သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းတောင် အရေး ကင်တားနား အထူး စိတ်ဝင်စား


လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား
၅ ရက်ကြာ ခရီးစဉ်နဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံဆီ ရောက်လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) ဟာ ဒီကနေ့ နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး၊ ဒီ့နောက် ကချင်ပြည်နယ်ကို ဆက်သွားဖို့ ရှိပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တုန်းကတော့ မစ္စတာ ကင်တားနားဟာ အင်းစိန်ထောင်ကို သွားရောက်ခဲ့တဲ့အပြင် မြန်မာ လူ့အခွင့်အရေး
ကော်မရှင်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေနဲ့ လည်း တွေ့ဆုံပြီး၊ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေ ဖြစ်ထွန်း တိုးတက်မှုတွေနဲ့ ပြုပြင် ပြောင်းလဲရေး အခြေအနေတွေကို ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ညနေမှာပဲ မစ္စတာ ကင်တားနား ဟာ ရှေ့နေများ ကွန်ရက် မြန်မာနိုင်ငံနဲ့ တွေ့ဆုံခဲ့ပြီး၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ဖြန့်ဝေမယ့် လက်ပံတောင်းတောင် အစီရင်ခံစာနဲ့ ပတ်သက်လို့ သူ့ကို တင်ပြနိုင်ခဲ့တယ်လို့ ရှေ့နေများကွန်ရက် မြန်မာနိုင်ငံ က ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က တင်ပြထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညပိုင်းမှာတော့ ရှေ့နေများကွန်ရက်ကို ကိုယ်စားပြုတဲ့ ရှေ့နေ ဦးလှထွန်းနဲ့ တွေ့ဆုံခဲ့တာပါ။ လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲလုပ်မယ့် အစီရင်ခံစာတခု ကို ပေးခဲ့တဲ့အကြောင်း ရှေ့နေများကွန်ရက်ရဲ့ အထက်မြန်မာပြည် တာဝန်ခံ ကိုသိန်းသန်းဦး က ပြောပါတယ်။

“လက်ပံတောင်းတောင်အရေးနဲ့ပတ်သက်ပြီးတော့ ပြည်သူကို ရှင်းလင်းတင်ပြချက်ပေါ့နော် ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ ထုတ်ပြန်မယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်မှာပေါ့နော်။ အဲ့ဒီမှာ ဖြန့်မယ့် ကျနော်တို့ရဲ့ အစီရင်ခံစာကို မစ္စတာ ကင်တားနား လက်ကို ကျနော်တို့ ပေးလိုက်ပြီးတော့ အဲ့ဒီဟာနဲ့ပတ်သက်တဲ့ သက်သေခံ အထောက်အထားတွေကိုလည်း ကျနော်တို့ ပြပြီးတော့ ရှင်းပြခဲ့တယ်။ ဒီကိစ္စ အရေးယူဆောင်ရွက် ဖို့လို့ ပြောတယ်။ ဒုတိယတချက်ကတော့ မြစ်ကြီးနားထောင်မှာရှိနေတဲ့ အရှင်ဉာဏ အမှုနဲ့ပတ်သက်ပြီးတော့ တရားမျှတမှု ရအောင် ဆောင်ရွက်ပေးဖို့၊ အသက်အရွယ်ကို ငဲ့ညှာထောက်ထားပြီးတော့ ကြားဝင် ဆောင်ရွက်ပေးဖို့ဆိုပြီး ဦးလှထွန်း က တင်ပြခဲ့ပါတယ်။”

“အရှင်ဉာဏ အမှုကတော့ ကျနော်တို့ ငယ်ရွယ်စဉ် ရှေ့နေဖြစ်ခါစ ဘဝကတည်းက သူက အကြိမ်ကြိမ် ထောင်ကျခဲ့တာ၊ အဓိကကတော့ သူက ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ အယူအဆနဲ့ ကွဲလွဲတဲ့ အယူအဆ ရှိတာပေါ့နော်။ ဒါကြောင့် သူက သူ့အယူအဆအတိုင်း လွတ်လွတ်လပ်လပ် သင်္ကန်းကို အပြာ ဝတ်တယ်။ သတ္ထုသပိတ် ကိုင်တယ်ပေါ့နော် ပုံကတော့ ဘုန်းကြီးအတိုင်းပါပဲ အကုန်လုံး ကတော့၊ အကြမ်းဖျဉ်း ပြောရရင်တော့ သူတို့ မူက သာမည သဘောတရားကြမ်းဆိုတဲ့ သူတို့ ထုတ်တဲ့ထဲမှာ ပါတယ်။ အဲ့ဒီမူအတိုင်း သီးခြား ဗုဒ္ဓဘာသာတရပ် ကွဲလွဲတဲ့ ဗုဒ္ဓဘာသာတရပ် ထူထောင်တာ၊ အဲ့ဒီအတွက် အပြစ်ပေး အရေးယူထားတာပေါ့ဗျာ။ ယုံကြည်ချက်ကြောင့် အပြစ်ပေး ခံရတာပါပဲ။ ကျန်တာ ဘာမှ မပါပါဘူး။ အခုက ဦးဉာဏ က အသက်အရွယ် အတော်လဲ ကြီးနေပါပြီ။ ၇၀ ကျော်ပြီနဲ့တူပါတယ်။ ကျတဲ့ အပြစ်ဒဏ်ကလည်း များတယ်။ ရဲဘက်စခန်းတွေ ကိုလည်း သူ့ခမျာ ရောက်ခဲ့ရရှာတယ်။ ဒီကိစ္စအတွက် လူမှုရေးအရ ကြားဝင်ပြီးတော့ ဆောင်ရွက်
ပေးဖို့အတွက် တောင်းဆိုတာပါ။”

လက်ပံတောင်းတောင်နဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ရှေ့နေများ ကွန်ရက် မြန်မာနိုင်ငံ ကနေ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့အတွက် အစီအစဉ်ရှိတဲ့အကြောင်း၊ ဒီအစီရင်ခံစာရဲ့ အဓိကကျတဲ့ အချက်အလက်တွေကိုလည်း ဆက်ပြောသွားပါတယ်။

“၃ ပိုင်းပေါ့နော် လက်ပံတောင်းတောင် ကျနော်တို့ရဲ့ အစီရင်ခံစာမှာက ရှေ့နေများကွန်ရက်
မြန်မာနိုင်ငံ နဲ့ Justice Trust ဆိုတာ အမေရိကန်ပြည်ထောင်စုက ဖွဲ့တဲ့ တရားဥပဒေ စိုးမိုးရေးအဖွဲ့ ဘန်ကောက်မှာ အခြေစိုက်ပါတယ်။ ကျနော်တို့ ရှေ့နေ နှစ်ဖွဲ့ပေါင်းပြီးတော့ စုံစမ်းစစ်ဆေးမှု လုပ်ပြီးတော့ တင်ပြတာပါ။ အဓိကအားဖြင့် ၃ ချက် ပြောရမှာပေါ့။ နံပါတ်တစ်အချက်ကတော့ ကျနော်တို့ တွေ့ရှိတာက လက်ပံတောင်းတောင်ကိစ္စနဲ့ပတ်သက်ပြီးတော့ ဝမ်ဘောင်ကုမ္ပဏီ နဲ့ ပြည်သူတွေကြားမှာ ချုပ်ဆိုခဲ့တဲ့ ပဋိဉာဉ်စာချုပ်တွေဟာ ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူး။ လွတ်လပ်တဲ့ သဘောဆန္ဒ မပါဘူး။ အတင်းအကြပ် ချုပ်ဆိုထားတဲ့ စာချုပ်တွေ ဖြစ်တယ်ဆိုတဲ့ အချက်၊ နောက် ဒုတိယအချက်ကတော့ လက်ပံတောင်းတောင် ပြည်သူတွေကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့် တောင်းတာကို အကြိမ်ကြိမ် ငြင်းပယ်ခြင်း အားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖောက်ဖျက်ခဲ့တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးတွေကို ငြင်းပယ်ခဲ့တယ်။ နောက် တတိယအချက်ကတော့ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြနေတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ၂၉ ရက် ၁၁ လက ချေမှုန်းရာမှာ စစ်တပ်မှာပဲ သုံးစွဲခွင့်ရှိတဲ့၊ အရပ်ဘက်မှာ သုံးစွဲခွင့် မရှိတဲ့ WP ပေါ့ဗျာ White Phosphorus မီးစုန်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ်ပြီးတော့ ကျနော်တို့ မတရား အကြမ်းဖက်ခဲ့တယ်ဆိုတဲ့အချက်ကို ဖော်ပြတာပါ။ အဓိကကျတဲ့ အချက်တွေကို မီးမောင်းထိုးပြ တာပါ။”

မစ္စတာ ကင်တားနား ဟာ လက်ပံတောင်းတောင် အစီရင်ခံစာနဲ့ပတ်သက်ပြီး သက်သေပြချက်တွေ ကို အတော် စိတ်ဝင်စားခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ရှိတယ်ဆိုပြီး ပြောသွားခဲ့တယ်လို့ ဆိုပါ တယ်။

“လက်ပံတောင်းကိစ္စကိုတော့ သူ အလွန် စိတ်ဝင်စားတယ်။ နောက်ပြီးတော့ သူ သေသေချာချာ စုံစမ်းမယ်လို့လည်း ပြောပါတယ်ခင်ဗျ။”

မစ္စတာ ကင်တားနား ဟာ သူ့ရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ကော်မရှင်ကို လည်း တွေ့ဆုံမှုတွေ ရှိခဲ့သလို၊ အင်းစိန်အကျဉ်းထောင်ကိုလည်း သွားရောက်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်ကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။ မကြာခင်မှာလည်း ကချင်ပြည်နယ်ကို သွားရောက်ဖို့ ရှိနေပြီး သူ့ခရီးစဉ်အပြီး မပြန်ခင်မှာတော့ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ ရှိပါတယ်။
XS
SM
MD
LG