သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြံပေးကော်မရှင်အရေး ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်မည်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ရခိုင်ပြည်နယ်တွင်ရောက်ရှိနေ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ရခိုင်ပြည်နယ်တွင်ရောက်ရှိနေ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်အရေး အထူးအလေးထားဆွေးနွေးကြဖို့ ရခိုင်ပြည်နယ် လွှတ်တော်မှာ အရေးပေါ်အထူးအစည်းအဝေး ခေါ်ယူထားတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်အမတ်တဦးကပြောပါတယ်။ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင် ရခိုင်ပြည်နယ်ကို ဆိုက်ရောက်တဲ့နေ့မှာပဲ ရခိုင်ဒေသခံအချို့က ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ဒေသခံ ရခိုင် လူမှုအဖွဲ့အစည်းတချို့ကလည်း ကိုဖီအာနန်ရဲ့တွေ့ဆုံဖို့ ဖိတ်ခေါ်မှုကို လက်မခံခဲ့ကြပါဘူး။ အကြောင်းစုံ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် ဆက်ပြောပြပေးပါမယ်။

လာမယ့် စက်တင်ဘာလ ၁၂ရက်နေ့မှာ ရခိုင်ပြည်နယ်လွှတ်တော်မှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်(၁၃)ဦးက ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အရေး နဲ့ပတ်သက်ပြီး အထူးအစည်းအဝေးခေါ်ယူကြဖို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကို အရေးတကြီးအဆိုတင်ထားတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်အမတ်ကပြောပါတယ်။ အစိုးရသစ်ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်အရေး အကြံပေးမယ့် ကုလအတွင်းရေးမှူးချုပ်ဟောင်းဦးဆောင်တဲ့ အကြံပေးကော်မရှင်နဲ့ပတ်သက်ပြီး အဓိကဆွေးနွေးကြမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်က ဘူးသီးတောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ် ရခိုင်ပြည်နယ် လွှတ်တော်တွင်း နိုင်ငံသားများရဲ့မူလအခွင့်အရေးနှင့် အထူးကြားနာ စုံစမ်းရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးထွန်းအောင်သိန်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ကျနော်တို့ လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ ကျနော်တို့ အထူးအစည်းအဝေးတရပ်ကို ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ် ၁၃ ယောက်ကနေ လက်မှတ်ထိုးပြီးတော့ ခေါ်ထားတာရှိတယ်။ အဲဒီခေါ်ထားတဲ့ အထဲမှာ ကျနော်တို့ ဒီ အခုတွေ့ရှိထားတဲ့ ဒီအကြံပေးအဖွဲ့နဲ့ ပတ်သက်လို့ ကျနော်တို့ ဆွေးနွေးစရာတွေရှိတယ်။ အဲဒီအခါမှာ ကျနော်တို့ ဆွေးနွေးဖို့ ရှိပါတယ်ခင်ဗျ။ ရခိုင်ပြည်နယ်အထဲမှာဖြစ်နေတဲ့ ကျနော်တို့ ဒီ နိုင်ငံရေးပြဿနာတွေဟာ ပြည်တွင်းရေးသာဖြစ်တဲ့အတွက်ကြောင့် ရခိုင်ပြည်သူတွေက ဒီကိစ္စကို ပြည်ပ နိုင်ငံတွေက ဝင်ရောက်ပြီးတော့ ဖြေရှင်းစရာမလိုဘူး ၊ ပြည်တွင်းထဲမှာပဲ ဖြေရှင်းလို့ရတဲ့ ကိစ္စဖြစ်တယ်။ ရခိုင်ပြည်သူလူထုက စိုးရိမ်နေကြတယ်။ ဘာလို့စိုးရိမ်ကြသလဲဆိုတော့ အချုပ်အချာအာဏာ အမျိုးသား လုံခြုံရေးအထိကို ထိခိုက်နိုင်တဲ့အခြေအနေ တွေရှိနေတဲ့အတွက်ကြောင့် ရခိုင်ပြည်သူလူထုက စိုးရိမ် ကြတာဖြစ်တယ်။ ကျနော်တို့ ဒီနေ့ စစ်တွေမှာတွေ့တယ်၊ စစ်တွေမှာတွေ့တော့ ရပ်မိရပ်ဖတွေကို ဘာမှဆွေးနွေးခွင့်၊ တင်ပြခွင့် မရရှိတာတွေဟာ ယုံမှားသံသယ ဖြစ်နေစရာအကြောင်းပဲ ဖြစ်နေပါတယ်ခင်ဗျ။”

ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့မှာတော့ ရခိုင်ပြည်နယ်တွင်းက ရခိုင်လူမှုအသင်းအဖွဲ့တွေ ရခိုင်မြို့မိမြို့ဖတွေနဲ့တွေ့ဆုံဆွေးနွေးနေတယ်လို့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်လည်းဖြစ် ရခိုင်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့က ဒေါ်စောခင်တင့်ကပြောပါတယ်။

ဒါပေမဲ့လို့ ဒီကနေ့ တွေ့ဆုံဖို့အတွက် ဖိတ်ကြားမှုကိုတော့ ရခိုင်ပြည်နယ်တွင်း ဒေသခံရခိုင်လူထုအရေး ဆောင်ရွက်ပေးနေတဲ့ လူမှုအဖွဲ့အစည်းတခုဖြစ်တဲ့ ဝံလက်ဖောင်ဒေးရှင်းအနေနဲ့ကတော့ မတက်ရောက်ခဲ့ဘူးလို့ ဖိတ်ခေါ်ခြင်းခံရတဲ့ ဝံလက်ဖောင်ဒေးရှင်းအဖွဲ့ ဒါရိုက်တာ ဦးဇော်ဇော်ထွန်းကပြောပါတယ်။ ဘာကြောင့် သူတို့အနေနဲ့ သွားမတွေ့ခဲ့သလဲဆိုတာကို ဦးဇော်ဇော်ထွန်းကလည်း အခုလိုရှင်းပြပါတယ်။

“ကျနော်တို့ဆီကိုတော့ ဖိတ်စာရောက်တယ်။ ဒါပေမယ့် ကျနော်တို့ကတော့ မသွားဖြစ်လိုက်ဘူးပေါ့နော်။ မသွားဖြစ်လိုက်ဘူးဆိုတာက ဘာကြောင့်လဲဆိုတော့ သူတို့ ခေါ်တွေ့တဲ့ပုံစံကိုက သူတို့ အစီအစဉ်တွေကို ချပြရုံပဲပေါ့ သူတို့ အစီအစဉ်က ။ သူတို့မှာ ကျနော်တို့ဆီက အကြံပေးတာသော်လည်းကောင်း သူတို့မှာ ဖြေဖို့အစီအစဉ်က မပါဘူး။”

ဒီကနေ့မှာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ ရခိုင်ပြည်နယ်စစ်တွေမြို့ကို ဆိုက်ရောက် လာစဉ်မှာပဲ ဒေသခံ ရခိုင်ပြည်သူလူထု တချို့က အကြံပေးကော်မရှင်ကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

“ကိုဖီအာနန်ဦးဆောင်သည့် အကြံပေးကော်မရှင်အဖွဲ့ အလိုမရှိ.. အလိုမရှိ”

အချုပ်အချာအာဏာပိုင်သော နိုင်ငံတခုနဲ့ ပတ်သက်လို့ ပြည်ပနိုင်ငံသားများပါဝင်သော ဖွဲ့စည်းလိုက်သော အဖွဲ့အစည်းကို ကျနော်တို့ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စရာမရှိဘူး”

ရခိုင်ပြည်နယ်စစ်တွေမြို့မှာ ရှိနေတဲ့ ဝံလက်ဖောင်ဒေးရှင်းက ဦးဇော်ဇော်ထွန်းကလည်း ဒီကနေ့ ဒေသခံတွေ ဆန္ဒပြတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အခုလိုပြောပြပါတယ်။

“အဓိကကတော့ ဒီလေဆိပ် အဝင်နဲ့ အထွက် ပေါက်ပေါ့နော် အဲဒီနားလေးတခုရယ် ၊ နောက် ဒီအစည်းအဝေးလုပ်တဲ့ အစိုးရ အဖွဲ့အစည်းရုံးရှေ့တခုပေါ့ အဲဒီနေရာတွေမှာပါပဲ”

ရခိုင်ပြည်နယ်အရေးဟာ အစိုးရအနေနဲ့ အထူး သတိထားကိုင်တွယ်ဖြေရှင်းရမယ့်အချိန်မှာ ရခိုင်ပြည်သူလူထုရဲ့ဆန္ဒသဘောထားကိုလည်း အလေးအနက် ထားသင့်တယ်လို့ ရခိုင်အကြံပေးကော်မရှင်အရေးနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကလည်း အခုလိုသုံးသပ်ပါတယ်။

“အကြံပေးကော်မရှင်နဲ့ ကော်မတီ တွေဖွဲ့တယ်။ အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့တယ် ၊ အဲဒီတော့ အစီရင်ခံစာတွေ ထုတ်ပြန်တဲ့အချိန်မှာ ကျနော်တို့ အကောင်အထည်ဖော်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်မှုဟာ ဘာမှ မဖြစ်ခဲ့ဘူးပေါ့နော်။ အဲဒီအပိုင်းမှာ အားနည်းတာ ကျနော်တို့တွေ့ရတယ်။ အဲဒီတော့ ကျနော်တို့က ကော်မရှင်တရပ်ဖွဲ့ပြီဆိုတဲ့အခါမှာ သူတို့ တွေ့မယ်ဆိုတဲ့ဟာတွေကို ကျနော်တို့ တွေ့ရတယ်ပေါ့နော်။ တွေ့ရင်လည်း ကျနော်တို့ဘက်က ပြောသင့်ပြောထိုက်တာတွေ ပြောရမယ့်အချက်တွေ ပြောသင့်တာတွေကို ကျနော်တို့ ထောက်ပြဖို့အတွက် အဆင်သင့်ပါပဲ။ လုပ်ကိုင်ဆောင်ရွက်ရမယ့် အရေးယူဆောင်ရွက်ရမယ့်အပိုင်းကတော့ သူတို့အပိုင်းပေါ့နော်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် ကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိစဉ် ဒီကနေ့မှာပဲ အနာဂတ်ကို တည်ဆောက်ရာမှာ ရခိုင်ပြည်နယ်မှာရှိနေတဲ့ အဓိက လူမှုအသိုင်းအဝိုင်း ၂ ခုအကြား ဆယ်စုနှစ်တွေနဲ့ချီပြီး ရှိနေခဲ့တဲ့ မယုံကြည်မှုတွေကို ကျော်လွှားဖို့၊ ၂ ဘက်စလုံးက တန်ဘိုးထားတဲ့ တရားမျှတမှုနဲ့ တန်းတူညီမျှမှုတွေ ရရှိနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့၊ ပြောဆိုခဲ့တာပါ။ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တရားဝင်တာဝန်ယူခဲ့ပြီးနောက် မနေ့တနင်္လာနေ့က ရန်ကုန်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း သူ့အနေနဲ့ ရခိုင်ပြည်နယ်အရေး ဖြေရှင်းရာမှာ ဘက်လိုက်မှုကင်းကင်းနဲ့ ဆောင်ရွက်မှာဖြစ်သလို၊ သက်ဆိုင်သူတွေ အားလုံးရဲ့ အသံတွေကိုလည်း နားထောင်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG