သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးတိုင်းအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုတွေရှိ


မုန်းမြို့နယ်ထဲက လက်နက်ကြီးထိမှန်တဲ့နေအိမ်များ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄)
မုန်းမြို့နယ်ထဲက လက်နက်ကြီးထိမှန်တဲ့နေအိမ်များ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄)

ပဲခူးတိုင်းထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲ ၊ လက်နက်ကြီးများတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာကြောင့် ဒေသခံတဦး သေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာတွေရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ဘေးရှောင် သိန်းနဲ့ချီ ရှိနေတဲ့ ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေ ရှုံးနိမ့်တိုင်း အပြစ်မဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတယ်လို့ စစ်ဘေးရှောင် ကူညီသူတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ကရင်တိုင်းရင်းသားတွေ တော်တော်များများနေထိုင်တဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်တာကြောင့် လူသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရကြတဲ့အပြင်၊ အဆောက်အဦးတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ထဲမှာ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့ အထိ စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲတာက လက်နက်ကြီးတွေနဲ့လည်း ပစ်တော့ လူတွေလည်းသေတယ်၊ နွားတွေလည်းသေတယ်၊ ဘုရားရှစ်ခိုးကျောင်းတွေလည်းပြာကျကုန်တယ်။ လေကြောင်းတိုက်ခိုက်မှုက ၂၁ရက်နေ့က မနက်ပိုင်းစောထိမြို့နယ် ထီဝါးထာကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ ၂ကြိမ်လာပြီး ဗုံး ၈လုံးကြဲတာပေါ့ အဲဒီမှာ ဘုရားရှစ်ခိုးကျောင်းနဲ့ နေအိမ်ကောပျက်စီးတယ်၊ နေအိမ်က ၄လုံးပျက်စီးတယ်၊ ဘုရားရှစ်ခိုးကျောင်းက တကျောင်းပျက်စီးတယ်။”

စစ်တောင်းမြစ်ဝှမ်းဒေသတွင်း KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်အပြင် မဟာမိတ်တပ်တွေနဲ့ စစ်ကောင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာ လနဲ့ချီကြာခဲ့ပြီဖြစ်ပြီး ကျေးရွာ ဒေသခံ အတော်အများများဟာ တခြားဒေသတွေမှာ ထွက်ပြေး တိမ်းရှောင်နေကြတာပါ။ တချို့ကတော့ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ကျည်ထိမှန်ပြီး နေအိမ်ထဲမှာတင် သေဆုံးခဲ့ကြရတယ်လို့ ဆိုပါတယ်။

“အသေအပျောက်တော့ လက်နက်ကြီးပစ်လို့ တယောက်သေတယ်။ ကျန်တာ ၃ယောက် ဒဏ်ရာရတယ်။ ၃၀၇ ရွေဝါတပ်က ပစ်လိုက်တာ လက်နက်ကြီးကျလို့ တယောက်သေတယ်။ ရွာသားက ဦးစိန်လှတယောက် သေတယ်။ ဦးသိန်းလွင် (၆၀)နှစ်၊ မသန်းရွှေ (၄၅)နှစ်နဲ့ မောင်အာကာ ဆိုတဲ့ ကလေးက ၅နှစ်၊ အဲဒါတွေကဒဏ်ရာရတယ်။ အဲဒီမှာ ရွာထဲမှာ လူသိပ်မကျန်တော့ဘူး။ ကျန်တဲ့သူတွေပဲထိတယ် အခုက မုန်းမြို့နယ်ထဲက ရွာတန်းရှည် တခုလုံး လူကသိပ်မကျန်တော့ဘူး။ ကျန်တာ လေးငါးဆယ်ယောက်ပဲ ကျန်တယ်။ အဲဒီကျန်တဲ့သူတွေ ထိကြတယ်”

အခုဆိုရင်ဒေသတွင်းမှာ ကရင်စစ်ဘေးရှောင်သူ သောင်းနဲ့ချီရှိလာပြီး စစ်ကောင်စီအနေနဲ့ တိုက်ပွဲတွေ ရှုံးတိုင်းမှာ ဒေသခံလူထုက ပစ်မှတ်ဖြစ်လာပြီး တိုက်ခိုက်ခံရတယ်လို့လည်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်က ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ် က ပြောပါတယ်။

“လက်ရှိအနေအထားမှာ စစ်ကောင်စီက မြေပြင်မှာ တောက်လျှောက်ရှုံးနေတယ်၊ အရေးနှိမ့်နေတာမျိုး ဖြစ်နေတော့ လက်နက်ကြီးတွေနဲ့ ပစ်တာ၊ လေယာဉ်နဲ့ပဲလုပ်တာတွေက ဖြစ်လာတယ်။ ဒီထက်လည်း ပိုဆိုးလာနိုင်တယ်။ တိုက်ပွဲဖြစ်တိုင်း စကစရဲ့ ပစ်မှတ်က လူထု ဖြစ်လာတယ်”

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်တဲ့ ခရိုင် ၇ ခုမှာ စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၃နှစ်တာကာလအတွင်းမှာ စစ်ဘေးရှောင်ပြည်သူ ၇သိန်းကျော်သွားပြီလို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။​ ဒါဟာ နှစ်ဖက်တိုက်ပွဲတွေအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မူတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးရတဲ့အပြင် ရွာလုံးကျွတ် ရွှေ့ပြောင်းခဲ့ရတာတွေ ရှိခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်ကူပြုကွန်ယက်က ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG