သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အတိုင်ပင်ခံ တရုတ်ခရီးစဉ်အကြို မြစ်ဆုံအရေး ပညာရှင်တွေဆွေးနွေးမည်


ဧရာဝတီမြစ် (ဒီဇင်ဘာ၊ ၀၇၊ ၂၀၀၉)

နိုင်ငံတော်အတိုင်ပင်ခံရဲ့ တရုတ်ပြည်ခရီးစဉ် နီးကပ်လာချိန်မှာပဲ မြစ်ဆုံဆည် စီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး တောင်းဆိုတဲ့ လူထုလှုပ်ရှားမှုတွေ အရှိန် မြင့်တက်လာနေပါတယ်။ မနက်ဖြန် ဧပြီလ ၂၀ ရက်မှာ ဧရာဝတီကို ပြန်ရွေးယူကြမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ မြစ်ဆုံဆည်စီမံကိန်းကိစ္စ အဖြေရှာဖို့ အကြိုစကားဝိုင်းတခု ကျင်းပဖို့ရှိနေသလို မြစ်ဆုံစီမံကိန်း ဖျက်သိမ်းဖို့အတွက် လိုအပ်ရင် တရုတ်အစိုးရကို လျော်ကြေးပေးသင့် ပေးမယ်ဆိုတဲ့ အယူအဆတွေလည်း တိုးလာနေပါတယ်။ မြစ်ဆုံအရေး စောင့်ကြည့်နေတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ သဘာဝပတ်ဝန်းကျင်ပညာရှင်တချို့ကို ကိုဇော်ထက်က မေးမြန်းတင်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီရက်ပိုင်းသွားမယ့် တရုတ်ပြည်ခရီးစဉ်အတွင်းမှာ ကချင်ပြည်နယ်မှာလုပ်မယ့် မြစ်ဆုံဆည် တည်ဆောက်ရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးဖို့ရှိနေတာကြောင့် ဒီအပေါ်မှာလူထုက စိတ်ဝင်စားနေကြတာပါ။ ဒီလိုခရီးစဉ်မတိုင် မနက်ဖြန် စနေနေ့မှာပဲ ရန်ကုန်မြို့မှာတော့ ‘ဧရာဝတီကိုပြန်ရွေးယူကြမယ်’ ဆိုတဲ့ခေါင်းစဉ်နဲ့ မြစ်ဆုံအရေးအဖြေရှာမယ့် စကားဝိုင်းတခုကို သဘာဝပတ်ဝန်းကျင်အရေး နားလည်တတ်ကျွမ်းသူတွေနဲ့ စာပေအနုပညာအသိုင်းအဝိုင်းက နံမည်ကြီးပုဂ္ဂိုလ်တချို့ ပါဝင်ပြီး ဆွေးနွေးကြဖို့ ရှိနေပါတယ်။ တချိန်တည်းမှာပဲ ဧရာဝတီကို ပြန်ရွေးယူရမယ်ဆိုတဲ့ စကားလုံး သုံးနှုန်းတဲ့အပေါ်မှာ နားလည်မှုတွေနဲ့ စိုးရိမ်မှုတွေ အမျိုးမျိုးကွဲပြားလာနေပါတယ်။

မြန်မာအစိုးရအနေနဲ့ တရုတ်အစိုးရကို ပေးထားတဲ့ ကတိကဝတ်အတိုင်း အကောင်အထည်ဖော်မလား၊ ဒါမှမဟုတ် စီမံကိန်းတန်ကြေးကို ပေးလျှော်ဖို့က ဖြေရှင်းသင့်တဲ့ နည်းလမ်းလား ဆိုတဲ့အပေါ်အမြင် ကွဲပြားနေကြတာပါ။ ‘ဧရာဝတီကိုပြန်ရွေးယူကြမယ်’ စကားဝိုင်းကို ဦးဆောင်သူတဦးဖြစ်တဲ့ ဒေါက်တာထွန်းလွင်ကတော့ ပြည်သူက ဒီစီမံကိန်းအတွက် လျှော်ကြေးပေးတာဟာ အစိုးရကို ကူညီဖြေရှင်းနိုင်မယ့် နည်းလမ်းတခုဖြစ်နိုင်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ဒါကတော့ အစိုးရရယ်၊ တဘက်က တရုတ်နိုင်ငံရယ်၊ ပြည်သူရယ် သုံးပွင့်ဆိုင်မှာ ပြည်သူကလည်း သူတတ်နိုင်တဲ့ဘက်က အစိုးရကို ကူညီတဲ့ သဘောပါပဲ။ ကျနော်တို့က ဒါအစိုးရအနေနဲ့ ဒီလိုပြန်ရွေးဖို့ ဆုံးဖြတ်ချင်တယ်။ ငွေရေးကြေးရေးမှာ အခက်အခဲရှိနေတယ်ဆိုရင် ဒါပြည်သူက ဝိုင်းထည့်မယ်ဆိုတဲ့ ဆန္ဒရှိတဲ့သူတွေ သဘောထားအတိုင်း လုပ်တဲ့ပွဲပါပဲ။ ကျနော်တို့ကတော့ တတ်နိုင်သမျှ last minute (နောက်ဆုံးအချိန်အထိတော့) ဧရာဝတီကို ကာကွယ်မှာပဲ ဒါပေမဲ့ ဆုံးဖြတ်ချက်ကတော့ လက်ရှိအာဏာရအစိုးရရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်သွားမှာပေါ့။”

နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းကတော့ ဒါက နည်းလမ်းတခုဖြစ်နိုင်ပေမဲ့လည်း တခြားနည်းလမ်းတွေကိုလည်း စဉ်းစားသင့်ကြောင်း အခုလိုပြောပါတယ်။

“ကျနော့် အမြင်ကတော့ မြစ်ဆုံကိုပြန်ရွေးရမယ်ဆိုတဲ့ အသုံးအနှုန်းက ဆီလျော်မှု မရှိဘူးလို့ မြင်ပါတယ်။ ဒီကုန်ကျစရိတ်ကို ပြန်ပေးတဲ့ နည်းလမ်းဟာလည်း တခုဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အဲဒီလျော်ကြေးပြန်ပေးတဲ့ နည်းလမ်းတခုပဲ ရှိတာမဟုတ်ဘူးလို့ ကျနော်နားလည်ပါတယ်။ ဥပမာ ပရော့ဂျက်အစားထိုးပေးတာမျိုး အခြားပေါ့လေ... နှစ်နိုင်ငံကြားမှာ သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးပြီးတော့ အဖြေရှာနိုင်တဲ့နည်းလမ်း တွေရှိတယ်လို့ မြင်ပါတယ်။”

၂၀၁၈ ဒီဇင်ဘာ ၂၈/၂၉ မှာ တရုတ်သံအမတ် Hong Liang က ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး ဘာသာရေးခေါင်းဆောင်တွေ၊ ကချင်ပါတီတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ကချင်အဖွဲ့အစည်းတွေအနေနဲ့ အငြင်းပွားနေတဲ့ မြစ်ဆုံဆည်ကိစ္စအပါအဝင် ကချင်မှာရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ ပတ်သတ်ပြီး ဝင်ရောက်မပတ်သတ်ဖို့ ပြောခဲ့ပါတယ်။ ဒါဟာ အမေရိကန်နဲ့ ဗြိတိန်သံအမတ်တွေ ကချင်သွားပြီး တပတ်အကြာမှာ ဖြစ်ပါတယ်။ တရုတ်သံအမတ်နဲ့ အဲဒီတုန်းက တွေ့ဆုံခဲ့တဲ့ သူတွေထဲကတဦးဖြစ်တဲ့ ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက မြစ်ဆုံနဲ့ပတ်သတ်ရင် ပြည်သူလူထုနဲ့ တသားတည်း ကန့်ကွက်ကြောင်း ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့ ကချင်ပြည်သူလူထုကတော့ ကချင်ပြည်သူလူထုနဲ့ ကျနော်တို့ ကချင်ဒီမိုကရက်တစ်ပါတီ အပါအဝင်ပေါ့။ ဒီဟာတော့ ကျနော်တို့ မြစ်ဆုံ ရေကာတာ တည်ဆောက်ဖို့ရာ ကျနော်တို့ လုံးဝ ကန့်ကွက်ပါတယ်။ ကျနော်တို့ အလိုမရှိပါဘူး။ နောက်နောင်ကိုလည်း ဒီဟာနဲ့ပတ်သတ်ပြီးလို့မှ ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ ကျနော်ပြောလိုပါတယ်။”

မြစ်ဆုံနဲ့ပတ်သတ်ပြီး အခုနှစ် ဇန်နဝါရီလတုန်းက ငြိမ်းချမ်းပါစေမြန်မာပြည်ကွန်ရက် ဦးဆောင်ပြီး မြစ်ဆုံဆည်စီမံကိန်းရပ်တန့်ဖို့ တိုင်းသုံးတိုင်း၊ မြို့ပေါင်း ၂ဝ မှာ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ခဲ့ပါတယ်။ အဲဒီမြို့နယ်တွေက ကောက်ခံလို့ရတဲ့ လက်မှတ်တွေကို စုဆောင်းပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး၊ လွှတ်တော်၊ ကုလသမဂ္ဂ၊ ပြီးတော့ မြန်မာတရုတ်သံရုံးကတဆင့် တရုတ်ကွန်မြူနစ်ပါတီဆီကို ပေးပို့သွားမှာပါ။ ဒါနဲ့ပတ်သတ်ပြီး မကြာခင်သတင်းထုတ်ပြန်သွားဖို့ ရှိကြောင်း ငြိမ်းချမ်းပါစေမြန်မာပြည်ကွန်ရက် ပြည်မြို့တာဝန်ခံ ဦးညီညီက ပြောပါတယ်။

“ကျနော်တို့ ဒေသခံအနေနဲ့ရော တကယ့်တက်ကြွ လှုပ်ရှားသူတွေအနေနဲ့ရော ပါဝင်ဆောင်ရွက်တဲ့သူတွေအနေနဲ့ရော လုံးဝလက်ခံနိုင်စွမ်း မရှိဘူးလေ။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သတ်ပြီး။ လက်မှတ်တွေကို အားလုံးပြန်စုနေတယ်။ ရန်ကုန်မှာလည်း၊ ပြန်စုပြီးတာနဲ့ သတင်းစာရှင်းလင်းပွဲတခုလုပ်မယ်။ သတင်းစာရှင်းလင်းပွဲကနေပြီးတော့ ဘယ်လောက်အရေအတွက်ရလဲ ရှေ့ကိုဘယ်လိုဆက်ပြီးတော့ ဆောင်ရွက်မလဲ ဆိုတဲ့ဟာကို သတင်းစာရှင်းလင်းပွဲကပဲကျနော်တို့ ထုတ်ပြန်သွားမှာပါ။”

မြစ်ဆုံမှာ ဆည်စီမံကိန်းရပ်တန့်ဖို့ မြန်မာကတ်သလစ် ကာဒီနယ်ရဟန်းအမတ် ချားလ်စ်မောင်ဘိုကလည်း မြန်မာအစိုးရ တာဝန်ရှိသူတွေကို ဧပြီလ ၁၅ရက်က ဒုတိယအကြိမ်မြောက် စာပေးပို့ မေတ္တာရပ်ခံခဲ့သလို ဒီတကြိမ်မှာတော့ တရုတ်အစိုးရဆီကိုပါ တပြိုင်နက်တည်း ပေးပို့ခဲ့ပါသေးတယ်။

မြစ်ဆုံဆည်နဲ့ ပတ်သတ်ပြီး တရုတ်အစိုးရနဲ့ မြန်မာအစိုးရကြား နားလည်မှု ဘယ်လိုယူထားတယ်၊ စာချုပ်ပါအချက်အလက်တွေ ဘယ်လိုရှိတယ်ဆိုတာ ပွင့်လင်းမှု မရှိပါဘူး။ ဒီစီမံကိန်းကို ၂၀၀၆ ဒီဇင်ဘာ ၂၈ရက် အဲဒီအချိန်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစိုးရရဲ့ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနဲ့ တရုတ်စွမ်းအင်ကုမ္ပဏီ CPI ကြား ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG