သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်း လူသတ်မှု စီရင်ချက် ရန်ကုန်မှာ လူရာချီ ဆန္ဒပြ


ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနဲ့ သေဒဏ်ကျခံဖို့ ပြစ်ဒဏ် ချမှတ်ခံ လိုက်ရတဲ့ မြန်မာ အလုပ်သမားနှစ်ဦးရဲ့ အမှုကို ပြန်လည် စစ်ဆေးပေးဖို့ ပြစ်ဒဏ်ကနေ ချက်ချင်းလွတ်မြောက်စေဖို့ ရန်ကုန်မြို့ ထိုင်းနိုင်ငံ သံရုံးအနီး လူထောင်နဲ့ချီ ဆန္ဒ ထုတ်ဖော်ခဲ့ကြ ပါတယ်။ မြန်မာနှစ်ယောက်ကို လူသတ်မှုနဲ့ စွပ်စွဲပြီး သေဒဏ်ချမှတ်တာဟာ အပြစ်ရှိကြောင်း သက်သေခိုင်လုံလို့ မဟုတ်ပဲ တမင်ရည်ရွယ်တာသာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ထိုင်းနိုင်ငံရဲ့ တရားရေးကို ပြစ်တင် ရှုံ့ချခဲ့ကြပါတယ်။ ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့က ဆန္ဒပြပွဲ အကြောင်း ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ကိုစည်သူက အကြောင်းစုံပြောပြမှာပါ။

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလို့ ခေါ်တဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သတ်ပြီးတော့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ကို ထိုင်းနိုင်ငံ ကော့စမွေ တရားရုံး ကနေ သေဒဏ် ကျခံစေဖို့ အမိန့် ချလိုက်တဲ့အပေါ်မှာ မြန်မာလူထုက မကျေမနပ်ဖြစ်ပြီး ဒီကနေ့ ရန်ကုန်မြို့ ပြည်လမ်းနဲ့ မနော်ဟရီလမ်းထောင့် ထိုင်းနိုင်ငံ သံရုံးအနီးမှာ လူပေါင်းထောင်နဲ့ချီ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

" ရင်ထဲမှာ ဘယ်လောက်ခံစားခဲ့ရသလဲဆိုတာ တညလုံး ငိုရတာ။ အဲ့ဒီ့အတွက်ကြောင့် ကျမတို့ မကျေနပ်လို့ ဒီနေရာကို လာပြီးတော့ နော် ဘယ်သူ့ကိုမှ ဒုက္ခပေးခြင်း မဟုတ်ဘူး။ ကျမတို့ရင်ထဲက ခံစားချက်ကို လာဖော်ပြတာပဲရှိတယ်။"

" တရားမျှမျှတတ နဲ့ သူတို့ကို ပြန်ပြီး စိစစ်စေချင်တယ်။ ဒါ နှစ်ဦးနှစ်ဘက် ကောင်း သွားတာပေါ့။ ဒါ နှစ်ဦးနှစ်ဘက်အတွက်ကိုပြောနေတာ။ ကျနော်တို့နိုင်ငံ အတွက် နိုင်ငံပုံရိပ်တွေ အရမ်းနစ်နာလွန်းအားကြီးတယ်။ ထိခိုက်လွန်း အားကြီးတယ်ဗျာ။"

ဒါကတော့ ဆန္ဒထုတ်ဖော်တဲ့နေရာက ပြောဆိုသံတွေကို အခုလိုကြားခဲ့ကြရတာပါ။

သေဒဏ်ချမှတ်ခံရတာနဲ့ ပတ်သတ်လို့ သက်ဆိုင်ရာရှေ့နေရှေ့ရပ်တွေက အယူခံဝင်ဖို့ ပြင်ဆင်နေကြပေမဲ့ ထိုင်းနိုင်ငံတရားရုံးရဲ့ အခုလုပ်ရပ်ဟာ လုံး၀ တရားမျှတမှုမရှိကြောင်း ဆန္ဒထုတ်ဖော်သူတွေက တညီတညွှတ်တည်း ရှုံ့ချခဲ့ကြတာပါ။ မြန်မာအလုပ်သမားနှစ်ဦးဟာ သေဒဏ်ပေးလောက်တဲ့ အပြစ်မရှိဘူး ဆိုတာ ယုံကြည်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်ကနေ လာရောက် ဆန္ဒထုတ်ဖော်တဲ့ ဦးလှထွန်းက ပြောပါတယ်။

" မြန်မာနိုင်ငံသားနှစ်ယောက်ကို ထိုင်းနိုင်ငံက လက်လွယ်စပါယ် တရားစီရင် လိုက်တဲ့ အပေါ်မှာ ပြည်သူတယောက်အနေနဲ့ မခံမရပ်နိုင်တဲ့အတွက် ငြိမ်းချမ်းစွာနဲ့ ထိုင်းသံရုံးရှေ့မှာ လာရောက်ပြီးတော့ တရားမျှတစွာ ပြန်လည်ဆောင်ရွက်ပေးဖို့ ထိုင်းဘုရင်နဲ့တကွ ထိုင်းနိုင်ငံမှာ ရှိတဲ့ တာဝန်ရှိသူအပေါင်းကို လာရောက်တောင်းဆိုကြခြင်း ဖြစ်ပါတယ်။"

ထိုင်းနိုင်ငံ သံရုံးရှိတဲ့ မနော်ဟရီလမ်းကို မနက်ခင်းကတည်းက ရဲတပ်ဖွဲ့ အတားအဆီးတွေနဲ့ စောင့်ကြပ်ခဲ့ပြီး မနော်ဟရီလမ်းကို ပိတ်ထားခဲ့တာပါ။ မနက် (၁၁) နာရီမတိုင်ခင်မှာ လူ (၁၀၀)လောက် စတင်စုဝေးခဲ့ရာကနေ တဖြည်းဖြည်း နဲ့ ထောင်နဲ့ ချီလာတဲ့ လူအုပ်ဟာ မနော်ဟရီ လမ်းထိပ် ပြည်လမ်းမရဲ့ တဖက်ခြမ်းကိုနေရာယူလိုက်တာကြောင့် ကားအသွားအလာတွေကို ပိတ်ထားခဲ့ရပါတယ်။ နေ့လည်ပိုင်းမှာ လူအနည်းငယ်ကို အသုတ်လိုက် သံရုံးရှေ့ အထိ သွားခွင့်ပေးခဲ့ပါတယ်။ ဒီဆန္ဒထုတ်ဖော်တာကို ကြိုတင်ခွင့်ပြုချက် တစုံတရာ ယူတာမျိုးမရှိခဲ့ပဲ လူမှုကွန်ရက်စာမျက်နှာကနေ လှုံ့ဆော်မှုကြောင့် စုဝေးရောက်ရှိ လာခဲ့ကြတာဖြစ်ပါတယ်။

မြန်မာလူထုတွေတောင်းဆိုတဲ့ အချက်အလက်တွေ ထုတ်ပြန်ချက်တွေကို ထိုင်းအစိုးရကို အသိပေးသွားမယ်လို့ ထိုင်းသံရုံးတာဝန်ရှိသူတွေက ဆန္ဒပြသူတွေကို ပြောလိုက်ပါတယ်။

အခုလို သေဒဏ်ချမှတ်ခံရတာဟာ အမှုအပေါ်မှာ မြန်မာအစိုးရရဲ့ တာဝန်ယူမှု အားနည်းခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဘသက်အောင်က အခုလိုဝေဖန်ပါတယ်။

"ကျနော်တို့ အခုဒီဖြစ်စဉ်က ကျနော်တို့နိုင်ငံရဲ့အစိုးရကပေါ့နော် ဒီလိပ်ကျွန်း လူသတ်မှုမှာ ကျနော်တို့ နိုင်ငံသားနှစ်ယောက်အပေါ်မှာ တာဝန်ယူမှု၊ အကာအကွယ်ပေးမှုက အားနည်းတယ်။ အဓိကဖြစ်ပေါ်လာရတဲ့အကြောင်းရင်းက ကျနော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းကြောင့် ဒီလူငယ်လေးတွေက တဖက်နိုင်ငံမှာ ရွှေ့ပြောင်း Migrants ဘဝနဲ့ အလုပ်သမား ဘဝကို ရောက် သွားကြတယ်။ အဲ့ဒီ့မှာ အလုပ် သွားလုပ်တဲ့အခါမှာ ကျေျနာ်တို့ နိုင်ငံသားနှစ်ယောက် အနေနဲ့ ဓားစာခံအနေနဲ့ ထိုင်းတရားရေးစီရင်ရေးက တဖက်နိုင်ငံရဲ့ Pressure ရှိလို့ ဓားစာခံ လုပ်လိုက်တဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ လုံးဝ လက်မခံပါဘူး။ နိုင်ငံသားဖြစ်တဲ့ ဒီကလေးနှစ်ယောက် ကိုလည်း အစိုးရဖြစ်တဲ့ သမ္မတဦးသိန်းစိန်က ဒီကလေးနှစ်ယောက်ကို အကာအကွယ်ပေးဖို့ သူ့မှာ တာဝန်ရှိပါတယ်။"

လူသတ်မှုတရားခံတွေအဖြစ် စွပ်စွဲခံရတဲ့ မြန်မာနှစ်ယောက် အမှုကို ပြန်လည် စစ်ဆေးဖို့ သေဒဏ်ပြစ်ဒဏ်ကနေ ချက်ချင်းလွတ်မြောက်စေဖို့ ရန်ကုန်မြို့အပြင် မန္တလေး၊ ပဲခူး ၊ မြဝတီ၊ မြိတ် စတဲ့နေရာတွေမှာလည်း ဆုတောင်းတာတွေ ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

သေဒဏ် ချမှတ်ခံခဲ့ရတဲ့ မြန်မာနှစ်ဦး အမှုကို လာမယ့် သတင်းပတ်အတွင်း အယူခံဝင်ရာမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက လိုက်ပါကူညီမယ်လို့လည်း ဆိုထားပါတယ်။၂၀၁၄ ခုနှစ် စက်တင်ဘာကတည်းက လူသတ်မှုနဲ့ တရားရင်ဆိုင်ခဲ့ရတဲ့ မြန်မာနှစ်ဦးကို ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ထိန်းသိမ်းထားခဲ့ပြီး မနေ့က ၂၀၁၅ ဒီဇင်ဘာလ (၂၄) ရက်နေ့ မှာ ကော့စမွေ တရားရုံးကနေ သေဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ အခုလို ထိုင်းနိုင်ငံ တရားရုံးတခုက သေဒဏ် ချမှတ်လိုက်တဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့အမှုကို သေချာပြန်လည်စစ်ဆေးပေးဖို့နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက တိုကျိုမြို့က ထိုင်းသံရုံးကို သွားရောက်ဆန္ဒပြရင်း ထိုင်းဘုရင်မင်းမြတ်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ဆီကို အိပ်ဖွင့်ပေးစာတွေ ပေးပိ့ုခဲ့ကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်းနိုင်ငံ ကော့စမွေ တရားရုံးက မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးကို မနေ့က သေဒဏ်ချမှတ်အပြီး ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက တိုကျိုမြို့ ထိုင်းသံရုံးရှေ့ ဒီကနေ့ သွားရောက် ဆန္ဒပြခဲ့ကြကြောင်း ညီညွတ်သောတိုင်းရင်းသားများအဖွဲ့-ဂျပန်က ဦးဇော်မင်းခိုင်က ရှင်းပြပါတယ်။

ထိုင်းဘုရင်မင်းမြတ်နဲ့ ထိုင်းဝန်ကြီးချုပ်ထံ အိပ်ဖွင့်ပေးစာတွေကို ထိုင်းသံရုံးက တဆင့် ပေးပို့ခဲ့ကြောင်း ဆန္ဒပြရာမှာပါဝင်ခဲ့သူ ဦးသန်းဆွေက ပြောပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဂျပန်နိုင်ငံ တိုကျိုမြို့ ထိုင်းသံရုံးရှေ့ ဆန္ဒပြပွဲကို မြန်မာနိုင်ငံသား (၈၀)ဝန်းကျင် လာရောက်ကြပါတယ်။

XS
SM
MD
LG