သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းတောင် စာချုပ်သစ်အပေါ် ဆန္ဒပြ


လက်ပန်းတောင်တောင် ကြေးနီစီမံကိန်း ဆန့်ကျင်ကန့်ကွက်သူ ဒေသခံများ။
လက်ပန်းတောင်တောင် ကြေးနီစီမံကိန်း ဆန့်ကျင်ကန့်ကွက်သူ ဒေသခံများ။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပန်းတောင်းတောင်က ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ စာချုပ်အသစ်ချုပ်ဆိုပြီး နောက် တစ်ရက်မှာ ဒေသခံပြည်သူတွေဟာ နိုင်ငံတော်က အကျိုးအမြတ် ခံစားရမယ် ဆိုတဲ့အချက်ဟာ ဒေသခံပြည်သူတွေအတွက် တိုက်ရိုက် အကျိုး ခံစားရမယ်လို့ မယုံကြည်တဲ့အတွက် ဆန္ဒပြခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ စာချုပ်သစ်အရ ဝမ်ဘောင်ကုမ္ပဏီရဲ့ အကျိုးအမြတ်က ပထမကထက် လျော့ကျသွားတဲ့အပေါ်မှာလည်း တရုတ်နိုင်ငံဘက်က ပြောဆိုသုံးသပ်မှုတွေ ရှိနေတဲ့အကြောင်း ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ မြန်မာအစိုးရက အကျိုးခံစားခွင့် ၅၁ %၊ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ဘောင်ကုမ္ပဏီက ၃၀%၊ မြန်မာ့ စီးပွားရေး ဦးပိုင်ကုမ္ပဏီ လိမိတက်ဘက်က ၁၉ % ခံစားစေဖို့အတွက် စာချုပ် ချုပ်ဆိုပြီးတဲ့နောက်မှာတော့ ဒေသခံပြည်သူ ၅၀၀ ခန့်က နိုင်ငံတော်ရဲ့ အကျိုးအမြတ်ဟာ ဒေသခံပြည်သူတွေအနေနဲ့ တိုက်ရိုက် ခံစားရမယ်လို့ မယုံကြည်တဲ့အတွက် ဆန္ဒပြ တောင်းဆိုမှုတွေကို ဆက်လုပ်ခဲ့တာပါ။

လက်ပန်းတောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်ရေး ကော်မတီဝင်လည်းဖြစ်၊ ဒေသခံတွေရဲ့ ကိုယ်စားလှယ်လည်းဖြစ်တဲ့ မစန္ဒာကတော့ အခုလို ပြောပါတယ်။

“နိုင်ငံတော်ဆိုတာ ကျမတို့ ပြည်သူလူထုတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်သာ ဖြစ်တယ်။ ပြည်သူလူထုတွေထဲမှာ လယ်သမားတွေဟာ အဓိကနေရာကနေ ပါဝင်နေတယ်။ ကျမတို့ လယ်သမားတွေရဲ့ လယ်ယာမြေတွေကို ပျက်စီးစေမယ့် ဒီစီမံကိန်းကြီးကို လုပ်မယ့် ဒီ ၅၁ % အကျိုးအမြတ်ဟာ နိုင်ငံတော် အတွက်လို့ ကျမတို့ မယူဆပါဘူးရှင့်။”

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီလိမိတက်နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ဘောင်ကုမ္ပဏီတို့က ပူးပေါင်း အကောင်အထည် ဖော်နေခဲ့တာပါ။ ဒီအတွက် ဒေသခံတွေရဲ့ လယ်မြေဧကပေါင်း ၇,၈၀၀ ကျော်ကို သိမ်းယူခဲ့ပြီး ရွာပေါင်း ၄ ရွာကို ဖယ်ရှားခိုင်းခဲ့ပါတယ်။

ဒိနောက် စီမံကိန်းကို ဆက်လက် လုပ်သင့် မလုပ်သင့် စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးခဲ့ပြီး ကော်မရှင်က စီမံကိန်း ဆက်လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ကော်မတီတရပ်ဖွဲ့ပြီးတော့မှ အခုလို ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကတော့ စုံစမ်းစစ်ဆေးရေး ကော်မတီဝင်တစ်ဦးလည်းဖြစ်ပြီး စာချုပ်အသစ်နဲ့ပတ်သက်လို့ ပြည်သူတွေ နားလည်သဘောပေါက်အောင် ချပြသင့်တယ်လို့ ဆိုပါတယ်။

“ကျမတို့ အမြဲ ပြောနေကျ စကားလိုပဲ။ ပြည်သူလူထုကို ပွင့်လင်းမြင်သာအောင် ဘာပဲလုပ်လုပ် ချပြပါဆိုတာ၊ ကျမတို့ ဒီစကားကို အမြဲတမ်း ပြောနေတာလေ။ အဲဒီတော့ ကျမတို့အနေနဲ့ကတော့ ပြည်သူလူထုရဲ့အသံကို သေချာနားထောင်ပါ။ အခုအနေအထားမှာကျတော့ ပြည်သူလူထုရဲ့ သဘောဆန္ဒလည်းမပါဘူး။ ပြည်သူလူထုကိုလည်း ဒီစာချုပ်နဲ့ပတ်သက်လို့ တင်ပြတာမရှိဘူး။ နောက်ဆုံး လွှတ်တော်ထဲကို ရှင်းပြပြီးတာတောင်မှ နိုင်ငံပိုင်တဲ့သတင်းစာကပဲဖြစ်ဖြစ်၊ မီဒီယာကပဲဖြစ်ဖြစ် ဒါတွေကို ပြောပြနေတာလည်း အခုအချိန်အထိ မရှိခဲ့ဘူးလေ။ အဲဒီအတွက်ကြောင့်မို့လို့ ဒေသခံတွေရဲ့ကြားထဲမှာတော့ ဒီစာချုပ်နဲ့ပတ်သက်လို့ကတော့ ပွင့်လင်းမြင်သာဖို့ လိုတယ်ဆိုတာကတော့ ကျမတို့ မငြင်းနိုင်တဲ့အချက်ဖြစ်တယ်လေ။ ကျမတို့ အရင်တုန်းကလည်း ပွင့်လင်းမြင်သာမှု မရှိခဲ့လို့ မလိုလားအပ်တဲ့ ပြဿနာတွေ ယနေ့အထိ ဆက်ဖြစ်နေကြရတာဆိုတော့ တကယ်တန်း ဆိုရင်တော့ ပြည်သူလူထုကို ပွင့်လင်းမြင်သာအောင် အစိုးရအနေနဲ့ပဲလုပ်လုပ်၊ ဝမ်ဘောင်ကုမ္ပဏီအနေနဲ့ပဲလုပ်လုပ်ပေါ့- ပွင့်လင်းမြင်သာအောင် စာချုပ်ကိုတော့ ပြောပြစေချင်တဲ့ ဆန္ဒရှိပါတယ်။”
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စာချုပ်အသစ်က အကျိုးခံစားခွင့်နဲ့ ပတ်သက်လို့ တရုတ်ပြည်မှာလည်း ဝေဖန်မှုတွေ ရှိနေတယ်လို့ တရုတ်နယ်စပ် အခြေစိုက် ဗမာပြည် ကွန်မြူနစ်ပါတီက ဒေါ်လှကျော်ဇောကလည်း ပြောပါတယ်။

“Think Tank လို့ခေါ်တာပေါ့။ တရုတ်ပြည်မှာ Chinese Academy of Social Science လို့ခေါ်တယ်။ အဲဒီက ပါမောက္ခတွေ နောက်ပြီးတော့ သုတေသန အရာရှိတွေ အပြန်အလှန် ဆွေးနွေးတာပါတယ်။ တချို့က ပြောတာလည်း မကျေနပ်တာ မခံချင်စိတ်ပေါ့ဗျာ- သူတို့လို နိုင်ငံကြီးကို ကျမတို့လို နိုင်ငံငယ်လေးက ဒီလို လုပ်တာတွေကို မခံချင်စိတ်နဲ့ပြောတာတွေလည်း ရှိတယ်။ ထို့အတူပဲ မျှမျှတတပြောတဲ့သူတွေလည်း ရှိတယ်။ ”
စာချုပ်အသစ်အရ တရုတ်ပြည်ဘက်က အကျိုးခံစားခွင့် နည်းသွားတဲ့အထိ အလျှော့ပေးလိုက်တဲ့သဘောမှာ မြစ်ဆုံစီမံကိန်းလို ရပ်တန့်သွားမှာကို စိုးရိမ်လို့လားဆိုတဲ့ အမေးနဲ့ပတ်သက်လို့ ဒေါ်လှကျော်ဇောက တရုတ်ပြည်က သုံးသပ်ချက်တွေကိုလည်း အခုလို ပြောပြပါတယ်။
“အပြန်အလှန် နိဂုံးချုပ် ပြောဆိုတာမှာတော့ ငါတို့ဟာ ဗမာပြည်သူလူထုနဲ့ တိုက်ရိုက် ပြောဆိုဆက်ဆံမှုနည်းတယ်။ လူထုရဲ့ ခံစားချက်တွေကို ကောင်းကောင်းနားမလည်ဘူး။ အစိုးရချင်းဆက်ဆံရင် ပြီးရောဆိုပြီး ဆက်ဆံခဲ့တာတွေဟာ မလုံလောက်ဘူး၊ အားနည်းတယ်။ ဒါကြောင့်မို့လို့ လူထုအချင်းချင်း ဆက်ဆံရေးကို ပိုမို လုပ်သင့်တယ်ဆိုပြီး အဲလိုနိဂုံးချုပ်တယ်။”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စီမံကိန်းရပ်တန့်ရေးအတွက် ဒေသခံတွေဘက်ကတော့ ဆန္ဒဖော်ထုတ်မှုတွေ ဆက်လုပ်သွားမယ်လို့ ပြောနေကြပါတယ်ရှင်။
XS
SM
MD
LG