သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်သစ်ပါတီ အဖွဲ့ခွဲထောင်မှု ရိုက်ခတ်တုံ့ပြန်မှုများ 


မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ။
မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ။

နွေဦးတော်လှန်ရေးနဲ့အတူ မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ ပါဝင်သွားမယ်ဆိုပြီး မွန်ပြည်သစ်ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့ပါဝင်တဲ့ မွန်ပြည်သစ်ပါတီအစုအဖွဲ့တခုက ကြေညာလိုက်ပါတယ်။ မွန်ပြည်နယ်အတွင်း နိုင်ငံရေးနဲ့စစ်ရေးအပေါ် ဘယ်လောက်အထိ ရိုက်ခတ်လာနိုင်သလဲ ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

NCA တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်က အလုပ်မဖြစ်တာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးနွေဦးတော်လှန်ရေးကြောင့်ပါ အာဏာသိမ်းစစ်ကောင်စီနဲ့ လက်တွဲဖို့ မဖြစ်နိုင်ဘူးလို့ ယူဆမိတာကြောင့် နွေဦးတော်လှန်ရေးမှာပါဝင်ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်သွားဖို့ ဆုံးဖြတ်လိုက်ကြောင်း မွန်ပြည်သစ်ပါတီ အစုအဖွဲ့ရဲ့ ပြောခွင့်ရလည်းဖြစ်၊ ဒုတိယခေါင်းဆောင်လည်းဖြစ်တဲ့ နိုင်ဗညားလယ်က ဗွီအိုအေကို ပြောပါတယ်။

စစ်ကောင်စီလက်ထက်မှာ သုံးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပေမဲ့ စစ်ကောင်စီရဲ့လက်ထက်မှာ တနိုင်ငံလုံးအပစ်ရပ်စဲရေး ညှိနှိုင်းမရနိုင်သလို နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ယုံကြည်တဲ့အကြောင်းလည်း သူက အခုလို ပြောပါတယ်။

"အရည်အချင်းပြည့်ဝတဲ့လူငယ်တွေကို တပ်မတော်ထဲကိုဝင်ခိုင်းတယ်။ သက်ကြီးပိုင်း၊ လူကြီးပိုင်းတွေကျတော့ ပါတီထောင်၊ စီးပွါးရေးလုပ်- အဲဒီပုံစံပဲသွားမယ်ဆိုတော့ ဘယ်လိုမှလည်းပဲ ဖြစ်နိုင်မှာမဟုတ်ဘူး ဆိုရင်တော့ ဒီလို မြင်တဲ့အပေါ်မှာ ကျနော်တို့က ပါတီညီလာခံမှာတင်ပြတယ်။"

အခုလို စစ်အာဏာရှင်တိုက်ဖျက်ရေးမှာပါဝင်ဖို့ ဆုံးဖြတ်ချက်အပေါ်မှာ မွန်ပြည်သစ်ပါတီတခုလုံးအနေနဲ့တညီတညွတ်တည်း ဆုံးဖြတ်ချက်ကျလာတာမျိုးတော့ မဟုတ်ပါဘူး။ ပါတီထဲမှာ စစ်ကောင်စီနဲ့ ဆက်ပြီးညှိနှိုင်းဆွေးနွေးသွားလိုသူတွေလည်း ရှိနေဆဲဖြစ်ကြောင်းနဲ့ မနှစ် နှစ်ကုန်ပိုင်းနဲ့ ဒီနှစ်ဆန်းလုပ်ခဲ့တဲ့ မွန်ပါတီညီလာခံထဲမှာ အမြင်ကွဲခဲ့ကြတာရှိပေမယ့် အဖွဲ့ကွဲတာမျိုးတော့မဟုတ်ကြောင်းလည်း မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်သူ၊ ဒီအဖွဲ့ ဒုအဖွဲ့ခေါင်းဆောင် (၁) ဖြစ်တဲ့ နိုင်ဗညားလယ်က ပြောပါတယ်။

နိုင်ဗညားလယ်ရဲ့အဆိုအရ အခု စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် အဖွဲ့ခွဲထဲမှာ လောဆယ် CEC သုံးယောက်၊ CC ခြောက်ယောက် ပါဝင်ထားပြီး ထုတ်ပြန်ကြေညာချက်ထုတ်ပြီးနောက်ပိုင်းမှာ တခြားဗဟိုကော်မတီဝင်တွေ ဘယ်လောက်ပါဝင်လာနိုင်မလဲဆိုတာ အတိအကျမသိသေးပါဘူး။ တပ်ရင်းမှူးတွေ၊ ဒုတပ်ရင်းမှူးတွေတော့ ပါလာပေမဲ့ ဘယ်တပ်ရင်းက လူအင်အား ဘယ်လောက်ပါမယ်ဆိုတာကတော့ သူတို့ရဲ့ယုံကြည်ချက်အပေါ်မှာ မူတည်လိမ့်မယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီနဲ့ ညှိနှိုင်းနေတာနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်သဘောထားကိုလည်း အခုလို ပြောပါတယ်။

"ကျနော်တို့အမြင်သဘောထားကတော့ bilateral ဆက်ဆံလည်း ကျနော်တို့ပြည်သူလူထုကို ကာကွယ်နိုင်တဲ့အခြေအနေ မရှိခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ကျေးရွာပြည်သူလူထုနေအိမ်ပေါ်မှာ စစ်တပ်ကနေပြီးတော့ လက်နက်ကြီးနဲ့၊ လေယာဥ်နဲ့ ဗုံးတွေကြဲနေတယ်ဆိုတော့ ကျနော်တို့အနေနဲ့ တိုက်ပွဲဝင်တဲ့နည်းလမ်းကလွဲပြီးတော့ တခြားနည်းလမ်းမရှိတော့ဘူးလို့ မြင်တဲ့အပေါ်မှာ ရည်ရွယ်ချက်တူ၊ ယုံကြည်ချက်၊ ရပ်တည်ချက်တူတဲ့ ခေါင်းဆောင်တွေ၊ ပါတီရဲဘော်တွေ တပ်မှူး....တွေ စုစည်းပြီးတော့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး-ဆိုပြီးတော့ ကျနော်တို့က ထုတ်ပြန်ကြေညာရခြင်းဖြစ်တယ်။"

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မွန်ပြည်သစ်ခေါင်းဆောင်ပိုင်းနဲ့အဆက်အသွယ်ရထားပြီး၊ သွေးထိုးလှုံ့ဆော်မှုတချို့ကြောင့် မွန်ပြည်သစ်ပါတီတွင်း အနည်းငယ်ရဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

"ဒီ မွန်ပြည်သစ်ပါတီရဲ့သက်ဆိုင်ရာ ခေါင်းဆောင်များနဲ့ ဆက်သွယ်မှုရရှိပြီး ဖြစ်ပါတယ်။ ကျနော်တို့ခေါင်းဆောင်ပိုင်းကရော အများစုကကော မသိဘဲနဲ့ ထွက်လာတဲ့ကြေညာချက်ဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီရဲ့ခေါင်းဆောင်ပိုင်းကတော့ ဒါတွေလုပ်ဆောင်ခဲ့ခြင်းမရှိဘူး၊ NCA အတိုင်းပဲ လိုက်နာသွားမယ်ဆိုတာလည်း ကျနော်တို့သိရပါတယ်။"

အလားတူကိစ္စမျိုး ပအို့ဝ်ဘက်မှာလည်း ရှိခဲ့ကြောင်းနဲ့ အဖွဲ့အစည်းအတွင်းက လူအနည်းငယ်ရဲ့ ဆောင်ရွက်ချက်သာဖြစ်ကြောင်းနဲ့ မွန်ပြည်သစ်ပါတီနဲ့ဆက်သွယ်ဆောင်ရွက်နေဆဲဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မွန်ပြည်နယ်ဟာ လက်ရှိ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးကတဘက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတဘက် တိုက်ပွဲအရှိန်မြင့်နေတဲ့ KNU ကရင်နယ်မြေနဲ့ နယ်မြေချင်းထိစပ်နေတာကြောင့် မွန်တော်လှန်ရေးအဖွဲ့အနေနဲ့ လှုပ်ရှားရပိုပြီး လွယ်ကူမယ်လို့လည်း နိုင်ဗညားလယ်ကတော့ ယူဆထားတာပါ။

"နိုင်ငံရေး၊ စစ်ရေး ဆောင်ရွက်တဲ့နေရာမှာ သီးခြားအနေနဲ့လုပ်ဆောင်လို့မရဘူး။ ကျနော်တို့တိုင်းရင်းသားအဖွဲ့အစည်း၊ မဟာမိတ်အဖွဲ့အစည်းတွေအနေနဲ့ ဒီနွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ အင်အားစုတွေနဲ့ရော ကျနော်တို့က ဟန်ချက်ညီညီ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွားပါမယ်။"

အခုလို မွန်ကြေညာချက်အပေါ် KNU ကရင်အမျိုးသားအစည်းအရုံးပြောခွင့်ရ ဖဒိုစောတောနီးကလည်း အခုလို တုံ့ပြန်လိုက်ပါတယ်။

"စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် ထဲထဲဝင်ဝင်နဲ့တက်တက်ကြွကြွ ပါဝင်လာမယ်ဆိုရင်လည်း ကျနော်တို့ ကြိုဆိုရမှာပါပဲလေ။"

ဒါ့အပြင် NUG အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောကလည်း အခုလို စစ်အာဏာရှင်ကို အမြစ်ဖြတ်တော်လှန်ဖို့အတွက် အကောင်းဆုံးအချိန်မှာ မွန်အင်အားစုကလည်း ပူးပေါင်းပါဝင်လာမယ်ဆိုရင် အကောင်းဆုံးအချိန်အခါဖြစ်ပြီး အတူတကွ တိုက်ပွဲဝင်လာရေးကို ကြိုဆိုလိုက်ပါတယ်။

"မွန်ပြည်သူလူထုအပါအဝင် တိုင်းရင်းသားပြည်သူတရပ်လုံး အတူတကွ ဟန်ချက်ညီညီ တိုက်ပွဲဝင်ပြီးတော့ စစ်အာဏာရှင်စနစ်ကို အချိန်တိုတောင်းတဲ့ကာလအတွင်းမှာ အမြစ်ဖြုတ်နိုင်ဖို့အတွက် အကောင်းဆုံးအချိန်တခုဖြစ်ပါတယ်။ ဒီကြေညာချက်ထုတ်လာတာဟာ အချိန်ကောင်းဖြစ်သလို ဒီ နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် အင်အားကောင်းအသစ်တခု ထပ်မံရရှိတာဖြစ်ပါတယ်။"

အခု နှစ်ပိုင်းအတွင်း ရှမ်းပြည် မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်အဖွဲ့ စစ်ဆင်ရေး အားသာလာသလို၊ ရခိုင် ကရင်နီ ကချင်အပါအဝင် နယ်စပ်တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲပြန်ဖြစ်လာတဲ့နောက် အခုလို မွန်ဘက်မှာလည်း စစ်ရေးပြင်ဆင်မှုတွေ တွေ့လာရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG