ်ခဲ့ကြပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ စောင့်ကြည့် ဖိနှိပ်မှုတွေ ကြားကပဲ ရန်ကုန်နဲ့ မန္တလေး လို မြို့ကြီးတွေ အပါအဝင် မြို့နယ်ဒေသ အတော်များများမှာ ဒီကနေ့ အာဏာရှင်ဆန့်ကျင်ရေး ဖော်ထုတ်တဲ့ လှုပ်ရှားမှုတွေကို ပုံစံမျိုးစုံ လုပ်ခဲ့ကြပါတယ်။

ရှစ်လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ် လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံတွင်းမှာသာမက အမေရိကန်ပြည်ထောင်စု၊ ကနေဒါနိုင်ငံ နဲ့ ဥရောပနိုင်ငံတချို့အပြင် အာရှနိုင်ငံတွေမှာရှိတဲ့ ပြည်ပရောက် မြန်မာတွေလည်း သူတို့ ရောက်နေတဲ့ နေရာတွေမှာ အထိမ်းအမှတ် လှုပ်ရှားမှုတွေ လုပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG