သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား မြန်မာပြည် နောက်ဆုံးအကြိမ်သွားမည်


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana မြန်မာနိုင်ငံကို အရင်က လာခဲ့စဉ်ပုံ။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana မြန်မာနိုင်ငံကို အရင်က လာခဲ့စဉ်ပုံ။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ လူ့အခွင့်အရေး အခြေအနေတွေ လေ့လာဖို့ မြန်မာနိုင်ငံကို
ဖေဖော်ဝါရီလ ၁၄ ကနေ ၁၉ ရက်နေ့အထိ လာရောက်မှာဖြစ်ပါတယ်။

သူ့ခရီးစဉ်အတွင်းမှာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်အပြင် မုံရွာကြေးနီတူးဖော်ရေးလုပ်ငန်း၊ သီလဝါရေနက်ဆိပ်ကမ်းတွေဆီ သွားရောက်ဖို့ စီစဉ်ထားပြီး ကရင်ပြည်နယ်ကိုလည်း သွားနိုင်ဖို့ ကြိုးစားနေတယ်လို့ မစ္စတာ ကင်တားနားက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တရားဝင်ခရီးစဉ်နဲ့ နောက်ဆုံး မြန်မာနိုင်ငံကို လာရောက်စဉ်အတွင်း သူ့အနေနဲ့ ဘာတွေများ မျှော်လင့်ထားသလဲဆိုတာကို မစ္စတာ ကင်တားနားနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မစ္စတာ ကင်တားနားရဲ့ အခုတခေါက် ခရီးစဉ်ဟာ တာဝန်အရသွားတဲ့ နောက်ဆုံးခရီးစဉ် ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လက်ရှိအခြေအနေတွေကို သုံးသပ်ဖို့၊ အရင်ခရီးစဉ်တွေတုန်းက အကြံပြုချက်တွေကို တာဝန်ရှိသူတွေဘက်က လိုက်နာခြင်း ရှိ-မရှိ ကြည့်ဖို့ဖြစ်တယ်လို့ မစ္စတာ ကင်တားနား က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ခရီးစဉ်အတွင်းမှာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်အပြင် မုံရွာကြေးနီတူးဖော်ရေးလုပ်ငန်း၊ သီလဝါရေနက်ဆိပ်ကမ်းတွေဆီ သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ကရင်ပြည်နယ်ဘက်ကိုလည်း သွားရောက်လေ့လာဖို့ တောင်းဆိုထားတာကို အစိုးရဘက်က နှုတ်ကတိ ရရှိထားပေမဲ့ မသေချာသေးဘူးလို့ မစ္စတာ ကင်တားနား က ပြောပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ နောက်ဆုံးခရီးစဉ်မှာ ဘာကြောင့် ကရင်ပြည်နယ်ကို သွားချင်ရသလဲဆိုတာကို မေးတဲ့အခါ မစ္စတာ ကင်တားနား က အခုလို ပြောပါတယ်။

“ကရင်ပြည်နယ်က အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေတွေ ဘယ်လို ဆက်ရှိနေပြီး ပြည်တွင်း ရွာပုန်း ရွာရှောင်နဲ့ နယ်စပ်ဒုက္ခသည်တွေပေါ် ဘယ်လိုရိုက်ခတ်မှု ရှိနေသလဲဆိုတာရယ်၊ ဒုက္ခသည်တွေ မြန်မာပြည်တွင်း ပြန်လည် အခြေချနိုင်ခွင့် ဘယ်လိုအစီအစဉ်တွေနဲ့ လုပ်ဆောင်ကြမလဲဆိုတာကို ကျနော်စိုးရိမ်တဲ့အတွက် သွားပြီးလေ့လာချင်တာပါ။”

ကရင်ပြည်နယ် ခရီးစဉ် မသေချာသေးပေမဲ့ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေကို သွားရောက်ဖို့ သေချာပြီး လူ့အခွင့်အရေး အခြေအနေတွေ ဘယ်လောက် တိုးတက်မှုရှိနေသလဲဆိုတာကိုလဲ သူသွားရောက်လေ့လာမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်သွားမယ့် ခရီးစဉ်နဲ့ပတ်သက်လို့ သူက အခုလို ပြောပါတယ်။

“ရခိုင်ပြည်နယ်က အခြေအနေက လူတိုင်းသိကြတဲ့အတိုင်း အသိုင်းအဝိုင်းတွေ တဘက်နဲ့ တဘက်ကြား တင်းမာနေကြပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အဲဒီမှာဖြစ်နေတဲ့ အခြေအနေကို သိနိုင်ဖို့ ပြဿနာရှိတဲ့နေရာတွေကို သွားတာ၊ ဒေသခံအာဏာပိုင်တွေကို တွေ့ဆုံတာအပြင် လူမှုအသိုင်းအဝိုင်းထဲက လူတွေနဲ့ တွေ့ဆုံနိုင်ဖို့ အခွင့်ကောင်းဖြစ်ပါတယ်။ ကျွန်တော် အရင်က ၄ ကြိမ်သွားထားဖူးတဲ့ ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ အဲဒီမှာ အခြေအနေ ဘယ်လိုရှိသလဲဆိုတာကို ကျွန်တော့်ရဲ့ သုံးသပ်ချက်ကို ဒီတခါ အပြီးသတ်နိုင်မှာ ဖြစ်ပါတယ်။”

ကချင်ပြည်နယ်မှာ အပစ်အခပ်ရပ်ဆဲရေး လုပ်ငန်းစဉ်တွေ ဘာကြောင့် နှေးကွေးနေသလဲဆိုတာကို သူ့အနေနဲ့ ကိုယ်တိုင်လေ့လာဖို့ရှိသလို တိုက်ပွဲတွေက ပြည်သူတွေအပေါ် ဘယ်လောက် ထိခိုက်နေသလဲဆိုတာကို ကိုယ်တိုင်သွားကြည့်မှာ ဖြစ်တယ်လို့ မစ္စတာ ကင်တားနား က ပြောပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်နဲ့ ၆ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံကို မစ္စတာ ကင်တားနား အကြိမ်ကြိမ် လာရောက်ခဲ့ဖူးပါတယ်။ အခုခရီးစဉ်ကတော့ တာဝန်အရ နောက်ဆုံးခရီးစဉ်ဖြစ်လို့ သူ့အတွက် ထူးခြားတယ်လို့ ပြောပါတယ်။ သူ့တာဝန်သက်တမ်းအတွင်း မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ သူ့အမြင်က -

“နိုင်ငံတော် အကျိုးစီးပွားအတွက်လို့ဆိုပြီး သတင်းထောက်တချို့ မကြာခင်က ဖမ်းဆီးခံထားရတာတော့ ရှိပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး အခြေအနေမှာ အပြုသေဘောဆောင်တဲ့ လက္ခဏာတွေ ရှိနေတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နိုင်ငံရေးလွတ်လပ်ခွင့် အခြေအနေတွေ ဘောင်ကျဉ်းနေတယ်ဆိုပေမဲ့ လူ့အခွင့်အရေး အခြေအနေအပေါ် ဒါတွေက အများကြီး သက်ရောက်မှုရှိပါတယ်။”

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စီးပွားရေးအပြောင်းအလဲတွေက သာမန်ပြည်သူတွေအတွက် ဘယ်လောက် အကျိုးရှိသလဲဆိုတာကိုလည်း အခုခရီးစဉ်မှာ လေ့လာသွားမယ်လို့ မစ္စတာ ကင်တားနား က ပြောပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာ အပြည့်အစုံကို လူ့အခွင့်အရေးကောင်စီမှာ မတ်လ ၁၇ ရက်နေ့မှာ တင်သွင်းမှာဖြစ်ပါတယ်။
XS
SM
MD
LG