သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် အမ်းမြို့နယ် တိုက်ပွဲတွေကြား ကျေးရွာတွေ မီးလောင်ပျက်စီး


အမ်းမြို့ (Photo: C J)
အမ်းမြို့ (Photo: C J)

စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်မှာ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို ကျေးရွာတချို့ မီးလောင်ပျက်စီးနေတယ်လို့ဒေသခံတွေကပြောပါတယ်။ အမ်းမြို့ကို စစ်အင်အားဖြည့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို AA အာရက္ခတပ်တော်နဲ့ ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေတာကြောင့် ဒီရက်ပိုင်း နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်က စစ်ရေးတင်းမာမှုနောက်ဆုံးအခြေအနေတွေ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် အလယ်ပိုင်းအမ်းမြို့နယ်ကို အာရက္ခတပ်တော်AAဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာ လနဲ့ချီရှိနေပြီးနှစ်ဘက်တိုက်ပွဲတွေ ဒီကနေ့ပြင်းထန်နေဆဲဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ ကို AAဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေသလို စစ်ကောင်စီဘက်ကလည်းလေကြောင်းကနေ အပြင်းအထန်ပစ်ခတ်နေတယ်လို့ အမ်းဒေသခံတဦးက ရခိုင်ဘာသာနဲ့ အခုလိုပြောပါတယ်။

“ဒီကနေ့က ဂျက်ဖိုက်တာနှစ်စီး၊ ဟတ်စကီး ၄ စီး၊ Y12 နှစ်စီးနဲ့ တောက်လျှောက်ပစ်နေတာ၊ AA ဘက် ကတော့ အမ်းဌာနချုပ်ကို နေရာပေါင်းစုံက လက်နက်ကြီးတွေနဲ့လှမ်းပစ်တယ်။ လက်နယ်ငယ်တွေနဲ့ လည်း ပစ်တယ်။ အခုက မြေပြင်တောင် ထိုးစစ်ဆင်နေပြီလားမသိဘူး။ စက်သေနတ်သံတွေတောင် ကြားရတယ်လို့ သိရတယ်။”

အာရက္ခတပ်တော် AA အနေနဲ့ အမ်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်ထားပြီး ကျန်တဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ အာရက္ခတပ်တော် AA ဘက်က အမ်းမြို့ထဲမှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကယ်ထုတ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“အမ်းမြို့မှာ စခန်းတွေကတော့ မရှိသလောက် ဖြစ်သွားပြီလေ။ အာရက္ခတပ်တော်က အားလုံးကို ထိန်းချုပ်ထားတဲ့အနေအထားရှိတယ်ဆိုတော့ လက်ရှိမှာလည်း တိုင်းဌာနချုပ်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်နေတာဆိုတော့တိုင်းဌာနချုပ်တခုပဲ ကျန်တော့တယ်လို့ ပြောလို့ရတယ်။ ကျန်တဲ့နေရာတွေက ရှိတယ်ဆိုရင်တောင် စခန်းတွေမှာအသေခံထားတဲ့ လူ ဆယ်ယောက် ကိုး ယောက် လောက်ပဲရှိတဲ့သဘောဗျာ။ အမ်းမြို့ကို ရခိုင့်တပ်တော်ကထိန်းချုပ်ရင်ပြည်သူတွေထိ ခိုက်မှာစိုးရိမ်တာကြောင့် စစ်ဘေးဒုက္ခသည်တွေကို ကယ်ထုတ်နေတယ်လို့သိရတယ်။”

ဒါ့အပြင် အမ်းမြို့နယ်အတွင်းက အမ်း-ပဒန်းလမ်းမှာလည်း မကွေးဘက်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုအာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေ တာကြောင့် ဒီရက်ပိုင်းနှစ်ဘက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ စစ်ရေးစောင့်ကြည့်သူတွေ ကပြောဆိုကြပါတယ်။

တိုက်ပွဲ ပြင်းထန်နေတဲ့ အမ်း-ပဒန်းလမ်းတလျောက်က ကျေးရွာတချို့လည်း မီးလောင်ပျက်စီးသွား တာရှိသလို ဂွမြို့နယ်အတွင်းက ကင်းဘုံကျေးရွာကိုလည်း စစ်ကောင်စီလေကြောင်းက ဗုံးကြဲခဲ့ တာကြောင့် နေအိမ်တွေ ဘုန်ကြီးကျောင်းတွေ မီးလောင်ပျက်စီးသွားတယ်လို့ ရခိုင်စစ်ရေး စောင့်ကြည့်နေသူတွေကပြောပါတယ်။

ရခိုင်ပြည်နယ်က မောင်တော၊ ဂွ၊ တောင်ကုတ် စတဲ့ မြို့နယ်တွေမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို AA ဘက်ကထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တာကြောင့် နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ တာပါ။ ဒါပေမယ့်လည်းရခိုင်ပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းအားလုံး ဖြတ်တောက်ခံထားရ တာကြောင့် စစ်ရေးအခြေအနေတိတိကျကျသိရဖို့ ခက်ခဲနေပါတယ်။ ရခိုင်ပြည်နယ်တွင်း ပြင်းထန်တဲ့ စစ်ရေးပဋိပက္ခအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG