သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တိုက်ပွဲ AA နဲ့ စစ်ကောင်စီ အပြောကွဲ


မောင်တောမြို့နယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်)ရှိ စစ်ကောင်စီစခန်းကို ရက္ခိုင့်တပ်တော် AA က ၂၀၂၄ ဖေဖော်ဝါရီ (၁၉) ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆာင်ပစ္စည်းများ (Photo: AA Info Desk)
မောင်တောမြို့နယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်)ရှိ စစ်ကောင်စီစခန်းကို ရက္ခိုင့်တပ်တော် AA က ၂၀၂၄ ဖေဖော်ဝါရီ (၁၉) ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆာင်ပစ္စည်းများ (Photo: AA Info Desk)

ရခိုင်မှာ မွတ်ဆလင်လူငယ်တွေကို အတင်းအကျပ် စစ်မှုထမ်းခိုင်းပြီး၊ ရခိုင်နဲ့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်း ဖန်တီးဖို့ စစ်ကောင်စီက ကြိုးပမ်းနေတယ်လို့ AA ရခိုင်တပ်တော်က စွပ်စွဲလိုက်ပါတယ်။ ဒါကို စစ်ကောင်စီဘက်က ပယ်ချပြီး ၊ AA အနေနဲ့သာ မွတ်ဆလင်တွေကို သွားပြီး သိမ်းသွင်းနေတာလို့ ပြန်လည်စွပ်စွဲလိုက်ပါတယ်။

ဒါ့အပြင် မြိုသိမ်း စခန်းသိမ်း စစ်ပွဲနဲ့ ခုခံမှုတွေ ဆက်ပြင်းထန်နေတဲ့ ရခိုင်မှာ ကျေးရွာတချို့မီးလောင်ခဲ့ပြီး၊ ဒီအပေါ် အပြန်အလှန် စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။ AA နဲ့ စစ်ကောင်စီပြောခွင့်ရတို့ကို ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။

တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနေတဲ့ ရခိုင်မှာ နောက်ဆုံး ထူးခြားမှုကို မေးတာမှာ၊ AA ပြောခွင့်ရ ခိုင်သုခက အခုလို ပြောပါတယ်။

" ထူးခြားတာကတော့ စစ်ကောင်စီက ဘူးသီးတောင် မောင်တော၊ စစ်တွေဘက်တွေမှာ မွတ်ဆလင် လူငယ်တွေကို အတင်းအကျပ် ဖမ်းဆီးပြီးတော့ စစ်သင်တန်း ပေးနေတာတွေ ရှိတယ်လို့ ကျနော်တို့သိရတယ်။ ပြီးရင် စစ်ကောင်စီက ဒီ လူမျိုးရေးဘာသာရေး အဓိကရုဏ်း ဖန်တီးဖို့ တောက်လျောက် ကြိုးစားနေတာပေါ့။ လက်နက် မကိုင်ချင်တဲ့ မွတ်ဆလင်တွေကို ဖမ်းဆီးပြီးမှ အတင်းအကျပ် စစ်သင်တန်း ပေးပြီးရင် ရခိုင်တွေကို မွတ်ဆလင်တွေနဲ့ သတ်ခိုင်းမယ်ဆိုတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ရုန့်ညံ့တဲ့ လုပ်ဆောင်မှုတွေက လူ့အဖွဲ့အစည်း ကြားထဲမှာ အတော်လေး အန္တရာယ်ကြီးတယ်လို့ ပြောလို့ရပါတယ်။ "

ဒီအပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုလို ငြင်းဆို ပြန်ပြောလိုက်ပါတယ်။

"ဘူးသီးတောင် မောင်တောမှာရှိတဲ့ မွတ်ဆလင် အသိုင်းအဝိုင်းတိုင်းကို မေးလို့ရပါတယ်။ နယ်မြေခံတပ်တွေနဲ့ မွတ်အဲဒီမှာရှိတဲ့ ဆလင်အသိုင်းအဝိုင်းက ယှဥ်တွဲနေလာတာ ကြာပါပြီ။ ဒါနဲ့ပတ်သက်ပြီး စစ်သားစုဆောင်းမှု လုံးဝမရှိဘူးလို့ပဲ ပြောချင်ပါတယ်။ AA ကသာ မွတ်ဆလင်ရွာတွေကိုသွားပြီး တပ်နဲ့ လက်တွဲဆောင်ရွက်ခြင်း မပြုဖို့၊ ပြီးရင် သူတို့ကိုထောက်ပံ့ဖို့ သူတို့ထဲကိုဝင်ဖို့ ဆိုတဲ့ဟာမျိုး စည်းရုံးနေတာတွေ ရှိပါတယ်။ ဒါ့အပြင် ဘူးသီးတောင်မှာရှိတဲ့ ပုဇွန်ချောင်းပေါ့ မွတ်ဆလင်ရွာကြီးမှာ AA တွေဝင်ပြီး ဒီနေ့မှာ မီးရှို့ခဲ့တာဖြစ်ပါတယ်။ အိမ်ခြေ ၅၀၀ နီးပါး ဆုံးရှုံးခဲ့ပါတယ်။ ဒါတွေကို ပြန်လည် ကယ်ဆယ်စောင့်ရှောက်ရေး တပ်မတော်က ဆောင်ရွက်လျက် ရှိပါတယ်။ "

ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေးခံနေရ
please wait

No media source currently available

0:00 0:05:25 0:00

ဒီအပေါ် AA ပြောခွင့်ရ ဦးခိုင်သုခက အခုလို တုံ့ပြန်လိုက်ပါတယ်။

" ပုဇွန်ချောင်းရွာမှာ မီးလောင်တယ်ဆိုတဲ့ သတင်းကတော့ ကျနော့်ဆီ ရောက်လာတာ မရှိဘူးဗျ။ ဒါပေမဲ့ ဒီနေ့မနက်က စပြီးတော့မှ ဘူးသီးတောင်အခြေစိုက် ခမရ(၅၅၂)စခန်းကနေပြီးတော့မှ အနီးအနားက ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ တောက်လျောက် လှမ်းပစ်နေတာရှိတယ်။ ဒါကြောင့်မို့လို့ တချို့ရွာတွေမှာ လက်နက်ကြီး ကျရောက်ပြီးမှ နေအိမ်တွေ မီးလောင်နေတာရှိတယ်။ ဘယ်ရွာမှာ ဘယ်နှအိမ်လောင်နေလဲဆိုတဲ့ သတင်းတော့ ကျနော့ဆီ ရောက်လာတာမရှိသေးဘူး။ "

အဲ့ဒီတော့ ရခိုင်ဖက်မှာ AA အနေနဲ့ စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်လာချိန် လက်ရှိ အရေးကြီးဆုံးကို ဆက်မေးရာမှာလည်း AA ပြောခွင့်ရက အခုလို ဆက်ရှင်းပြပါတယ်။

" ရခိုင်ဘက်မှာ အရေးကြီးဆုံးကတော့ အဲဒါပဲဗျ။ ကျနော်တို့ ULA/AA က ကျနော်တို့ ထိန်းချုပ်ထားတဲ့ နေရာတွေရော ၊ အပြည့်အဝ မထိန်းချုပ်သေးတဲ့ မြို့ပေါ်တွေရောပေါ့နော် ဒီမွတ်ဆလင် ကွန်မြူနတီနဲ့ အခြား လူမျိုးဘာသာပေါင်းစုံ ကြားထဲမှာ သဟဇာတဖြစ်ရေးကို ကျနော်တို့က အဓိကထား ကြိုးပမ်းဆောင်ရွက်နေတယ်။ အရင်ထက်စာရင် သဟဇာတ ြဖစ်နေတယ်၊ အများကြီး တိုးတက်မှုရှိတာပေါ့။ စစ်တပ်ထိန်းချုပ်ထားတဲ့ ရွာတွေမှာ သူတို့ မွတ်ဆလင်တွေ ပညာသင်ခွင့် လွတ်လပ်စွာသွားခွင့် နေ့တဓူဝ လွတ်လပ်မှု မရှိပေမဲ့၊ ကျနော်တို့ ULA/AA ထိန်းချုပ်ထားတဲ့နေရာမှာ ပညာသင်ကြားခွင့်ကအစ လွတ်လပ်မှု အပြည့်အဝ ရနေတယ်။ "

အဲ့ဒီတော့ လက်ရှိဘယ်နေရာတွေကို AA အနေနဲ့ အဓိက သိမ်းထားပြီး ဘယ်လို ဆက်ဖြစ်နေပါလဲလို့ မေးတာမှာ ဦးခိုင်သုကကပဲ ခုလို ဆက်ပြောပါတယ်။

" အခုဆိုရင် မင်းပြား မြောက်ဦး ကျောက်တော် ရသေ့တောင် ဘူးသီးတောင် မောင်တောပေါ့နော် ၊ မောင်တောရဲ့ နယ်မြေ အများစုကိုလည်း ကျနော်တို့က ထိန်းချုပ်ထားတာရှိတယ်။ နောက်ဆုံး ရောက်လာတဲ့ သတင်းတခုက ကျောက်ဖြူ ကျောက်တလုံးနားမှာရှိတဲ့ မွတ်ဆလင် IDP စခန်းက လူငယ်တွေကပေါ့နော်၊ မြန်မာစစ်တပ်က ဖမ်းဆီးပြီး အတင်းအကျပ် စစ်မှုထမ်းခိုင်းဖို့ ဖမ်းဆီးခံရမှာကြောက်လို့ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲကို ထွက်ပြေးလာကြတာတွေ ရှိတယ်ဗျ။ စစ်မှုထမ်းဖို့ အတင်းအကျပ် ဖမ်းဆီးမှာကြောက်လို့ ပြေးလာတဲ့ လူငယ်ဟူသမျှကို ကျနော်တို့က လူမျိုးဘာသာမရွေး ကူညီစောင့်ရှောက်ပေးသွားဖို့ မူဝါဒ ချမှတ်ထားပါတယ်။ "

ဒါ့အပြင် အခုနောက်ဆုံး တိုက်ပွဲပြင်းထန်မှုကိုလည်း ဦးခိုင်သုခက ခုလို ရှင်းပြပါတယ်။

" ခုလက်ရှိမှာ တိုက်ပွဲပြင်းထန်နေတာကတော့ ရမ်းဗြဲ၊ အမ်း၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင် ရသေ့တောင် မောင်တောပေါ့။ ပုဏ္ဏားကျွန်းမှာ မြို့မရဲစခန်းကို ကျနော်တို့ သိမ်းထားပြီးပြီ။ ခမရ ၅၅၀ တပ်ရင်းကိုတော့ ကျနော်တို့ ထပ်ပြီး ထိုးစစ်ဆင်နေတာပေါ့။ ရခိုင်မှာရိှတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေ လက်နက်ချကြဖို့ ကျနော်တို့ ကြိုပြောထားတာ ရှိတယ်။ လက်နက်မချတဲ့ စခန်းတိုင်းကို ကျနော်တို့က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက် ချေမှုန်းသွားမှာဖြစ်တယ်ဗျ။ "

ဒီအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို တုံပြန်ခဲ့ပါတယ်။

" ဒီ ပုဏ္ဏားကျွန်းမှာ တိုက်ပွဲဖြစ်ပွားနေတာ ရှိတယ်။ ပုဏ္ဏားကျွန်းရဲစခန်းမှာတော့ အင်အားနည်းတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့နဲ့ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်နေတာ ရှိပါတယ်။"

တကယ်တော့ AA အနေနဲ့ ရခိုင်မှာ မြို့သိမ်းတိုက်ပွဲတွေ တိုးပြီး လုပ်ဆောင်လာနေတာမှာ မြို့တော် စစ်တွေကိုပါ ခြိမ်းခြောက်လာနေပြီလို့ စောင့်ကြည့်သူတွေ ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG