သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား မြန်မာ့ လူ့အခွင့်အရေး အကဲခတ် ကိုင်တွယ်မည်


ကင်တားနား မြန်မာ့ လူ့အခွင့်အရေး အကဲခတ် ကိုင်တွယ်မည်
ကင်တားနား မြန်မာ့ လူ့အခွင့်အရေး အကဲခတ် ကိုင်တွယ်မည်

လူ့အခွင့်အရေး အခြေအနေတွေအပေါ်မှာ အရေးပါတဲ့ သက်ရောက်မှုတွေ ရှိနိုင်တဲ့ ဆုံးဖြတ်ချက်တွေ မြန်မာအစိုးရ ချမှတ်နေတာကို တွေ့မြင်နေရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၆ ရက်ကြာ ခရီးစဉ်နဲ့ရောက်နေတဲ့ မစ္စတာ ကင်တားနားက ဒီကနေ့ ညနေပိုင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့အပြီးမှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။

(၁၉) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်ပြမယ့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာအတွက် ကိုယ်တိုင်လာပြီး အခြေအနေတွေကို ဆန်းစစ်ပြုစုတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားက သူ့အနေနဲ့ ကိုင်တွယ်ရမယ့် လူ့အခွင့်အရေးကိစ္စတွေ အများကြီးရှိတယ်လို့ ခုလို သတင်းထောက်တွေကို ပြောပါတယ်။

“ကျနော့်အနေနဲ့ အရေးတကြီး ကိုင်တွယ် ဖြေရှင်းဖို့လိုတဲ့ လူ့အခွင့်အရေး ကိစ္စတွေ တော်တော်များများ ရှိပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေအပေါ်မှာ အရေးပါတဲ့ သက်ရောက်မှုတွေ ရှိနိုင်တဲ့ ဆုံးဖြတ်ချက်တွေ အစိုးရက ချမှတ်နေတာကိုတော့ တွေ့မြင်နေရပါတယ်။ အခုခရီးစဉ်နဲ့ ပတ်သက်တဲ့ သဘောထား ထုတ်ပြန်ချက်ကိုလည်း ခရီးစဉ်ပြီးဆုံးတဲ့အခါမှာ ထုတ်ပြန်ပါမယ်။” - လို့ မစ္စတာ ကင်တားနားက ပြောသွားတာ ဖြစ်ပါတယ်။

ဘယ်လိုအရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ဆိုလိုတာလဲ ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောမသွားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာကင်တားနား တို့ ၁ နာရီလောက်ကြာအောင် ဆွေးနွေးခဲ့ကြပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဆွေးနွေးပွဲအကြောင်း တစုံတရာ ပြောမသွားခဲ့ပါဘူး။ မစ္စတာ ကင်တားနား ကပဲ သူ့ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာအတွက် အခြေအနေတွေ ဆန်းစစ်နိုင်ဖို့ အစိုးရက ခွင့်ပြုတဲ့အတွက်ကိုတော့ ဝမ်းသာတယ်လို့ ခုလို သတင်းထောက်တွေကို ပြောပါတယ်။

“အခုခရီးစဉ်ကို အစိုးရက ခွင့်ပြုတဲ့အတွက်ကို ဝမ်းသာပါတယ်။ ကျနော့် ခရီးစဉ်တွေနဲ့ ပတ်သက်လို့ အစိုးရဘက်က တော်တော်လေး လိုက်လိုက်လျောလျော ရှိပါတယ်။ အခုနေ့လယ်ကပဲ ကျနော် အင်းစိန်ထောင်ကို သွားခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့သူ ၃ ယောက်ကို တွေ့ဆုံ မေးမြန်းနိုင်ခဲ့ပါတယ်။ နေပြည်တော်မှာလည်း ဝန်ကြီးတချို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီလိုတွေ့နိုင်အောင် စီစဉ်ပေးတဲ့အတွက် အစိုးရကို ကျေးဇူးတင်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို တင်ပြရမယ့် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ မျှမျှတတ ဖြစ်ဖို့အတွက်က နိုင်ငံထဲမှာ ကိုယ်တိုင်အချက်အလက်တွေကို စုဆောင်းနိုင်ရေးက အင်မတန် အရေးကြီးတဲ့အတွက် မြန်မာနိုင်ငံကို ကျနော်လာနိုင်ဖို့က သိပ်ကို အရေးကြီးတယ်။” - လို့ မစ္စတာ ကင်တားနားက ပြောသွားတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၃၁ ရက် အင်္ဂါနေ့ကတည်းက မြန်မာနိုင်ငံမှာ ရောက်နေတဲ့ မစ္စတာ ကင်တားနားဟာ နေပြည်တော်မှာ တရားရေးဆိုင်ရာ သမ္မတအကြံပေး အဖွဲ့ဝင် ဦးစစ်အေး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး အပြင် ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး စတဲ့ အစိုးရဝန်ကြီး တချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်နေတာကို မြန်မာနိုင်ငံမှာ မြင်တွေ့နေရတဲ့ အရေးကြီးတဲ့ အခုလိုအချိန်မျိုးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို သုံးသပ်ဖို့ မြန်မာနိုင်ငံကို သွားတာဖြစ်တယ်လို့ သူ့ရဲ့ ခရီးစဉ်မစခင်မှာ မစ္စတာ ကင်တားနားက ပြောထားပါတယ်။ လပိုင်းအတွင်းမှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲကိုလည်း သူ့အနေနဲ့ အနီးကပ် စောင့်ကြည့်နေမှာဖြစ်တယ်လို့ ခုလို ဆိုပါတယ်။

“ဘယ်ရွေးကောက်ပွဲပဲ ဖြစ်ဖြစ် နိုင်ငံတကာ လူ့အခွင့်အရေး ပဋိညာဉ်ထဲမှာပါတဲ့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားဖို့ အရေးကြီးပါတယ်။ လူ့အခွင့်အရေး ပဋိညာဉ်ထဲမှာပါတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရ အနှောင့်အယှက်မရှိ လွတ်လွတ်လပ်လပ် မဲဆွယ် စည်းရုံးနိုင်ရပါမယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ ကျနော် မနေ့တုန်းက တွေ့ဆုံခဲ့တုန်းက ဒီကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ကျနော် အနီးကပ် စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။” - လို့ ပြောသွားတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ကျမှ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမယ့် မစ္စတာ ကင်တားနား ဟာ မနက်ဖြန်မှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေကို သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၅ ရက်၊ တနင်္ဂနွေနေ့ကျမှ သူ့ခရီးစဉ်တစ်ခုလုံးနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မှာ လုပ်မှာဖြစ်ပါတယ်။ မစ္စတာ ကင်တားနား ဟာ အခုခရီးစဉ်မတိုင်ခင် ၂၀၁၁ ခုနှစ် သြဂုတ်လကတုန်းက မြန်မာနိုင်ငံကို သွားခဲ့ပြီးတော့ အဲဒီခရီးစဉ်မှာ သူ အကြံပြု တောင်းဆိုခဲ့တာတွေ အတိုင်း အစိုးရက ဆောင်ရွက်ခြင်း ရှိ မရှိ ဆိုတာကို အခုခရီးစဉ်မှာ ဆန်းစစ်မယ်လို့ ပြောထားပါတယ်။ အခုတခေါက် မြန်မာနိုင်ငံခရီးစဉ်မှာ တွေ့ရှိတဲ့ လူ့အခွင့်အရေး အခြေအနေ အပြည့်အစုံကိုတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၂၃ ရက်နေ့အထိ ဂျနီဗာမှာလုပ်မယ့် (၁၉) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနား က တင်ပြဆွေးနွေးပါမယ်။

XS
SM
MD
LG