သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြံပေးကော်မရှင် ပြန်လည်ဖွဲ့စည်းရေး အဆို ရှုံးနိမ့်


 ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ပြန်လည်ဖွဲ့စည်းရေး အဆိုကို ပြည်သူ့လွှတ်တော်မှာ ရှုံးနိမ့်သွားပါပြီ။ အစိုးရအနေနဲ့ ကော်မရှင်ဟာ တည်ဆဲ ဥပဒေကိုကျော်လွန်လုပ်ဆောင်ကာဖွဲ့စည်းထားတယ်လို့ စွပ်စွဲမှုတွေရှိခဲ့သလို မူဆလင်အချို့ကလည်း ရခိုင်အရေးကို ခုလိုလုပ်ဆောင်တာဟာ မသင့်တော်တဲ့လုပ်ရပ်တခုဖြစ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ မတူညီတဲ့ အသိုင်းအဝိုင်း ၂ ခုကြား ပြသနာတွေရှိနေတဲ့ ရခိုင်ဒေသအခြေအနေကို နားလည်ဖို့လိုအပ်တာကြောင့် လက်ရှိ အာဏာရအစိုးရအနေနဲ့ ရခိုင်ဒေသခံပါတီနဲ့ပူးပေါင်းလုပ်ဆောင်ဖို့လိုအပ်နေ တယ်လို့ ရခိုင်ပါတီဘက်ကထောက်ပြခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

နိုင်ငံခြားသားများ ပါဝင်နေတာကို ကန့်ကွက်ကာ အကြံ ပေးကော်မရှင် ကို ပြည်တွင်း တတ်သိပညာရှင် များဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ ရခိုင်အမျိုး သားပါတီဘက်က အစိုးရသို့ တိုက်တွန်း ခဲ့တဲ့အရေးကြီးအဆိုဟာ လွှတ်တော်မှာ အကြိတ်အနယ်ဆွေးနွေးခဲ့ရပြီး အများကမျှော်လင့်ထားတဲ့အတိုင်း ရှုံးနိမ့်ခဲ့ပါတယ်။ အာဏာရ NLD အစိုးရရဲ့လုပ်ဆောင်ချက်ကို ရခိုင်အမတ်တွေ၊ အချို့သောတိုင်းရင်းသားအမတ်တွေနဲ့ တပ်ကိုယ်စားလှယ်တို့တွေက ကန့်ကွက်မှုတွေလုပ်ခဲ့သလို ဥပဒေဘောင်ကနေကျော်လွန်လုပ်ဆောင်တယ်လို့ စွပ်စွဲမှုတွေလည်း လုပ်ခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီက ဦးဦးလှစောက NLD အစိုးရအနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှုးဟောင်း ကိုဖီအာနန်ကိုယ်တိုင်က အစိုးရအနေနဲ့ရခိုင်ပြည်နယ် တွင်းမှာရှိတဲ့ ပါတီတွေနဲ့ဆွေးနွေးဖို့ အကြံပြုခဲ့ပေမယ့် ခုချိန်ထိဆွေးနွေးတာမရှိသေးသလို ရခိုင်အရေးကို နိုင်ငံတကာအရေးဖြစ်အောင်လုပ်နေတယ်လို့ အခုလို လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။

“ဒီလောက်အင်မတန်အရေးကြီးပါတယ်ဆိုတဲ့ ရခိုင်ပြဿနာကို စဉ်းစားတဲ့အခါမှာ ဒီ NLD ကခေါင်းဆောင်တွေက ကျနော်တို့ကို ဘာဖြစ်လို့ Dialogue partner လို့ မသတ်မှတ်တာလဲ။ ကျနော်တို့ ဒီဟာကို ကန့်ကွက်နိုင်စရာမရှိဘူး။ NLD ကဖြစ်ဖြစ်၊ ချင်းပဲဖြစ်ဖြစ် ၊ ဗမာပဲဖြစ်ဖြစ်၊ကရင်ပဲဖြစ်ဖြစ် ထည့်ပါ နိုင်ငံတကာ အသိအမှတ်ပြုတဲ့ပညာရှင်တွေ အများကြီးရှိပါတယ်။ကိုဖီအာနန်သာ နိုဘယ်ဆုရတယ် ၊ ကိုဖီအာနန် နိုဘယ်ဆုရပေမယ့် အခု ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေသလဲ လေ့လာကြည့်ကြပါ။ ဒီကော်မတီက လာတဲ့လူတွေဟာ Research Methodology နဲ့ လုပ်လိမ့်မယ်။ မှန်တယ် သိပ္ပံပညာရချင်ရပါလိမ့်မယ်။ ဒီနေရာမှာ နိုင်ငံရေးပြဿနာ ၊ ကျနော်တို့ စိတ်ခံစားမှုတွေ၊ ကျနော်တို့ သမိုင်းကြောင်းဆိုင်ရာတွေကို ဒီလူတွေ ဘယ်လောက်နားလည်မလဲ ။ အဲဒီလိုသာ နားလည်မယ်ဆိုရင် ကမ္ဘာကြီးမှာ စစ်ပျောက်သွားတာ ကြာပါပြီ။ ဒီလူတွေလာတယ် ဒီလူတွေနဲ့ OIC ကြားမှာ ဘယ်လို link ရှိသလဲ။ အင်မတန် စိုးရိမ်ဖို့ ကောင်းတဲ့ ကိစ္စတွေ ပြည်တွင်းပြည်ပ ဖြစ်တဲ့ပြဿနာတွေဆိုတာက သူတို့က ဒီပြဿနာကို ဆွဲတင်တာ။ ဒီလိုကော်မတီဖွဲ့လိုက်တာက ကျနော်က သူခိုးကို ဓါးရိုးကမ်းသလို ဖြစ်သွားပြီ။”

ရခိုင်ပြည်နယ်အကြံပေးကော်မရှင်မှာ နိုင်ငံတကာပုဂ္ဂိုလ်တွေပါနေလို့ နိုင်ငံအချုပ်အခြာအာဏာထိခိုက်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ ်ဒေါ်အောင်ဆန်းစုကြည်ကတော့ ပယ်ချထားသလို ရခိုင်ပြည်တွင်းရေးကို နိုင်ငံတကာအရေးဖြစ်အောင် လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်ထားပါတယ်။ နိုင်ငံတော်လုံခြုံရေးကို အထိမခံဘူး။ ဘယ်သူစွက်ဖက်တာမှ မခံဘူးလို့ပြောဆိုထား ပါတယ်။ သူတို့နောက်မှာအများကြီးရှိတယ် အခုလို ကော်မတီဖွဲ့လိုက်တာက ဒီအဆိုနဲ့ပတ်သတ်လို့ လွှတ်တော်ကိုယ်စားလှယ် ၃၄ဦး ဆွေး နွေးခဲ့ပါတယ်။ ဒီကနေ့မှာ လွှတ်တော်မှာ ဒီအဆိုကိုအကြိတ်အနယ်ဆွေးနွေးနေချိန်မှာ ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်ကတော့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက် အရ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ရက်နေ့ထဲက အလုပ်စတင် လုပ်ဆောင်နေပြီဖြစ်သလို ဒီနေ့နဲ့ မနက်ဖြန်မှာ ရခိုင် ပြည်နယ်မှာ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ပြီးရင် နေပြည်တော်ကိုလည်း သွားရောက်မှာပါ။ စက်တင်ဘာ ၈ရက်မှာ ရန်ကုန်မှာ ရခိုင်ကော်မရှင်နဲ့ပတ်သက်လို့ သတင်း စာရှင်းလင်းပွဲ လုပ်ဆောင် သွားဖို့ရှိပြီးဒီလိုလုပ်ဆောင်ပြီး စက်တင်ဘာ ၉ ရက်မှာမှ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ အခုလိုကော်မရှင် ဖွဲ့စည်းလိုက်တာဟာ တည်ဆဲ ဥပဒေ တွေကိုကျော်လွန်ဖောက်ဖျက်ကာဖွဲ့စည်းခဲ့တာဖြစ်နေတယ်လို့ တပ်မတော်သားကိုယ်စားလှယ် ဒုတိယ ဗိုလ်မှုးကြီး မြဦးက ထောက်ပြပြောဆိုခဲ့ပါတယ်။

“ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၁ (ခ) ပါ ပြဌာန်းချက်အရ နိုင်ငံတော်သမ္မတကသာ စာချုပ်များနှင့် သဘောတူညီချက်များကို ဆောင်ရွက်ခွင့်ရှိသည့်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဟာ ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်အတွင်း ခွင့်ပြုထားခြင်းရှိမရှိ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီမညီ ပြန်လည်သုံးသပ်သင့်ပါတယ်။ ပွင့်လင်းမြင်သာမှုရှိရမယ့် ဒီမိုကရေစီအစိုးရအနေနဲ့ တနိုင်ငံလုံးနဲ့ သက်ဆိုင်ပြီး အင်မတန် သိမ်မွေ့နက်နဲတဲ့ ကိစ္စကို ပြည်သူလူထူကို အသိပေးရှင်းလင်းသင့်ပါတယ်။ ကော်မရှင်ရဲ့ ကုန်ကျစားရိတ်နဲ့ ပတ်သက်လို့ ကော်မရှင်ဖွဲ့စည်းခြင်းထုတ်ပြန်ချက်မှာ ဘယ်လိုကျခံ ဆောင်ရွက်သွားမယ်ဆိုတာကို ဖော်ပြထားခြင်းမရှိပါဘူး။ ကော်မရှင် ကုန်ကျစားရိတ်ဟာ နိုင်ငံတော် ဘဏ္ဍာ ငွေကနေ ကျခံသုံးစွဲမယ်ဆိုရင် နားလည်မှု စာချွန်လွှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအနေနဲ့ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိပဲနဲ့ ပြည်သူ့လွှတ်တော် ခွင့်ပြုချက်ရရှိမှသာ လက်မှတ်ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။”

ဥပဒေကိုဖောက်ဖျက်မှုမရှိဘဲ လုပ်နည်းလုပ်ဟန် အမှန်အတိုင်းဘဲ ကော်မရှင်ကိုဖွဲ့စည်းတာ ဖြစ်တယ်လို့ ုပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦး ထွန်းထွန်းဟိန်က အခုလိုချေပခဲ့ပါတယ်။

“နိုင်ငံတကာ အကြံပေး ပုဂ္ဂိုလ်များသည် သူတို့လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရန် မြန်မာအစိုးရ၏ မှန်ကန်သောဆောင်ရွက်ချက်များကို တွေ့မြင်ရမည်ဖြစ်သောကြောင့် ယင်းတို့ တွေ့မြင်ချက်ကို ကမ္ဘာသို့ ပြန်လည်တင်ပြခြင်းဖြင့် မြန်မာနိုင်ငံအတွက် ၁ ချက်ခုတ်၊ ၂ ချက်ပြတ်သော လမ်းစဉ်ဖြစ်ပါသည်။နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ကိုလေ့လာသုံးသပ်ပါက ပုဒ်မ ၂ (ခ) တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသည်မှာ အခန်း ၂ ပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ဒီဥပဒေအရ တာဝန်ပေးခြင်းခံရသူကို ဆိုလိုသည်ဟု ပြဌာန်းထားပါတယ်။ ပြဌာန်းထားသည်တို့ကို ဖတ်ရှု့ရပါက အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဥပဒေကို ကျော်လွန်ဆောင်ရွက်ထားခြင်းမရှိပါကြောင်း ပြန်လည်တင်ပြအပ်ပါသည်ခင်ဗျ။”

ဝေဖန်မှုတွေရှိနေတဲ့ ဒီကော်မရှင်ရဲ့ ဥက္ကဌ ကုလအတွင်းရေးမှုးဟောင်း ကိုဖီအာနန်ကတော့ ရှုပ်ထွေး နက်နဲတဲ့ ရခိုင်ပြည်နယ်ထဲက ပြဿနာတွေ အတွက် ဘက်မလိုက်ဘဲ သမာသမတ်ကျကျနဲ့ အဖြေရှာသွားမယ်လို့ဂတိပေးထားပါတယ်။ ရခိုင်ပြည်နယ်ထဲမှာရှိနေကြတဲ့ ဗုဒ္ဓဘာသာနဲ့ မူဆလင် လူမှုအသိုင်း အဝိုင်းတွေ တခုနဲ့ တခုကြား လူမျိုးရေး ဘာသာရေးအသွင်ဆောင်တဲ့ မကျေနပ်မှုတွေ၊ ရန်လိုမှုတွေ ဘာကြောင့်ဖြစ်နေရသလဲဆိုတဲ့ အကြောင်းရင်းခံကို နားလည်အောင်လုပ်ပြီး အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို အကြံပြုသွားမယ်လို့ ပြောဆိုထားပါတယ်။

ဒီကနေ့မှာတော့ ကိုဖီအာနန်ဟာ ရခိုင်ပြည်နယ်က လက်ရှိအနေအထားကို အကဲခတ်လေ့လာဖို့ ရောက်ရှိနေပါပြီ။ ကိုဖီအာနန်ကို ဒီကနေ့ ခရီးရောက်မဆိုက်မှာဘဲ ဆန္ဒပြသူများက အော်ဟစ်ကြွေးကြောဆန္ဒပြ တာတွေကြုံတွေ့နေရပါတယ်။ ရခိုင် ပြည်နယ်အကြံပေးကော်မရှင်အနေနဲ့ သူတို့ရဲ့ လေ့လာတေ့ွရှိ အကြံပြုချက်တွေကို ၁၂ လအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကတဆင့် အစိုးရကို တင်ပြရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG