သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Unityဂျာနယ် အရေးယူခံရမှု ပြည်တွင်း မီဒီယာအဖွဲ့တွေ စိုးရိမ်


Unity Journal from their website
Unity Journal from their website
Unity သတင်းဂျာနယ် အယ်ဒီတာချုပ်နဲ့ သတင်းထောက် လေးဦးကို အာဏာပိုင်တွေက ဖမ်းဆီး စစ်ဆေးနေတာနဲ့ပတ်သက်လို့ ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းတွေက စိုးရိမ်ပူပင်နေကြသလို ဒီဖြစ်ရပ်ဟာ လုပ်ထုံးလုပ်နည်းနဲ့မညီဘူးလို့ ဝေဖန်နေကြပါတယ်။ မြန်မာတာဝန်ရှိသူတွေ ဘက်ကတော့ သူတို့ကို ဥပဒေလမ်းကြောင်းအတိုင်း စစ်ဆေးမေးမြန်းနေတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ဒီအကြောင်း ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

Unity သတင်းဂျာနယ်က အယ်ဒီတာချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် လေးဦးကို စနေနေ့မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။ ဦးတင့်ဆန်းနဲ့ သတင်းထောက်သုံးဦးကိုတော့ ရန်ကုန်မှာရှိတဲ့ ဂျာနယ်တိုက်မှာပဲ ဖမ်းဆီးသွားတာဖြစ်ပြီး နယ်သတင်းထောက်ကိုတော့ နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေနဲ့ တရားရုံး စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။ ရန်ကုန်မှာ အဖမ်းခံထားရတဲ့ အယ်ဒီတာချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် သုံးဦးကိုတော့ ဘယ်မှာထားတယ်ဆိုတာ မိသားစုကိုယ်တိုင် မသိရသလို သူတို့ကို ဘယ်လို အကြောင်းပြချက်၊ စွဲချက်နဲ့ဖမ်းတယ်ဆိုတာလည်း မသိရပါဘူး။

ပခုက္ကူမှာ ဖမ်းခံထားရတဲ့နယ်သတင်းထောက်ကတော့ UNITY ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မကွေးတိုင်း၊ ပေါက်မြို့က စစ်လက်နက်စက်ရုံကို ဓာတုလက်နက်စက်ရုံဆိုပြီး ရေးသားဖော်ပြတာနဲ့ဆက်နွယ်ပြီး အရေးယူဖမ်းဆီးထားတာပါ။ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့တော့ မြန်မာဂျာနယ်လစ်ကွန်ယက်၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံသတင်းစာဆရာများသမဂ္ဂနဲ့ Pen Myanmar တို့ လေးဖွဲ့ ဆွေးနွေးပြီး မြန်မာစာနယ်ဇင်းကောင်စီကို ဒီဖြစ်ရပ်အပေါ် တုံ့ပြန်ဖို့ တောင်းဆိုထားကြပါတယ်။ မြန်မာစာနယ်ဇင်းကောင်စီကလည်း ဒါကို မနက်ဖြန်မှာ အရေးပေါ်အစည်အးဝေးခေါ်ယူထားတယ်လို့ မြန်မာဂျာနယ်လစ်ကွန်ယက်က ဦးမြင့်ကျော်က ပြောပါတယ်။

“လုပ်ထုံးလုပ်နည်းက ဒါ အရင်ခေတ်က လုပ်ထုံးလုပ်နည်းပေါ့နော်။ ဖမ်းပုံဖမ်းနည်း၊ အရေးယူပုံ အရေးယူနည်း၊ အဲဒါက အဓိကကျပါတယ်။ အားလုံး အဲဒီအချက်ကို သဘောတူကြတာပေါ့နော်။”

မေး။ ။ ဟုတ်ကဲ့၊ အခုဟာက ဘာကြောင့် ဖမ်းလဲဆိုတာကိုရော သိကြပြီလား။

ဖြေ။ ။ လျှို့ဝှက်ချက် ပေါက်ကြားမှုလို့ သူတို့ကတော့ စွပ်စွဲထားတာပေါ့နော်။ ပခုက္ကူကတစ်ယောက်ကိုတော့ အဲဒီ ပုဒ်မ တပ်ထားတယ်။

မေး။ ။ ကျန်တဲ့သုံးယောက်ကိုတော့ ဘာအကြောင်းကြောင့် ဖမ်းလဲဆိုတာ သိရပြီလားခင်ဗျ။ ကိုတင့်ဆန်းအပါအဝင်ပေါ့။

ဖြေ။ ။ အဲဒီဟာလည်း ယူဆရတာကတော့ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု ပုဒ်မနဲ့ ဖမ်းတယ်လို့တော့ ယူဆတယ်။ ဒါပေမယ့် သူတို့ကတော့ တရားဝင် မပြောသေးဘူး။

မေး။ ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ သူတို့ကလည်း ဓာတုလက်နက်စက်ရုံကိစ္စ ပြောသလိုပဲ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကိစ္စလည်း ပြောထားတဲ့ အခါကျတော့ ဘယ်ကိစ္စကြောင့်လို့ ယူဆရမလဲ။

ဖြေ။ ။ ကျနော်တို့ထင်တာတော့ ဟိုဘက်ရဲ့ ပယောဂလည်း ပါတယ်လို့ ထင်ပါတယ်။ ဦးအုန်းမြင့် အကြောင်းပြတဲ့ ပယောဂလည်း ပါတယ်လို့ ထင်ပါတယ်။ ပထမဟာကို တပတ် ဖော်ပြပြီးပြီပေါ့နော်။ ဒုတိယတပတ်မှာ သူတို့ဘက်က တုံ့ပြန်ချက်ကို ပြန်ပြီးတော့ အင်တာဗျူးလုပ်ပြီးတော့ ဖော်ပြတယ်။ ပြီးတော့မှ ဒုတိယတပတ်ထွက်တဲ့ဟာမှာ ဦးအုန်းမြင့်ဟာ ပါလာတယ်။ အဲလိုပါလာပြီးနောက်မှာ ရုတ်တရက်ကြီး အဲလို ဖမ်းတယ်၊ ဆီးတယ်ဖြစ်လာတယ်ဆိုတော့ အဲဒီ ပယောဂလည်း ပါမယ်လို့ ထင်ပါတယ်။

မေး။ ။ ဦးမြင့်ကျော်တို့က မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီကို တင်ပြမယ့်အထဲမှာ လုပ်ထုံးလုပ်နည်း ပုံမှန်မဟုတ်ဘူးဆိုတာက ဘယ်လို လုပ်ထုံးလုပ်နည်းကို ပြောတာလဲခင်ဗျ။

ဖြေ။ ။ စာနယ်ဇင်းကောင်စီကို အရင်ပြောသင့်တာ ဖြစ်တယ်။ စာနယ်ဇင်းကောင်စီက သတင်းသမား အားလုံးနဲ့ဆိုင်တယ်ပေါ့ဗျာ။ နိုင်ငံတော်က ဖွဲ့ထားတဲ့တရားဝင် အဖွဲ့အစည်း၊ အဲလိုပြောပြီးမှ နောက် သတင်းစာစောင်ရဲ့ တာဝန်ခံအယ်ဒီတာလို တာဝန်ခံ အယ်ဒီတာချုပ်လိုမျိုးကို ဒီကိစ္စနဲ့ပတ်သက်လို့ အကြောင်းကြားတာတို့၊ ခေါ်တာတို့ လုပ်သင့်တယ်။ အခုဟာကတော့ တန်းပြီးတော့ နယ်သတင်းထောက်ကို စပြီး ဖမ်းတယ်ဆိုတာ- ဒါက အရင်ခေတ်က အာဏာရှင်ခေတ်ကလိုပဲပေါ့ဗျာ။

ပခုက္ကူမှာဖမ်းဆီးခံရတဲ့ နယ်သတင်းထောက်အိမ်ကိုတော့ ဒီကနေ့မှာပဲ သက်ဆိုင်ရာ အာဏာပိုင်တွေက ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။ သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်ကတော့ သူတို့အားလုံး ဥပဒေအတိုင်း စီမံဆောင်ရွက်နေတာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ရေးသားဖော်ပြချက်နဲ့ မသက်ဆိုင်ဘူးလို့ ငြင်းထားပါတယ်။

“သူတို့ဖော်ပြခဲ့တဲ့ သတင်းတပုဒ်နဲ့အတူ ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ စက်ရုံသတင်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေအရ တိုင်ချက်ဖွင့်ထားတယ်။ အဲလိုတိုင်ချက် ဖွင့်ထားပြီး ရဲက သူတို့ရဲ့ ရဲ လုပ်ထုံး လုပ်နည်းအရ ခေါ်ယူ စစ်ဆေးမေးမြန်းပြီးတော့မှ တရားရုံးက ယမန်နဲ့ပေါ့နော်- ယမန်ကြီးယူပြီးတော့မှ ခေါ်ယူစစ်ဆေး မေးမြန်းနေတာ ဖြစ်ပါတယ်။ ခင်ဗျားတို့ အမေရိကားတို့ ဘာတို့မှာလည်းပဲ ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေကို ဓာတ်ပုံရိုက်တာတို့၊ အထဲကို အယောင်ဆောင်ပြီးဝင်တာတို့ ဒါမျိုးက လုပ်ခွင့်မရှိဘူးလေ၊ ဒီသဘောပါပဲ။ နောက်ပြီးတော့ သူတို့ပြောတဲ့ ဓာတုဗေဒလက်နက်စက်ရုံဆိုတာလည်း မဟုတ်ပါဘူး။ ကာကွယ်ရေးနဲ့ဆိုင်တဲ့ ဆက်စပ်ပစ္စည်းတွေထုတ်တဲ့ စက်ရုံပေါ့ဗျာ။ ဒါပေမယ့် ဒါက သူတို့အနေနဲ့ ဒီဟာမျိုးလုပ်ခြင်းက ဥပဒေကို ချိုးဖောက်ရာရောက်တာပေါ့။”

Unity ဂျာနယ်ဟာ ပေါက်မြို့က စစ်လက်နက်ပစ္စည်းစက်ရုံကို ဓာတုလက်နက် စက်ရုံဆိုပြီး နှစ်ပတ် ဆက်တိုက် ရေးသားခဲ့တာပါ။ ဒါပေမယ့် ဒုတိယပတ် ရေးသားစဉ်မှာ ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်က အညာရွာတခုမှာ ကျေးရွာသားတွေကိ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတဲ့စကားလုံးတွေကြောင့် Unity ဂျာနယ် အတော်လေး စိတ်ဝင်စားမှုရခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဖမ်းဆီးမှုတွေ ဖြစ်လာတာကြောင့် ဝန်ကြီးဦးအုန်းမြင့်ကိစ္စ ရေးသားမှုနဲ့ပါ ဆက်နွယ်လေမလား ဆိုပြီး အများက စိတ်ဝင်စားကြတာပါ။
XS
SM
MD
LG