သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားလက်နက် ရုရှားဝယ်နိုင်ခြေ ကန်သံသယရှိ


လတ်တလော စာအပြန်အလှန် ပေးခဲ့ကြကြောင်း သတင်းထွက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် (ယခင်မှတ်တမ်းဓာတ်ပုံ)
လတ်တလော စာအပြန်အလှန် ပေးခဲ့ကြကြောင်း သတင်းထွက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် (ယခင်မှတ်တမ်းဓာတ်ပုံ)

ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းကြား စာအပြန်အလှန် ပို့ဆက်သွယ်ခဲ့ကြောင်း ထောက်လှမ်းရေး သတင်းတွေရထားတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu ရဲ့ မြောက်ကိုရီးယားခရီးစဥ်အပြီးမှာ နှစ်နိုင်ငံထိပ်သီး ခေါင်းဆောင်တွေ ဒီလို စာပေးပို့ခဲ့ကြတာလို့ ဆိုပါတယ်။

ဒီစာတွေက "အပေါ်ယံမြင်နိုင်တဲ့ အနေအထား" ပဲ ဖြစ်ပြီး တကယ်နောက်ကွယ်မှာ ရုရှားနဲ့ မြောက်ကိုရီးယားကြား လက်နက်ရောင်းချမှုဆိုင်ရာ ဆွေးနွေးမှုတွေက ရှေ့တိုးလာနေတယ်လို့ Kirby က ပြောပါတယ်။ "Shoigu ရဲ့ ခရီးစဉ်အပြီးမှာ ရုရှားအရာရှိကြီးတွေပါတဲ့ နောက်ထပ်အဖွဲ့တဖွဲ့ဟာ မြောက်ကိုရီးယားနဲ့ ရုရှားကြား အလားအလာရှိတဲ့ လက်နက်သဘောတူညီချက်တွေအကြောင်း ဆွေးနွေးဖို့အတွက် ပြုံယမ်းကို ခရီးဆက်ခဲ့ပါတယ်" လို့လည်း ဆိုပါတယ်။ ရုရှားအနေနဲ့ သူ့ရဲ့စစ်လက်နက်ပစ္စည်း အင်အားကိုဖြည့်တင်းနိုင်ဖို့ အမြောက်ကျည်တွေနဲ့ အခြားအခြေခံ စစ်ပစ္စည်းတွေလိုအပ်နေတယ်လို့ Kirby က ပြောပါတယ်။ အမေရိကန်တာဝန်ရှိသူတွေအနေနဲ့ ဒီထောက်လှမ်းရေးသတင်းတွေ ဘယ်လို ရခဲ့ကြောင်းကိုတော့ အသေးစိတ် ထုတ်ဖော် ပြောဖို့ကိုတော့ Kirby က ငြင်းဆိုပါတယ်။

ယူကရိန်းကျူးကျော်စစ်အတွက်လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေကို မြောက်ကိုရီးယားဆီက ရယူဖို့ ရုရှားကကြိုးစားနေတယ်လို့ အမေရိကန်ယူဆနေချိန်မှာပဲ အခုလို ခေါင်းဆောင်တွေ စာပေးပို့တယ်ဆိုတဲ့ဖြစ်စဥ် ဖြစ်လာတာပါ။ မကြာခင်က မြောက်ကိုရီးယားကိုသွားခဲ့တဲ့ ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ခရီးစဥ်က လက်နက်ဝယ်ဖို့သွားတဲ့ခရီးစဥ်လို့ အမေရိကန်က စွပ်စွဲအပြီးမှာ အခုလို ထပ်မံ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ရုရှားနှစ်နိုင်ငံစလုံးကတော့ လက်နက်နဲ့ပတ်သက်တဲ့အမေရိကန်ရဲ့စွပ်စွဲချက်တွေကို အရင် ငြင်းဆိုထားပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားဟာ ယူကရိန်းစစ်မှာ ရုရှားဘက်ကနေရပ်တည်ကြောင်း ထုတ်ပြောထားပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ တဖက်သတ်လွှမ်းမိုးလိုတဲ့မူဝါဒကြောင့် ရုရှားဘက်က သူ့ရဲ့လုံခြုံရေးအကျိုးစီးပွားကို ကာကွယ်ဖို့စစ်ရေးနည်းလမ်း ရွေးချယ်ခဲ့ရတာလို့ မြောက်ကိုရီးယားက ဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG