သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းဖို့ ပြည်ပရောက် မြန်မာတွေ တောင်းဆို


တရုတ်သံရုံးရှေ့မှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားများ ဆန္ဒထုတ်ဖော်နေကြပုံ (ဧပြီ၊ ၁၉၊ ၂၀၁၉)
တရုတ်သံရုံးရှေ့မှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားများ ဆန္ဒထုတ်ဖော်နေကြပုံ (ဧပြီ၊ ၁၉၊ ၂၀၁၉)

မြန်မာပြည်သူတွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုများစေတာကြောင့် မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းပေးဖို့ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက ဝါရှင်တန်ဒီစီမှာရှိတဲ့ တရုတ်သံရုံးနဲ့ မြန်မာသံရုံးရှေ့တွေမှာ သောကြာနေ့လည်ပိုင်းက ဆန္ဒထုတ်ဖေါ် တောင်းဆိုလိုက်ကြပါတယ်။ တရုတ်နိုင်ငံဘက်က ပြန်စချင်နေတဲ့ မြစ်ဆုံစီမံကိန်းပြသနာ ဖြေရှင်းရေးမှာ NLD အစိုးရက ပြည်သူတွေရဲ့ သဘောဆန္ဒကို လိုက်လျော နိုင်ပါ့မလားဆိုတာ သံသယဝင်မိတယ်လို့ နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

အမေရိကန်ရောက် ကချင်တိုင်းရင်းသားတွေနဲ့ မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေးဖို့ ဝါရှင်တန်ဒီစီက တရုတ်သံရုံးနဲ့ မြန်မာသံရုံးရှေ့တွေမှာ သောကြာနေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြတာပါ။

အင်ဒီယားနားပြည်နယ်ကနေ လာရောက်ပြီး ဝါရှင်တန်ဒီစီမှာ ဆန္ဒပြထုတ်ဖေါ်တဲ့ ကိုအောင်မြင့်ထွန်းက တရုတ်နဲ့ မြန်မာသံရုံးရှေ့ ဆန္ဒပြရတဲ့ အကြောင်းကို ရှင်းပြပါတယ်။

"အဓိကကတော့ မြစ်ဆုံစီမံကိန်းက ကျနော်တို့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီ တိမ်ကောသွားမှာစိုးလို့ မြစ်ဆုံဆည်စီမံကိန်းကို တည်ဆောက်လိုက်မယ်ဆိုရင် အထူးသဖြင့် ကချင်ပေါ့နော်။ ကချင်ဒေသခံပြည်သူလူထုတွေရဲ့ ကြုံလာမယ့် ဆိုးကျိုးတွေ၊ ပြီးတော့ ဒီဧရာဝတီမြစ်တလျှောက်မှာရှိတဲ့ မြို့ရွာတွေ၊ နောက်ပြီးတော့ ဒီမြို့ရွာတွေက လူတွေကနေပြီးတော့မှ အားထားရပ်တည်နေရတဲ့ နေရာတွေပေါ့နော်။ ပျက်စီးဆုံးရှုံးသွားမယ်။ ဒီအဖြစ်မျိုးတွေကို ကျနော်တို့ လက်မခံနိုင်ဘူး။ ဒီရေကာတာကြီး ပြိုလဲပျက်စီးသွားရင် မြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူ သန်းပေါင်းများစွာ အသက်ဆုံးရှုံးသွားနိုင်ပါတယ်။ အဲ့တော့ မဖြစ်သင့်ဘူး။ ဒီအတွက်ကြောင့် ကျနော်တို့ မြစ်ဆုံစီမံကိန်းကို အလိုမရှိတာဖြစ်ပါတယ်။"

တရုတ်နိုင်ငံဘက်က ပြန်စချင်နေတဲ့ မြစ်ဆုံစီမံကိန်းပြဿနာ ကိုင်တွယ်ဖြေရှင်းရေးမှာ NLD အစိုးရက ပြည်သူတွေရဲ့ သဘောဆန္ဒကို လိုက်လျော နိုင်ပါ့မလားဆိုတာ သံသယဝင်မိကြောင်း အမေရိကန်မှာနေထိုင်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ တင့်ဆွေက ဆိုပါတယ်။

"မြစ်ဆုံ စီမံကိန်းကတော့ ဒီကနေ့ ဗမာပြည်မှာ တပြည်လုံးက ပြည်သူလူထု ဘယ်သူ့ကို မေးမေး ဘယ်သူမှ သဘောကျတဲ့ စီမံကိန်းကြီး မဟုတ်တာတော့ သေချာပါတယ်ခင်ဗျ။ အဲ့တော့ ဒေါ်အောင်ဆန်းစုကြည် နောက်မကြာမီသွားမယ့် တရုတ်ပြည်ခရီးစဉ်မှာ ဒီကိစ္စတွေ ဆွေးနွေးရင်လည်းပဲ သူကတော့ အတတ်နိုင်ဆုံးတော့ တိုင်းပြည်အကျိုးစီးပွားဘက်က ကြည့်ပြီးတော့ သူညှိပါလိမ့်မယ်။ သို့သော် အရင့်အရင်က အပေးအယူတွေလုပ်ပြီး သဘောတူညီထားတဲ့ စစ်အစိုးရက ဘယ်လိုတွေလုပ်ခဲ့သလဲဆိုတဲ့ ကာယကံရှင်တွေကလည်း ဘာလုပ်ထားလဲ ကျနော်တို့က မသိဘူး။ အဲ့တော့ ဒီဟာတွေကို အတတ်နိုင်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်က ကြိုးစားပြီးတော့ လုပ်လိမ့်မယ်။ သို့သော် ကျနော်ကတော့ ခုချိန်ထိ ပြည်သူလူထု ဖြစ်စေချင်သလောက်ထိ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်ချက်ကတော့ ရှိဆဲပါပဲခင်ဗျ။"

တရုတ်အစိုးရနဲ့ သူ့ရဲ့ဆက်စပ်ကုမ္ပဏီတွေဟာ နိုင်ငံခြားတိုင်းပြည်တွေက စီမံကိန်းကြီးတွေကို လုပ်ကိုင်ခွင့်ရဖို့ ကြိုးစားကြပြီး သက်ဆိုင်ရာ နိုင်ငံတွေကို အတိုးနှုန်းတခုသတ်မှတ်ရင်း ငွေအမြောက်အမြား ထုတ်ချေးတဲ့ လုပ်နည်းလုပ်ဟန်နဲ့ လည်ပတ်နေတာပါ။ နောက်ဆုံးမှာ သက်ဆိုင်ရာ နိုင်ငံတွေက အကြွေးပိတဲ့ပြဿနာနဲ့ ရင်ဆိုင်ရပြီး တရုတ်ကုမ္ပဏီတွေရဲ့ ဝါးမြိုမှုကို ကြုံရတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ မလေးရှား နိုင်ငံကတော့ အရင်ဝန်ကြီးချုပ်နဲ့ တရုတ် CCCC ကုမ္ပဏီတို့ ချုပ်ဆိုခဲတဲ့ ဒေါ်လာဘီလျံ ၂၀ တန် ရထားလမ်းစီမံကိန်းကို နောက်တက်လာတဲ့ ဝန်ကြီးချုပ် မဟာသီယာ လက်ထက်မှာ ဖျက်သိမ်းလိုက်ပြီး ပြည်သူတွေ အကျိုးရှိစေမယ့် အစီအစဉ်တွေဖြစ်လာအောင် ပြင်ဆင်ညှိနှိုင်းပြီးမှ လက်ခံခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ မြစ်ဆုံစီမံကိန်းကိစ္စမှာတော့ ဒီလိုပြန်လည်ညှိနှိုင်းတာမျိုးကိုတောင် မလုပ်သင့်ပဲ လုံးဝ ဖျက်သိမ်းသင့်တယ်လို့ ဒေါက်တာ တင့်ဆွေက သုံးသပ်ပါတယ်။

"ကျနော်ကတော့ ဒီမြစ်ဆုံကိစ္စမှာတော့ ရေရှည်ကို ကျနော်တို့ ကြည့်ရမှာ။ အကျိုးအမြတ် ရာခိုင်နှုန်းလေးတိုးတာနဲ့ ဖြစ်သင့်တဲ့ ကိစ္စတရပ်လို့ ကျနော် မယူဆဘူး။ မကြာသေးခင်က နိုင်ငံတကာမှာ တရုတ်ပြည်ရဲ့ အဲ့လို ရင်းနှီးမြှုပ်နှံမှုတွေ၊ ငွေချေးမှုတွေ ကြည့်လို့ရှိရင် နိုင်ငံငယ်တွေ၊ နိုင်ငံသေးတွေ၊ ဆင်းရဲတဲ့ နိုင်ငံတွေက အဲ့ဒီဒုက္ခတွေ ဘယ်လောက် ကြီးတယ်ဆိုတာ ဖြေးဖြေးချင်း သိသိ .. သိသိလာကြတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာကတော့ အတော့်ကို ခက်တဲ့ကိစ္စ။ ဒါကို ကျနော်တို့ ဒီ NLD အစိုးရဟာ စိတ်ဆန္ဒ ရှိသော်လည်း စွမ်းအားရှိပါ့မလားဆိုတာ ကျနော်က စိုးရိမ်တယ်။ ဒီအခြေအနေတရပ်မှာ NLD က ခေါင်းခံရဦးမလား။ ဒါကိုပဲ ကျနော် ဆက်စိုးရိမ်တယ်။ ဒါ့ကြောင့် အပေးအယူလုပ်ခြင်း ရာခိုင်နှုန်းတိုးခြင်းကိုလည်းပဲ ကျနော်က သိပ်သဘောကျတဲ့ ပြည်သူလူထု မဟုတ်ပါဘူးခင်ဗျ။"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဧပြီလ ၂၅ ကနေ ၂၇ ရက်နေ့အထိ တရုတ်နိုင်ငံ ဘေဂျင်းမှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် ပိုးလမ်းမ စီမံကိန်းဖိုရမ်ကို တက်ရောက်ဖို့ရှိပြီး၊ တရုတ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ မြစ်ဆုံစီမံကိန်းအကြောင်း ထည့်သွင်း ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်နေချိန်မှာ အမေရိကန်ရောက် မြန်မာတွေက ဆန္ဒထုတ်ဖေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG