သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲစာရင်းမှားယွင်းမှုကို မကျေနပ်တဲ့ တကိုယ်တော်ဆန္ဒပြပွဲ


ပြည်မြို့ တကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့တဲ့သူ ဦးတင်ဋ္ဌေးဝင်း (Photo Credit-Myanmar Pressphoto Agency)
ပြည်မြို့ တကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့တဲ့သူ ဦးတင်ဋ္ဌေးဝင်း (Photo Credit-Myanmar Pressphoto Agency)

ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုတွေနဲ့ ပတ်သက်ပြီး ပြည်မြို့မှာ တကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့တဲ့သူ ဦးတင်ဌေးဝင်းကို ပြည်မြို့ရဲတပ်ဖွဲ့က ဒီကနေ့ အောက်တိုဘာ ၂၁ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးလိုက်ပါတယ်။

ပြည်မြို့နယ်ရဲတပ်ဖွဲ့က အဆိုပါ ဆန္ဒဖော်ထုတ်ခဲ့သူကို ခံဝန်ကတိနဲ့ နေ့လည်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် မေးမြန်းစရာရှိလို့ ဆိုပြီး ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဒုတိယအကြိမ်လာခေါ်စဉ် ဦးတင်ဋ္ဌေးဝင်းကို ကိုရန်နိုင်က တိုက်ရိုက်ဆက်သွယ်မေးမြန်းထားတာကို နားဆင်ကြည့်ရအောင်ပါ။

“မေး။ ။ ဒီကနေ့ မနက် ဦးတင်ဋ္ဌေးဝင်း က ပြည်မြို့မှာ ဆန္ဒပြဖို့ လုပ်လို့ ဒါကို ရဲစခန်းက ဖမ်းသွားပါတယ်လို့ ကြားရပါတယ်။ ဟုတ်ပါသလားခင်ဗျာ။

ဖြေ။ ။ ဟုတ်ပါတယ် ကျနော့်ကို လောလောဆယ်တော့ ခံဝန်နဲ့ ပြန်လွှတ်တယ်။ နောက်ကျနော် အိမ်ရောက်တယ်။ ပြီးတော့ မြို့မ ရဲစခန်းက ကျနော့်ကို ပြန်လာခေါ်လို့တခါ ဒုရဲအုပ် ဦးဇော်မင်းက လာခေါ်လို့ ကျနော် အခုကျနော် ပြန်လိုက်လာရပါတယ်ခင်ဗျာ။ ကျနော် အခု စခန်းကိုတော့ မရောက်သေးဘူး။

မေး။ ။ ဘာအတွက် ပြန်လာခေါ်တာလဲ။

ဖြေ။ ။ မေးစရာကျန်သေးလို့ လို့တော့ပြောပါတယ်ခင်ဗျာ။ စစ်စရာ ကျန်သေးလို့ လို့တော့ပြောပါတယ်ခင်ဗျာ။

မေး။ ။ မနက်တုန်းက ဘာကြောင့်ဖမ်းတယ်လို့ပြောလဲ။

ဖြေ။ ။ ရွေးကောက်ပွဲနီးလာတာက တကြောင်း ၊ ကျနော့်ကို ငြိမ်းစုစီပုဒ်မနဲ့ ငြိတယ်လို့ပြောတယ်။ ကျနော့်ကို ခွင့်ပြုမိန့် မတင်လို့ပြောပါတယ်ခင်ဗျာ။ ကျနော်က တကိုယ်တော်ပြတာလေ၊ အဲဒီအကြောင်းပြချက်က နှစ်ခုပြပါတယ် ခင်ဗျာ။

မေး။ ။ အဲတော့ ဦးတင်းဋ္ဌေးဝင်း က ဘယ်လိုရည်ရွယ်ချက်နဲ့ တကိုယ်တော် ဆန္ဒပြတာလဲ။

ဖြေ။ ။ ကျနော်က ပထမ အဆင့် မဲစာရင်းတွေထွက်တော့ ကျနော့်အိတ်ကပ်ထဲက ပိုက်ဆံတွေစိုက်ပြီးတော့ အဲဒီမဲစာရင်းတွေ၊ ဒီ ဖောင်တွေကို ပုံစံ (၃) တို့ (၄) တို့ ၄ (ဂ) တို့နဲ့ ကျနော်တို့ ရွာမှာရှိတဲ့ မဲစာရင်းအမှားတွေကို ပြင်လိုက်ပါတယ်ခင်ဗျာ။ ရပ်ကျေးရပ်ကွက် ဥက္ကဋ္ဌကို တင်လိုက်ပါတယ်။ တင်လိုက်တော့ ဒုတိယအကြိမ်လဲ ပြန်ထွက်လာတော့ အဲဒါတွေက နဂိုအတိုင်းမှားနေတာတွေတွေ့တယ်။ ကျနော်က စိတ်ထဲမှာ မခံရပ်နိုင်လို့ ဆန္ဒပြတာခင်ဗျာ။

မေး။ ။အဓိက တောင်းဆိုခဲ့တာက ဘာလဲ။

ဖြေ။ ။အဓိက တောင်းဆိုခဲ့တာက ၃၀ရာခိုင်နှုန်းပဲ တာဝန်ယူမယ်ဆိုတာကို မကျေနပ်လို့ ရာနှုန်းပြည့်တာဝန်ယူရမယ်လို့ ကျနော် တောင်းဆိုတာပါ။ နောက်တခါ ဒီအတိုက်အခံပါတီတွေကိုပဲ ချက်ချင်း foul ဖြစ်လို့ရှိရင် ချက်ချင်းအရေးယူပြီး အာဏာရပါတီ ပါတီတွေဖြစ်ရင်တော့ အရေးမယူလို့ ကျနော်က အရေးယူပေးဖို့ ကျနော်က ပြတာပါ။

မေး။ ။ အဲဒီတုန်းက ဦးတင်းဋ္ဌေးဝင်း ကို အမှုဖွင့်တာတွေ ရှိလား၊

ဖြေ။ ။ မရှိဘူး ခင်ဗျာ။ အဲဒီတုန်းက အမှုမဖွင့်ဘူး ခင်ဗျာ။ ကျနော်က ဗီနှိုင်းနှစ်ခု ဆွဲထားတာ ဝါးလုံးလေးနဲ့။ အဲဒါကိုပဲ ရှာဖွေပုံစုံနဲ့ သိမ်းထားပါတယ် ခင်ဗျာ။ ကျနော်ကိုပြန်လွှတ်တာက အုပ်ချုပ်ရေးမှူးက နောက်ကျနေပြီ၊ ညနေ ၂ နာရီ ခွဲလောက်မှာ ကျနော်ပြန်ရောက်ပါတယ် ခင်ဗျာ။ အုပ်ချုပ်ရေးမှူးက နောက်ကျနေလို့ ပြန်လွှတ်တာပါခင်ဗျာ။

မေး။ ။ အဖမ်းခံထားရတုန်းက ဘယ်လိုအခြေအနေရှိသလဲ။

ဖြေ။ ။ အပြင်မှာပဲ လွတ်လွတ်လပ်လပ်ပဲ။ ဖမ်းတယ်ဆိုတဲ့ ပုံစံမျိုးတော့မဟုတ်ဘူးပေါ့။ ကျနော့်ကို ခေါ်ယူစစ်ဆေးတဲ့ပုံစံမျိုး။ အဲလိုပဲထားတယ် စခန်းကတော့။

မေး။ ။ အခုပြန်ပြီးတော့ ခေါ်တဲ့ ဟာက ဘာကြောင့်ဆိုပြီးပြောလဲ။

ဖြေ။ ။ ကျနော်ကို မေးစရာကျန်နေသေးလို့ ပြောပါတယ်။ တခြားဟာတော့ ဘာမှ မပြောသေးဘူးခင်ဗျာ။ ရဲအုပ် ဦးဇော်မင်းက လာခေါ်ပါတယ်ခင်ဗျာ။

မေး။ ။ အခု ဦးဇော်မင်းနဲ့အတူတူ ရှိနေတယ်ပေါ့။

ဖြေ။ ။ ဟုတ်ကဲ့ ကျနော့်ညီနဲ့ ဆိုင်ကယ် တစီးနဲ့ လိုက်ခဲ့တာ ခင်ဗျာ။

မေး။ ။ ဦးဇော်မင်းနဲ့ကော ပြောလို့ရမလား။ ဦးဇော်မင်းကို ပြန်ခေါ်တဲ့ကိစ္စနဲ့ မေးချင်လို့ပါခင်ဗျာ။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ဦးဇော်မင်းက ပြောလို့မရသေးဘူးလို့ပြောပါတယ်ခင်ဗျာ။ ပြောလို့မဖြစ်သေးဘူးလို့ပြောပါတယ်ခင်ဗျာ။ မဖြေသေးဘူးလို့ပြောပါတယ်။”

ရွေးကောက်ပွဲကော်မရှင်ရဲ့ အမှားတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ မကျေနပ်ချက်တွေကို နိုင်ငံတကာက သိလာမှာကို စိုးရိမ်တဲ့အတွက် အခုလို ဦးတင်းဋ္ဌေးဝင်းကို ဖမ်းဆီးတာဖြစ်တယ်လို့ ပြည်မြို့က တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ကိုနေဇာက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ပြည်သူတယောက်အနေနဲ့ တကယ်မှားတဲ့ဟာကို နိုင်ငံတကာကနေ စောင့်ကြည့်မယ့်အခါကျတော့ ကျနော်တို့ ထွက်ပြီးတော့ ကိုယ့်ရင်ထဲက ဆန္ဒကို ထုတ်ဖော်တဲ့အခါမှာ ထုတ်ဖော်ခွင့်မရဘူး။ မိနစ်ပိုင်းလေးတွေ ကျနော်တို့ ဖမ်းတယ်ဆိုတာက ပွင့်လင်းမြင်သာမှု လုံးလုံးမရှိဘူးလို့ ၊ နိုင်ငံတကာသိမှာစိုးလို့ ဒီဟာကို ထိန်းချုပ်လိုက်တာလို့ ထင်ပါတယ်။ လူ့အခွင့်အရေးကြေညာစာတန်း အပိုဒ် ၁၉ မှာလည်း ဖော်ပြထားတယ်။

အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄) အရ လည်း ဒီ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခွင့်ဆိုတာရှိတယ်။ ဒါဟာ ပြည်သူတယောက်၊ နိုင်ငံသားနဲ့ နိုင်ငံသားအခွင့်အရေးဆိုတာကို ဒီအစိုးရပိုင်းကနေပြီး ချိုးဖောက် နေတယ်။ ကျနော် ဆိုလိုချင်တာက သူတို့ ထုတ်ထားတဲ့ ဥပဒေနဲ့ စွဲချင်သလိုစွဲ ၊ မစွဲနဲ့ မဟုတ်ဘူး ၊ ဆန္ဒပြပြီးမှ စွဲ ။ အခုဟာက ကိုယ့်ရင်ထဲက ဆန္ဒဘာမှ မဖော်ထုတ်သေးပဲနဲ့ ဖမ်းသွားတယ်ဆိုတာကတော့ သူ့အတွက်လည်း အကျိုးမရှိဘူး။ ကိုယ်တောင်ဆန္ဒမပြလိုက်ရသေးတာ။”

ဆန္ဒဖော်ထုတ်ခဲ့သူ ဦးတင်းဋ္ဌေးဝင်း ဟာ ပြည်မြို့နယ် တဲကုန်းကျေးရွာအုပ်စု ဆင်ပိုက်ကျေးရွာက ဖြစ်ပြီး အသက် ၄၈ နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ။

XS
SM
MD
LG