သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးမြို့နယ်တွင်း လေကြောင်းတိုက်ခိုက်မှု အရပ်သားတွေ ထိခိုက်သေဆုံး 


ရခိုင်စစ်ဘေး ဒုက္ခသည်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ရခိုင်စစ်ဘေး ဒုက္ခသည်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က အထက်လေညှင်းတောင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း မင်းပြားမြို့နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီးပါပြီ။ ရခိုင်ပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်မှုအခြေအနေ သတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်က အထက်လေးညှင်း တောင်ကျေးရွာကို မတ်လ ၂၁ ရက်နေ့ မနက်ပိုင်း ၈ နာရီကျော်လောက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေး ၄ ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာခံတဦးကပြောပါတယ်။

“လေယာဉ်နဲ့ ဗုံးလာကြဲတာကတော့ ဒီကနေ့ မနက် ၈ နာရီ ၁ဝ မိနစ်မှာပေါ့နော်၊ သေဆုံး တာကတော့ ကလေးက ၄ ယောက်ပါတယ် အမျိုးသမီးတယောက် ပါတယ်၊ ဒဏ်ရာရတာကတော့ အားလုံးပေါင်း ၉ ယောက်ပါခင်ဗျာ။ လက်နက်ကြီးက ရွာထဲကို ကျတာပါခင်မျာ။ လက်ရှိမှာတော့ ဒဏ်ရာရတဲ့သူတွေကိုတော့ တိမ်ညိုဆေးရုံပို့ပြီးတော့ ဆေးကုသမှု ခံယူနေပါတယ်ခင်မျာ။”

ဒဏ်ရာရရှိသွားသူတွေကို မြောက်ဦးမြို့နယ် တိမ်ညိုဆေးရုံကို ပို့ဆောင်ထား ပြီးဒဏ်ရာပြင်းထန်သူတွေပါဝင်တယ်လို့လည်းဒေသခံတွေကပြောပါတယ်။ ဒေသခံတွေကျေးရွာသားတွေကတော့ နီးစပ်ရာဒေသတွေကို ထွက်ပြေးနေကြရပါတယ်။ မြောက်ဦးမြို့နယ်တွင်း အခုလို လေကြောင်းတိုက်ခိုက်မှုအပေါ်မှာ စစ်ကောင်စီကတော့ အတည်ပြုထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ်တွင်း တည်ငြိမ်မှုပျက်ပြားအောင် AA ဘက်က မြို့တွေ ကျေးရွာတွေကို လက်နက်ကြီးတွေ၊ ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်ပြီး သူတို့ကို လူထုအထင်အမြင်လွဲအောင်လုပ်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ မင်းပြားမြို့နယ်က သာဒါမွတ်ဆလင်ကျေးရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲခဲ့တာကြောင့် ကလေးသူငယ်အပါအဝင် အရပ်သား ၂၂ ဦးသေဆုံးပြီးတော့ ၂၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလို အရပ်သားတွေ နေထိုင်တဲ့ကျေးရွာတွေကို ဦးတည်တိုက်ခိုက်နေတဲ့အတွက် ရခိုင်ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ လေးညှင်းတောင်ကျေးရွာသားတဦးကပြောပါတယ်။

“သူတို့ဘက်က အခုလို အပြစ်မရှိတဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကတော့ တော်တော်လေးယုတ်ညံ့တဲ့လုပ်ရပ်ပေါ့နော်၊ သူတို့ရဲ့ရန်သူဖြစ်တဲ့ ရက္ခိုင့်တပ်တော်ကို မတိုက်ခိုက်ဘဲ ဒီ အရပ်သားတွေကို တိုက်ခိုက်တာကကျတော့ တော်တော်ယုတ်ညံ့တယ်လို့ ပြောရမှာပေါ့နော်၊ ပြည်သူတယောက်အနေနဲ့ ဒါမျိုး ကိစ္စတွေကို လုံးဝ လက်ခံနိုင်စရာမရှိပါဘူး။ အများကြီးနစ်နာရတယ်။ ပြီးတော့ အိုးအိမ်တွေ ပျက်စီးရတယ်။ ပြီးတော့ ကလေးသူငယ်တွေ သေဆုံးရတယ်။ ပြီးတော့ သူတို့ရဲ့ ဂျက်လေယာဉ်တွေက အမြဲတမ်းပျံဝဲနေတော့ ပြည်သူတွေမှာ အမြဲတမ်းစိုးရိမ်ကြောက်လန့်စိတ်နဲ့ နေနေရတယ်။”

ရခိုင်ပြည်နယ်တွင်း မြို့နယ် ၈ ခုလောက်ကို ရက္ခိုင့်တပ်တော် AA ဘက်က သိမ်းပိုက်ထိန်းချုပ်ထားသလို အဲဒီမြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ ရေတပ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ တောက်လျှောက်လုပ်နေပါတယ်။ ဒါကြောင့်လည်း အဲဒီဒေသတွင်း ဒေသခံတွေ သတိထားနေထိုင်ကြရတယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်တဲ့ ဦးဖေသန်းက ပြောပါတယ်။

“အန္တရာယ်ကတော့ ဘယ်တော့ ကျလာမလဲ ဘယ်လိုအခြေအနေမှာ ရောက်လာမလဲမသိ၊ နေဗီကပစ်မလား အဝေးပြေးလက်နက်နဲ့ ပစ်မလား လေယာဉ်နဲ့ ပစ်မလားမသိတဲ့ အခါမှာ ကိုယ့်အတွက်တော့ လူနေထူထပ်တဲ့ မြို့တွေ ရွာတွေကို ရှောင်ပြီးတော့ပေါ့ တောစပ်တောင် စပ်တွေ၊ ရွာနဲ့ မလှမ်းမကမ်းနေရာတွေမှာအဲလို နေနိုင်ရင်တော့ အကောင်းဆုံးပေါ့၊ မဟုတ်ရင် တော့ ကျနော်တို့ တနေ့မဟုတ်တနေ့ တနေရာမဟုတ်တနေရာ သူတို့ ကတော့ ဒုက္ခပေးနေ မှာပဲဆိုတော့ ကျနော်တို့ လူစုဖြန့်ပြီးတော့ နေတာကောင်းတယ်လို့တော့ ကျနော်ပြော ချင်ပါ တယ်ဗျာ။”

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA ကြား တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်း ရေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၁၁၁ ဦးနဲ့ ဒဏ်ရာရရှိသူ ၃၅ဝ ကျော်ရှိတယ်လို့ AA က ထုတ်ပြန်ပါတယ်။ ရခိုင်ပဋိပက္ခအတွင်း အရပ်သားတွေနဲ့ ကူညီရေးလုပ်သားတွေကို နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေတွေနဲ့အညီ အကာအကွယ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းတောင်းဆိုထားပါတယ်။

Forum

XS
SM
MD
LG