သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင်မြို့နယ်တွင်း မြန်မာတပ်မတော်နဲ့ AA အကြား တိုက်ပွဲဖြစ်ပွား


ရခိုင်ဒုက္ခသည်များ ဝါးတောင် စစ်ရှောင်စခန်း
ရခိုင်ဒုက္ခသည်များ ဝါးတောင် စစ်ရှောင်စခန်း

ဒီကနေ့မနက်မှာ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ဝါးနက်ရုံ ကျေးရွာအနီးမှာ နှစ်ဘက်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ရခိုင်တပ်မတော်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စိုင်းဒင်တောင်တန်းပေါ်က ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့တော့ မြန်မာစစ်တပ်က AA အဖွဲ့ကို ပစ်ခတ်နှိမ်နှင်းရင်း အရပ်သားတွေကို ထိခိုက်ခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်မှုဟာ မမှန်ကန်ကြောင်း AA အဖွဲ့က တုံ့ပြန်ပါတယ်။ နှစ်ဘက်အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေနဲ့ စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်ဘက်က အခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါ တယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း ဝါးနက်ရုံ ကျေးရွာအနီးမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AAအဖွဲ့တို့ ဒီမနက်မှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့တယ်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

“ဒီမနက်မှာတော့ ဘူးသီးတောင်မြို့နယ် မြောက်ဘက်မှာပေါ့နော်။ ဒီ ဝါးနက်ရုံအနီးမှာ တိုက်ပွဲဖြစ်ပွါးခဲ့တာ ရှိတယ်။ တိုက်ပွဲကတော့ တော်တော်လေး ပြင်းပြင်းထန်ထန်နဲ့ ဖြစ်ခဲ့တယ်။ ရန်သူ့ဘက်ကနေပြီးတော့ (၁၀) ဦးထက် အထက် ကျဆုံးတာရှိတယ်။ ရန်သူဆီကနေပြီးတော့ RPG တလက် အပါဝင်ပေါ့နော် လက်နက် (၁၀) လက်သိမ်းဆီး ရခဲ့တာ ရှိတယ်။ နောက် (၆၀) မမဗုံးသီးတွေ နောက်အခြား စစ်အသုံးဆောင် ပစ္စည်းတွေပေါ့နော် အဲတာတွေသိမ်းဆည်းရမိတာ ရှိတယ်ဗျ။”

ဒီကနေ့ ဖြစ်ပွါးတဲ့ ဝါးနက်ရုံတိုက်ပွဲမှာ တပ်မတော်ဖက်က ထိခိုက်မှုများပြားတယ်လို့ AA ဘက်ကပြောဆိုထားပြီး ဒါကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူးကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့လဲ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

ဒါပေမဲ့ ဧပြီလ(၃)ရက်နေ့က ဖြစ်ရပ်နဲ့ပတ်သက်လို့တော့ - ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းအနီး AA အဖွဲ့ကို တပ်မတော်ဘက်က နှိမ်နင်းရာမှာ ၎င်းတို့နှင့်အတူရှိနေတဲ့ သရက်ပြင်၊ ဒဖြူချောင်း၊ ကင်းတောင်၊ ထိပ်တူးပေါက်နဲ့ ဖုန်ညိုလိပ်ကျေးရွာက မူဆလင်ရွာသား ၆ ဦး သေဆုံးခဲ့ပြီး ၉ ဦးထိခိုက် ဒဏ်ရာရရှိခဲ့လို့ ဆေးဝါကုသ ပေးနေ တယ် ဆိုပြီး တပ်မတော်ကနေ မနေ့ညနေပိုင်းမှာ သတင်းထုတ် ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ရသူ ထိပ်တူးပေါက် ကျေးရွာသားတဦးကတော့ ဝါးခုတ်စခန်းမှာ ဘယ်လက်နက်ကိုင်အဖွဲ့မှ မရှိဘဲ ပစ်ခတ်ခံရတာဖြစ်ကြောင်း အခုလိုပြောပါတယ်။

“မဟုတ်ပါဘူး စွပ်စွဲပြောတာပါ။ မဟုတ်ပါ။ ဂျက်လေယာဉ်နဲ့ တိုက်တာပါ။ လေယာဉ်နဲ့ တိုက်တာပါ။ အဲဒီမှာက တပ် လူမရှိဘူး။ အလုပ်သမားသက်သက် အလုပ်သမားပဲ ရှိတယ်။ အလုပ်သမား၂၀၀၊ ၃၀၀ ကျော်လောက် ရှိ တယ်။ အခု (၆) ယောက်လောက် ကျွန်တော်တို့ ဆုံးသွားတယ်။ (၁၄)ယောက်လောက်ဆေးရုံမှာ တင်ထားတယ်။ အခု ဒဏ်ရာရတဲ့လူလေ တယောက်တော့ ဒီနေ့ဆုံးသွားတယ်လေ။ ထိပ်တူးပေါက်ရွာမှာပါ။”

ထိခိုက်ဒဏ်ရာရသူ (၁၄) ဦးအနက်က ဒီမနက်မှာ ဒဏ်ရာရ ထိပ်တူးပေါက်ကျေးရွာသားတဦး ထပ်မံဆုံးပါးသွားပြီး လို့လည်း သူကပြောပါတယ်။

ရခိုင်တပ်မတော်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကလဲ စိုင်းဒင်ချောင်းဖက်မှာ တပ်မတော်နဲ့တိုက်ပွဲဖြစ်ပွါးခဲ့တာ မရှိဘူးလို့လဲပြောပါတယ်။

“စိုင်းဒင်ချောင်း တလျှောက်ပေါ့နော်။ အဲဒီမှာကျွန်တော်တို့နဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးတာတော့မရှိဘူး။ ဗမာစစ်တပ်ဘက် ကနေပြီးတော့ သူတို့ မသင်္ကာတဲ့ တောင်တန်းတွေပေါ့နော်။ ချောင်းတွေ၊ တောင်တွေအကုန်လုံး အဲဒီမှာ ဟယ်လီကော်ပတာပေါ်ကနေပြီးတော့ ရမ်းသန်းပြီးတော့ ပစ်ခတ်တာ။ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူး။”

စိုင်းတင်ချောင်း ဒေသအတွင်း ပစ်ခတ်မှုကြောင့် မင်းလှကိုင်း ကျေးရွာက အမျိုးသမီးများနှင့် ကလေးငယ်တွေဟာ ဘူးသီးတောင်မြို့ သုဓမ္မာရုံကျောင်းမှာ ထွက်ပြေးခိုလှုံလာကြတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကပြောပါတယ်။

“အဲဒီတိုက်ပွဲကြောင့် ရှောင်လာတယ်။ မင်းလှကိုင်း မင်းလှကိုင်းက (၃၀) ကျော်ကျော်လောက်ပြေးလာတယ်။ ကလေးတွေ။ အသံကြားပြီးလို့ ထွက်ပြေးလာတာ အဲတာ။”

မတ်လ(၂၁)ရက်နေ့တုန်းကလဲ ဘူးသီးတောင်မြို့နယ် စည်တောင်ရွာအတွင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရမှုကြောင့် ရွာသား(၅) ဦးသေဆုံးပြီး (၂၀) ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီပစ်ခတ်မှုဟာ တပ်မတော်ကနေ ရွာကို ဝိုင်းပတ်ပစ်ခတ်ခဲ့တယ်လို့ ရွာသားတွေပြောဆိုနေပေမဲ့ မြန်မာ့တပ်မတော်ဘက်ကတော့ ရခိုင်တပ်မတော် AA နဲ့ တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ဖြစ်စဉ်ကြောင့်လို့ ပြောဆိုခဲ့သလို စည်တောင်ရွာ အတွင်း တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွါးတာ မရှိဘူးလို့ AAဘက်က ငြင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ အကြား တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွါးလာနေသလို အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်စဉ်တွေ တိုးပွါးလာနေတဲ့အတွက် တိုက်ပွဲဖြစ်ပွါးရာဒေသ အတွင်း ပြည်သူတွေရဲ့ လုံခြုံရေးအခြေအနေဟာလဲ စိုးရိမ်စရာ အနေအထားမှာ ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG