သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ရုရှားဆက်ဆံရေး အနိမ့်ဆုံး အဆင့်ရောက်


U.S. Secretary of State Rex Tillerson listens, right, to Russian Foreign Minister Sergey Lavrov, back to a camera, during their meeting in Moscow, April 12, 2017.
U.S. Secretary of State Rex Tillerson listens, right, to Russian Foreign Minister Sergey Lavrov, back to a camera, during their meeting in Moscow, April 12, 2017.

ရုရှားသမ္မတ Vladimir Putin ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပါတယ်။ သမ္မတ Donald Trump အစိုးရတက်လာပြီးနောက်ပိုင်း ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ဆက်ဆံရေးဟာ ဆိုးယွားလာခဲ့ကြောင်း ပြောဆိုနေတဲ့အချိန်မှာ သမ္မတ Putin က ဝန်ကြီး Tillerson နဲ့ အခုလို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရုရှားအစိုးရက ဆီးရီးယားသမ္မတ Bashar al-Assad ကို ထောက်ပံ့ပေးနေတာတွေ ရပ်တန့်ရေး စည်းရုံး ပြောဆိုဖို့ မော်စကိုမြို့ကို အင်္ဂါနေ့က ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ဗုဒ္ဓဟူးနေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ တွေ့ဆုံ အပြီးမှာ သမ္မတ Vladimir Putin နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ရုရှားနဲ့ အမေရိကန်အကြားက ယုံကြည်မှု အခြေအနေ၊ အထူးသဖြင့် စစ်ရေးအရ ဆက်ဆံမှု အခြေအနေဟာ ကောင်းမွန်လာခြင်း မရှိတဲ့အပြင် ပိုဆိုးရွားလာနေကြောင်း ရုရှားအစိုးရပိုင် Mir ရုပ်သံဌာနနဲ့ ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း သမ္မတ ပူတင်က ပြောပါတယ်။

ဆီးရီးယားအစိုးရက ဓါတုလက်နက်တွေ အသုံးပြုပြီး အရပ်သားတွေကို တိုက်ခိုက်ခဲ့တာကို တုန့်ပြန်တဲ့အနေနဲ့ ဆီးရီးယား လေတပ် အခြေစိုက်စခန်းကို အမေရိကန်က ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ သမ္မတ ပူတင်က သူ့ရဲ့ သဘောထားကို အခုလို ပြောကြားခဲ့ပါတယ်။

“နေတိုးမဟာမိတ်နိုင်ငံတွေက ဘယ်လို တုန့်ပြန်လာကြသလဲ ? လူတိုင်းက ဘာမှ မပြောပဲ အရုပ်တွေလို ခေါင်းညိတ်နေကြတာပါပဲ။ ဆီးရီးယား စစ်တပ်က ဓါတုလက်နက် အသုံးပြုခဲ့တယ်ဆိုတဲ့ အထောက်အထားက ဘယ်မှာလဲ ? ဘာအထောက်အထားမှ မရှိဘူး။ ဒါပေမယ့် အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်လိုက်တယ်ဆိုတာ သိသာ ထင်ရှားပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်မပါဘဲ အချုပ်အခြာ အာဏာပိုင်ဆိုင်တဲ့ နိုင်ငံတခုထဲကို အမေရိကန်က ကျူးကျော် ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံတကာ ဥပဒေကို သိသိသာသာ ချိုးဖောက်ခဲ့တဲ့ လုပ်ရပ်ကို အားလုံးက ထောက်ခံနေကြတယ်။”

နိုင်ငံခြားရေးဝန်ကြီး Tillerson ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ တွေ့ဆုံနေတဲ့အချိန်မှာပဲ သမ္မတ ပူတင်ရဲ့ တွေ့ဆုံ မေးမြန်းခန်းကို ရုရှား ရုပ်သံဌာနတွေမှာ ပြခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ရတဲ့ အဲဒီ ဓါတုလက်နက်နဲ့ တိုက်ခိုက်မှုကို Bashar al-Assad အစိုးရက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အရာရှိတွေက အင်္ဂါနေ့မှာ အပြစ်တင် ပြောကြားလိုက်ကြပါတယ်။

အဲဒီ ဖြစ်ရပ်ဟာ ဆီးရီးယား တော်လှန်ရေး သူပုန်အဖွဲ့တွေက လုပ်ဆောင်တဲ့ တိုက်ခိုက်မှု၊ ဒါမှမဟုတ် တော်လှန်ရေး သူပုန်တပ်ဖွဲ့တွေ ပိုင်ဆိုင်တဲ့ ဓါတုလက်နက် သိုလှောင်ရုံကို ဆီးရီးယား တိုက်လေယာဉ်တွေက ပစ်ခတ်လိုက်တဲ့အတွက် ဖြစ်တယ်ဆိုပြီး ရုရှားတို့က ပြောဆိုနေတာကို အမေရိကန် အမျိုးသားလုံခြုံရေး အရာရှိတွေက ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။

ရုရှားနဲ့ အမေရိကန် ဆက်ဆံရေးဟာ အနိမ့်ဆုံး အဆင့်ကိုရောက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး Lavrov ပြောခဲ့သလိုပဲ၊ ကျနော်တို့ ၂ ဦးဟာ သမ္မတ Vladimir Putin နဲ့ အခုပဲ ၂ နာရီကြာလောက် အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေကို တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ လက်ရှိ အမေရိကန်-ရုရှား ဆက်ဆံရေး အခြေအနေကို ကျနော်တို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။ လက်ရှိ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ယုံကြည်မှု အခြေအနေတွေဟာ အနိမ့်ဆုံး အခြေအနေကို ရောက်နေတယ်ဆိုတာကို ကျနော် ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ နျူကလီးယား အင်အားအကြီး ၂ နိုင်ငံ အကြားမှာ အခုလို ဆက်ဆံရေးပုံစံမျိုး မရှိသင့်ပါဘူး။”

ဆွေးနွေးမှုအတွင်း နှစ်နိုင်ငံအကြား သဘောတူညီမှု ရရှိခဲ့ကြတဲ့ ကိစ္စရပ်တွေကိုလည်း ဝန်ကြီး Tillerson က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

“အထူးသဖြင့်တော့ ဆီးရီးယားနိုင်ငံဟာ ညီညွတ်ပြီး တည်ငြိမ်မှုရှိတဲ့ တိုင်းပြည်တခုဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို ကျနော်တို့ သဘောတူကြခဲ့ကြပါတယ်။ ကျနော်တို့ ၂ နိုင်ငံစလုံးကို တိုက်ခိုက်လိုတဲ့ အကြမ်းဖက်သမားတွေ ရပ်တည် လှုပ်ရှားခွင့် မပေးရေးကိုလည်း ကျနော်တို့ သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယား နိုင်ငံအနေနဲ့ နျူကလီးယား ပိုင်ဆိုင်ခွင့် မရှိရေးကိုလည်း ကျနော်တို့ သဘောတူခဲ့ကြပါတယ်။”

ရုရှား - အမေရိကန် ဆက်ဆံရေးမှာ အဖုအထစ် ဖြစ်နေတဲ့ ကိစ္စရပ် အများအပြား ရှိနေတဲ့အထဲ မနှစ် နိုဝင်ဘာလအတွင်း ကျင်းပခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက် စွက်ဖက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ အခုနောက်ဆုံး ဆီးရီးယားမှာ ဖြစ်သွားခဲ့တဲ့ ဓါတု လက်နက်နဲ့ တိုက်ခိုက်တဲ့ ကိစ္စတွေလည်း ပါဝင်ပါတယ်။

အဲဒီလို အရေးပါတဲ့ ကိစ္စရပ်တွေမှာ အမေရိကန်တို့ဘက်က စကားအဖြစ် ပြောနေတာမျိုး မဟုတ်ပဲ သက်သေ အထောက်အထားနဲ့ ပြသဖို့ လိုကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကလည်း ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း စကားပြန်ကတဆင့် အခုလို ပြောကြားခဲ့ပါတယ်။

“ကျနော် ထပ်ပြီး ပြောချင်ပါတယ်၊ ရုရှားနိုင်ငံက ကွန်ပြူတာတွေထဲ ထိုးဖောက်ဝင်ရောက်ပြီး အချက်အလက်တွေ ခိုးယူတဲ့ Hecker တွေလို့ ဆိုတဲ့သူတွေကိစ္စ၊ ဆီးရီးယားနိုင်ငံက ဓါတုလက်နက် ကိစ္စတွေမှာ စကားအဖြစ် ပြောနေတာထက် ခိုင်မာတဲ့ အထောက်အထားတွေကို ကျနော်တို့ မြင်တွေ့လိုပါတယ်။ အခုချိန်ထိတော့ အချက်အလက်တွေ ကျနော်တို့ မတွေ့ရသေးပါဘူး။ ဆီးရီးယားနိုင်ငံကိစ္စကို ကျနော့်အနေနဲ့ မီးမောင်းထိုးပြီး ထပ်ပြောပါရစေ၊ ကျနော်တို့ဟာ ကုလသမဂ္ဂအဖွဲ့ဝင်၊ ဆီးရီးယားနိုင်ငံက တရားဝင် အစိုးရရဲ့ ဖိတ်ကြားချက်အရ လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ ဒီနိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ ပိတ်ဆို့ အရေးယူမှုကို ခံထားရတဲ့ နိုင်ငံမဟုတ်ပါဘူး၊ ကျနော်တို့ဟာ အကြမ်းဖက်သမားတွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဆီးရီးယား အစိုးရကို ISIS နဲ့ Al-Nusra တပ်ဦးတို့က ဝါးမြိုမသွားရေး ဟန့်တားဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။”

အမေရိကန်အစိုးရထံက ဒွိဟဖြစ်စေတဲ့၊ ရှေ့နောက်မညီတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရုရှားအစိုးရဘက်က မေးစရာတွေ အများကြီး ရှိနေကြောင်း၊ ဒါ့အပြင် သမ္မတ Donald Trump ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ဘာလဲဖြစ်တယ်ဆိုတာကို ရုရှားအစိုးရအနေနဲ့ သိရှိဖို့ လိုအပ်ကြောင်း ပထမဆုံးအကြိမ် ပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ၂ ဦးရဲ့ တွေ့ဆုံမှုအတွင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံအကြား သိသာတဲ့ မတူညီမှုတွေ ရှိနေတယ်ဆိုတာကို ဝန်ကြီး Tillerson က ဝန်ခံ ပြောကြားပေမယ့် ရုရှားအစိုးရနဲ့ ပွင့်လင်းတဲ့ အပြန်အလှန် ဆက်ဆံရေး ထားရှိလိုကြောင်း ပြောကြားခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံ၊ Idlib ပြည်နယ်၊ Khan Sheikhoun မြို့ကို ဆီးရီးယား အစိုးရက ဓါတုလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာက စုံစမ်း စစ်ဆေးရေးမှူးတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရမယ်ဆိုတဲ့ အချက်အပြင် အဲဒီ ဖြစ်ရပ်အတွက် တာဝန်ယူရမယ်ဆိုတဲ့ ကိစ္စအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့ အဆိုတင်သွင်းတာမှာ ရုရှားနိုင်ငံက ဗီတိုအာဏာသုံး ပယ်ချလိုက်ပါတယ်။ ဒါဟာ ရုရှားအနေနဲ့ ှဆီးရီးယား အရေးကိစ္စအတွက် လုံခြုံရေးကောင်စီမှာ တင်သွင်းတဲ့ အဆိုပြုချက် မူကြမ်း ၈ ခုမြောက်ကို ဗီတိုအာဏာသုံး ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။

အမေရိကန်နဲ့ ရုရှားဆက်ဆံရေး အနိမ့်ဆုံး အဆင့်ရောက်
please wait

No media source currently available

0:00 0:04:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG