သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြစ်ဆုံစီမံကိန်း ဆက်မလုပ်ဖို့ ထပ်မံ သတိပေး


ကချင်ပြည်နယ်က မြစ်ဆုံ ရေကာတာစီမံကိန်းဟာ မြန်မာနိုင်ငံသားတွေရဲ့ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုများစေမှာဖြစ်တာကြောင့် ဒီစီမံကိန်းကို လုံးဝရပ်ဆိုင်းသင့်တယ်လို့ ပြည်ပရောက် ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေက အစိုးရကို ထပ်မံသတိပေး တိုက်တွန်းလိုက် ပါတယ်။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ အမြင်ကျယ်ကျယ်နဲ့ စဉ်းစားကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တလောက ပြောဆိုခဲ့ပြီးနောက် ကန့်ကွက်မှုတွေ ထပ်မံပေါ်လာချိန်မှာ ပြည်ပ ကချင်အသိုင်းအဝိုင်းက အခုလို ပြောဆိုကြတာပါ။ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၄ ရက်နေ့ ပြည်မြို့က လူထုနဲ့တွေ့ဆုံပွဲမှာ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်လို့ ပြည်သူတွေ အမြင်ကျယ်ကျယ်နဲ့ အဖက်ဖက်က စဉ်းစားစေလိုကြောင်း ပြောဆိုသွားတာပါ။ အဲဒီနောက်ပိုင်း မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းပေးဖို့ လူထုအခြေပြု အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ တနင်္လာနေ့ ရန်ကုန်မြို့မှာ တကျော့ပြန် ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပြီး မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ အစိုးရက ပြည်သူတွေကို အသိပေးချပြပြီးမှ လုပ်ဆောင်သင့်တယ်လို့ တောင်းဆိုခဲ့ကြပါတယ်။ အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြန်မာနိုင်ငံကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်းကလည်း မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း အချက် ၉ ချက်ပါတဲ့ သဘောထားကို မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

တကယ်တော့ တရုတ်နိုင်ငံက လုပ်ခွင့်ရချင်တဲ့ မြစ်ဆုံစီမံကိန်းဟာ နိုင်ငံတော်ရဲ့လုံခြုံရေးကို ခြိမ်းခြောက်လာမယ့် အနေအထား ရှိနိုင်တယ်လို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးဂွန်ဆမ်က ပြောပါတယ်။

“မဟာဗျူဟာကျတဲ့ မြစ်တွေ၊ မဟာဗျူဟာကျတဲ့ ကဏ္ဍတွေမှာပေါ့နော် နိုင်ငံခြားကနေပြီးတော့ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးနိုင်တဲ့ သဘာ၀ အရင်းအမြစ်တွေကိုကိုင်တွယ်နိုင်ဖို့ ထိပါးဖို့အခွင့်အရေး ပြည်ပနိုင်ငံကြီး တနိုင်ငံကို ပေးထားတယ်ဆိုတာက အင်မတန်ကို ကြောက်ရတဲ့ အလုပ်တခုပါ။ တကယ်စဉ်းစားတဲ့ နိုင်ငံ့ခေါင်းဆောင်ဆိုရင် ဒါမလုပ်သင့်ဘူး၊ ဖျက်သိမ်းမှာပဲ ဖြစ်ပါတယ်။ တခြားအိမ်နီးချင်းနိုင်ငံကိုရော ကြည့်ပါ။ သီရိလင်္ကာလိုမျိုးဖြစ်ချင်သလားပေါ့နော် သီရိလင်္ကာဆိပ်ကမ်းဆောက်တဲ့ ကိစ္စ ။ အခု ၉၉ နှစ်ရှုံးသွားပြီ တရုတ်ရင်းနှီးမြှုပ်နှံတာနဲ့ ပတ်သက်ပြီးတော့ ငွေချေးထားတာ တခြားနိုင်ငံမှာရော ဒီလိုဖြစ်ခဲ့တာရှိပါတယ်။”

မြစ်ဆုံစီမံကိန်းလုပ်ခွင့်ရဖို့ ကြိုးပမ်းတဲ့အနေနဲ့ မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ်ကြီးက ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ စာထဲမှာတော့ မြစ်ဆုံစီမံကိန်းကို ကချင်ပြည်သူတွေက ကန့်ကွက်ခြင်းမရှိဘူးဆိုတဲ့ သဘောမျိုးဖေါ်ပြ ခဲ့ပြီးနောက်မှာ ကန့်ကွက်မှုတွေ ပြန်ပေါ်လာတာဖြစ်ပါတယ်။ ကချင်ပြည်သူတွေက မြစ်ဆုံကိစ္စကို လုံးဝ လက်မခံဘူးလို့ မကြားသေးမီက ကချင်ဒေသကို သွားရောက်ခဲ့တဲ့ ကနေဒါရောက် ကချင်တိုင်းရင်းသားများအစည်းအရုံး ဥက္ကဌ ဂျွန်လာဆမ်းက ပြောပါတယ်။

“ဒေသခံပြည်သူအားလုံးက ကန့်ကွက်နေတာပါ။ စလုပ်ကတည်းက ဒါကို သဘောမတူတဲ့အကြောင်း ကန့်ကွက်နေတဲ့ ကိစ္စပါ။ ဒါကို တရုတ်သံအမတ်ကြီးလာတဲ့အချိန်မှာ ဒေသခံပြည်သူတွေက သဘောတူတယ်ဆိုတဲ့ဟာကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စလို့ ကျနော်မြင်ပါတယ်။ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အပြီးအပိုင်ဖျက်သိမ်းသင့်တယ်လို့ ကျနော်မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီမြစ်ဆုံစီမံကိန်းက ကျွမ်းကျင်ပညာရှင်တွေ သုတေသနပြုထားတာ အများကြီးရှိပါတယ်။ အန္တရယ်ရှိတယ်ဆိုပြီးမှ အားလုံးက ကန့်ကွက်နေတဲ့အတွက်ကြောင့် ကျနော်တို့က ဒီမြစ်ဆုံကို အပြီးအပိုင်ဖျက်သိမ်းသင့်တယ်လို့မြင်ပါတယ်။”

မြစ်ဆုံစီမံကိန်းကို မလုပ်သင့်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက အချက်အလက်နဲ့ ထောက်ပြသတိပေးထားသလို၊ ယဉ်ကျေးမှု အမွေအနှစ် ပျောက်ဆုံးမှာ၊ ဇီဝမျိုးစိတ်တွေ ပျက်စီးပျောက်ကွယ်သွားနိုင်တာ၊ ဧရာဝတီမြစ်ကြောင်းတလျှောက် သဘာဝအနေအထား ပြောင်းလဲပျက်စီး သွားမှာ စတဲ့အန္တရာယ်တွေကြောင့် ဒီစီမံကိန်းကို မလုပ်သင့်ဘူးလို့ လူမှုရေးအသင်းအဖွဲ့တွေကလည်း ဝေဖန်နေကြတာပါ။

စစ်အစိုးရလက်ထက်မှာ သဘောတူခဲ့တဲ့ မြစ်ဆုံစီမံကိန်း စာချုပ်နဲ့ပတ်သက်လို့ အစိုးရအဆက်ဆက် ပွင့်လင်းစွာ ချပြခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ မြစ်ဆုံက ထွက်လာမယ့် လျှပ်စစ်ကို တရုတ်နိုင်ငံက ၉၀% ရရှိမှာဖြစ်ပြီး၊ မြန်မာနိုင်ငံကတော့ ၁၀%သာ ရမှာဖြစ်တယ်လို့ အများက နားလည် ထားကြပါတယ်။ မြစ်ဆုံဆည်မှာ လှောင်မယ့်ရေပမာဏဟာ ကုဗမီတာ သန်းပေါင်း တသိန်းကျော်ရှိမှာဖြစ်ပြီး၊ မြစ်ဆုံဆည်နဲ့ သိပ်မဝေးတဲ့ နေရာမှာ ခုထိ လှုပ်ရှားမှုရှိနေဆဲ စစ်ကိုင်း ငလျှင်ပြတ်ရွေ့ကြောကြီး တခုရှိနေတာကြောင့် ဒီရေကာတာသာ ကျိုးပေါက်ခဲ့ရင် အသက်ပေါင်း များစွာ ဆုံးရှုံးနိုင်ကြောင်း ဘူမိဗေဒ သုတေသနစစ်တမ်းတချို့မှာ ဖေါ်ပြထားကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG