သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမ်းမြို့နယ်ထဲ တိုက်ပွဲပြင်းထန်


စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ကြောင်း AA ထုတ်ပြန်ခဲ့ (မတ် ၂၀၂၄)
စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ကြောင်း AA ထုတ်ပြန်ခဲ့ (မတ် ၂၀၂၄)

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်နဲ့ စစ်တပ်စခန်းတွေရှိနေသေးတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တချို့မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA ကြား ဒီရက်ပိုင်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်ထဲမှာတော့ စစ်တပ်တပ်ရင်းတချို့ကို သိမ်းပိုက်နိုင်သလို လက်နက်ချစစ်သား ရာနဲ့ချီရှိတယ်လို့ AA ဘက်ကထုတ်ပြန်ပါတယ်။ သတင်းအပြည့်အစုံကို ကိုစံကျော် ဆက်ပြောပြပါမယ်။

စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်စခန်းတွေကို AA ဘက်က စတင်ထိုးစစ်ဆင် တိုက်ခိုက်နေတာမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ အမ်းမြို့ပေါ်မှာ လက်ကြီးသံတွေနဲ့ ပစ်ခတ်သံတွေကြားနေရတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့လည်း အမ်းမြို့ခံ အမျိုးသမီးတဦးကပြောပါတယ်။

“စိုးရိမ်မှုတွေကတော့ ဘယ်ကို သွားရမလဲ မသိဖြစ်နေတာလေ ဘာတွေ ဘယ်လိုတွေ ဖြစ်လာမလဲမသိ အဲလိုပဲ။ လုံခြုံတယ်လို့လည်းမခံစားရဘူးလေ ဒါပေမယ့် တခြားသွားစရာလည်းမရှိဘူးလေ၊ အဲတာကြောင့်ဒီမှာပဲ နေရတာလေ၊ ဒေသခံတွေကတော့ ရှိတဲ့သူလည်း ရှိသေးတယ် သွားတဲ့ သူတွေကလည်းသွားကြတယ် သွားနိုင်တဲ့ သူတွေ သွားကြတာပေါ့”

ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းကလည်း အမ်းနဲ့ ၂ မိုင်လောက်ဝေးတဲ့ နေရာမှာ နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေတာကို လွတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်တဲ့ ဦးဖေသန်းက VOA ကိုခုလိုပြောပြပါတယ်။

“ အမ်းမြို့ ပတ်ဝန်းကျင်မှာ Mi35 နဲ့ လာပစ်တယ်လို့ကြားတယ်၊ အထူးသဖြင့် ဂေလောင်းပေါ့ အဲဒီဘက်မှာ လာပစ်တယ်လို့ သတင်းရတယ်။ ဒီနေ့မနက်ကတော့ အမ်းနဲ့ ၂မိုင်အကွာ လောက်ပေါ့နော်၊ အမ်းနဲ့ အောက်ရွာကြားမှာ တိုက်ပွဲဖြစ်တယ်လို့ ဒေသခံတွေပြောတယ် လေးငါးနာရီလောက်ဖြစ်တယ်လို့ ပြောတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ တမြို့ပြီးတမြို့ ဆက်တိုက် ကျယ်ပြန့်လာနေသလို စစ်ကောင်စီရဲ့ လေကြောင်း ရေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့ပေါ်နေအိမ်အဆောက်အဦတွေ အကုန်နီးပါး ပျက်စီးသွားခဲ့ပါတယ်။ တိုက်ပွဲတွေပြင်းထန်နေသလို စစ်တပ်စခန်းတော်တော်များများကိုလည်း ရက္ခိုင့်တပ်တော် AA က သိမ်းပိုက် ရရှိနေပါတယ်။ AA ဘက်က လနဲ့ချီထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့ နယ်က စကခ (၁၅) လက်အောက်ခံ ခမရ ၅၅၂ တပ်ရင်းကို ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ အတူ လက်နက်ချတဲ့ တပ်သား တချို့ဖမ်းဆီးရမိခဲ့တယ်လို့ AA ရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ရက္ခိုင့်တပ်တော်က လနဲ့ချီပိတ်ဆို့ပြီးအတိုင်းအတာတခုအထိ သိမ်းပိုက်ရရှိထားတဲ့ မောင်တောမြို့နယ်က ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကို သိမ်းပိုက်နိုင်ဖို့လည်း အရှိန်အဟုန်မြင့် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မတ်လ ၂၅ရက်နေ့ကလည်း AA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မောင်တောမြို့နယ် တမန်းသားရဲကင်းစခန်းက အင်အား၁ဝဝခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချလာကြတယ်လို့ ပြောပါတယ်။

လက်နက်ချအညံ့ခံသည့် စစ်ကောင်စီတပ်သားများကို ထိန်းသိမ်းထားကြောင်း AA ထုတ်ပြန်ခဲ့ (မတ် ၂၆၊ ၂၀၂၄)
လက်နက်ချအညံ့ခံသည့် စစ်ကောင်စီတပ်သားများကို ထိန်းသိမ်းထားကြောင်း AA ထုတ်ပြန်ခဲ့ (မတ် ၂၆၊ ၂၀၂၄)

ရခိုင်ပြည်နယ်မှာ ပြီးခဲတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ရက်နေ့ကစစ်ကောင်စီနဲ့ AA ကြား တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် ၈ခုကိုAAတပ်ကသိမ်းပိုက်ထားပြီး ဖြစ်သလို ကျန်တဲ့ မြို့နယ်တချို့ကိုလည်း ပိတ်ဆို့ ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ စစ်တပ်စခန်းတွေကျနေတာနဲ့ စစ်သားတွေ လက်နက်ချတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ခြင်း မရှိပါဘူး။

အမ်းမြို့နယ်ထဲ တိုက်ပွဲပြင်းထန်
please wait

No media source currently available

0:00 0:02:46 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG