သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ငူ ဇရပ်ကြီး စစ်ဘေးရှောင်များ နေရပ်မပြန်ရဲ


ကရင်အမျိုးသား အစည်းအရုံး ၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့တနေရာ (ယခင်မှတ်တမ်းဓာတ်ပုံ)
ကရင်အမျိုးသား အစည်းအရုံး ၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့တနေရာ (ယခင်မှတ်တမ်းဓာတ်ပုံ)

တောင်ငူ ဇရပ်ကြီး စစ်ဘေးရှောင်များ နေရပ်မပြန်ရဲ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တိုက်ပွဲကြောင့် တောင်ငူမြို့အပါအဝင် နေရာအနှံ့ကိုစစ်ဘေးရှောင်နေတဲ့ပြည်သူ သောင်းဂဏန်းနဲ့ရှိနေပြီး အဲဒီထဲက နေရပ်ပြန်သူ လူငယ် တချို့ ဖမ်းဆီးခံရတာကြောင့် ဆယ်ကျော်သက်လူငယ်တွေဟာ နေအိမ်ကိုမပြန်ရဲကြသေးဘူးလို့လည်း ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တိုက်ပွဲကြောင့် တောင်ငူမြို့အပါအဝင် နေရာအနှံ့ကို စစ်ဘေးရှောင်နေတဲ့ပြည်သူ သောင်းဂဏန်းနဲ့ရှိနေပြီး ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ကစတဲ့တိုက်ပွဲတွေ လေကြောင်းတိုက်ခိုက်ခံရမှုတွေကြောင့် နေရပ်ကိုအခုထိ မပြန်ရသေးသူတွေလည်း ရှိနေပါတယ်။ တချို့လူငယ်တွေကတော့နေအိမ်ကိုပြန်တဲ့အခါမှာ စစ်တပ်က ဖမ်းဆီးမှုတွေရှိနေတဲ့အတွက် ဆယ်ကျော်သက်အရွယ်လူငယ်တွေဟာ ပေါ်တာဆွဲမှာကိုစိုးရိမ်ပြီးနေရပ်မပြန်ရဲကြဘူးလို့လည်း စစ်ဘေးရှောင်တွေကို အကူညီပေးနေသူ ဒေသခံတဦးက ပြောပါတယ်။

"သောင်းဂဏန်းလောက် စုလိုက်ရင် ရှိနိုင်ပါတယ်။ တနေရာစီတနေရာစီမှာတော့ ရာဂဏန်းလောက်ရှိနိုင်ပါတယ်။ ကလေးတွေက ဆယ်နှစ်အောက်တွေရှိမယ်။ တချို့က ၁၈ နှစ်အောက်လူပျိုပေါက်တွေကတော့ ပေါ်တာဆွဲနေတယ်။ ပြောတော့ ပြန်မသွားရဲကြဘူး။ လူကြီးပိုင်းတွေလောက်ပဲ ပြန်တဲ့သူများတယ်။ ရွာထဲမှာက စစ်ဘေးရှောင် တော့ ငြိမ်သွားလောက်ပြီထင်တော့ ကိုယ့်အိမ်မှာ ပစည်းတချို့လိုအပ်ပြန်ယူကြတာရှိတော့ အဲဒါကိုဖမ်းခေါ်သွားတာတွေလည်း ရှိတယ်။ ပေါ်တာဆွဲ သွားတယ်။ ကြားတော့ ကြောက်ပြီးမပြန်ရဲကြဘူး။"

လူဦးရေရာနဲ့ချီပြီး ဘုန်းတော်ကြီးကျောင်းတွေအပါအဝင် ဘုရား-ဝန်းတွေ တောအုပ်တွေကြား နေရာအနှံ့ ပြန့်ကျဲနေထိုင်နေရတာတွေ ရှိသလို စားသောက်ရေးအတွက်လည်း ပရဟိတအဖွဲ့တွေက ရှာဖွေကျွေးမွေးနေပေမယ့် ရက်ကြာလာတာနဲ့အမျှ အဆင်မပြေမှုတွေရှိလာတယ်လို့ဆိုပါတယ်။

"စားသောက်ရေးကျတော့ အဆင်မပြေတာလည်းရှိတယ်။ တချို့ကတော့ အလှူခံတာမရှိတော့ ပရဟိတအသင်းတွေက အလှူခံထွက် ပေးတယ်။ သူတို့အတွက်လုပ်ပေးတာရှိတယ်။ တချို့ကျတော့ပရဟိတအဖွဲ့တွေက ဦးဆောင်လုပ်ပေးတာတွေလည်း ရှိကြတယ်။"

စစ်ဘေးရှောင်သူအများစုဟာ တောင်ငူမြို့ပေါ်ကိုရှောင်တိမ်းလာကြပြီး အများစုကြီးအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ဆိုပါတယ်။

ဇရပ်ကြီးနယ်မြေအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် ပအိုဝ်းတိုင်းရင်းသားတွေအများစုနေထိုင်ရာ နေရာမှာ ဒေသခံအမျိုးသမီးတွေအပါအဝင် ထိခိုက်သေဆုံးမှုတွေတရာကျော်လောက်ရှိပြီး ပြည်သူပိုင်နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီနယ်မြေမှာစစ်တပ်က နေရာယူထားတဲ့အတွက် ထိခိုက်သေဆုံးတဲ့စာရင်းအတိအကျကိုတော့ မသိရသေးကြောင်း၊ တချို့အလောင်းတွေကိုလည်း သွားကြည့်လို့တောင်မရဘူးလို့ စစ်ဘေးရှောင်တွေကိုအကူညီပေးနေသူတွေက ပြောပါတယ်။ တချို့ကတော့ သေဆုံး ပျောက်ဆုံးတာတွေရှိပြီး မိသားစုတွေတကွဲတပြားတွေလည်းဖြစ်နေသေးတယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ဇန်နဝါရီလ (၁၈) ရက်နေ့ ထုတ်ပြန်ချက်အရ KNU တပ်မဟာ (၂) ထိန်းချုပ်ထားတဲ့နေရာမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကုန်ထိ စစ်ဘေးရှောင်သူ (၂၀,၀၀၀) ကျော်ရှိနေပြီးသားဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG