သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးတိုင်း ဇရပ်ကြီးမြို့ စစ်ကောင်စီတပ်စခန်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေတိုက်ခိုက်


 ဒူးပလာယာခရိုင်မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ယခင်မှတ်တမ်းဓာတ်ပုံ။ (photo: KNU Doo Pla Ya)
ဒူးပလာယာခရိုင်မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ယခင်မှတ်တမ်းဓာတ်ပုံ။ (photo: KNU Doo Pla Ya)

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ်မြို့မှာ KNU နဲ့ ပူးပေါင်းတပ်တွေ ဝင်တိုက်ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ပြောခွင့်ရတွေက ပြောပါတယ်။ တောင်ငူနဲ့ကပ်လျက်ရှိပြီး နေပြည်တော်နဲ့လည်း သိပ်မလှမ်းတော့တဲ့ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ကို KNU- (ကရင်အမျိုးသားအစည်းအရုံး) လက်အောက်ခံတပ်နဲ့ BPLA ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်တို့ပေါင်းပြီး မနေ့က ဝင်တိုက်ခိုက်ခဲ့တာလို့ ပြောခွင့်ရသူတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အခုလိုအင်အားအလုံးအရင်းနဲ့ လာတိုက်တာကို လေကြောင်းပစ်ကူနဲ့ပါ ပြန်တိုက်ခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ PDF တွေ ပြန်ဆုတ်သွားပြီလို့ ဆိုပါတယ်။ KNU ပြောခွင့်ရကတော့ တိုက်ပွဲဆက်ဖြစ်ဆဲလို့ ပြောပါတယ်။ ဒီအကြောင်း ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

KNU နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မနေ့မနက် အစောကြီးက ဇရပ်ကြီးမြို့ထဲအထိ ဝင်တိုက်ခဲ့ပြီး နယ်မြေခံ စစ်ကောင်စီ တပ်ရင်းကိုလည်းဆက်တိုက်ခဲ့တယ်လို့ KNU နဲ့ BPLA အရာရှိတွေကပြောပါတယ်။

ဒီနယ်မြေခံတပ်ရင်း ခြေလျှင်တပ်ရင်း ခလရ ၇၃ ကို နေ့လယ်ပိုင်းဆက်တိုက်ခဲ့တာမှာ စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ တရစပ်ပြန်တိုက်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ ဒီ အရာရှိတွေက ဆက်ပြောပါတယ်။

ဒီအပေါ် BPLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် လင်းလင်းက အခုလို ပြောပြပါတယ်။

"စစ်ကောင်စီက ပြည်သူတွေနေတဲ့ ရပ်ထဲရွာထဲကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ တောက်လျှောက်ထုခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲအတွင်းမှာ နှစ်ဘက်ကျဆုံးမှုတွေ ရှိတယ်ဆိုပေမဲ့ သူတို့ဘက်ကနေ စခန်းကို စွန့်ခွါထွက်ပြေးသွားတဲ့ ရဲတွေ စစ်သားတွေရှိနေတာက အသေအချာပါပဲ။"

ဒါပေမဲ့ မနေ့မနက် ၄ နာရီမှာ ဒီတပ်ရင်းကို Drop Bomb တွေ၊ လက်နက်ကြီးတွေနဲ့ပါ လာဝိုင်းတိုက်ခဲ့တဲ့ ဒီ KNLA နဲ့ PDF တပ်တွေကို လေကြောင်းကရော လက်နက်ကြီးပစ်ကူတွေနဲ့ပါ ပြန်တိုက်ခဲ့တာမို့ ပြန်ဆုတ်သွားကြရပြီလို့ စစ်ကောင်စီက မနေ့ကပဲ ထုတ်ပြန်ခဲ့ပါတယ်။

ဒီအပေါ် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း အခုလို ပြောပါတယ်။

"မနက်လေးနာရီလောက်မှာ ဇရပ်ကြီးရွာ တပ်ရင်းတရင်းကို KNU -PDF အဖွဲ့ ပူးပေါင်းအင်အား ၁,၀၀၀ လောက်တော့ရှိမယ်။ သူတို့ တိုက်ခိုက်တာရှိတယ်။ တနေကုန် တိုက်ပွဲဖြစ်ပွါးတယ်၊ ဒီဘက်ကတော့ ...စစ်ကူ ပစ်ကူနဲ့အချိန်မီရောက်တယ်။ ဒီနေ့ညနေပိုင်းမှာတော့ သူတို့အထိနာပြီးတော့ကျ ဆုတ်ခွါထွက်ပြေးတယ်။ .... .... လက်နက်တွေလည်း တော်တော်များများ ရလိုက်ပါတယ်။"

ဒါပေမဲ့ KNU ပြောခွင့်ရ ဖဒို စောကလယ်စေးကတော့ ဒီ ဇရပ်ကြီးတိုက်ပွဲက ပွဲမပြီးသေးဘဲ ဆက်ဖြစ်နေဆဲလို့ ခုလို ပြန်ပြောခဲ့ပါတယ်။

"ဟုတ်ကဲ့၊ ဇရပ်ကြီးဘက်က ဖြစ်နေတဲ့တိုက်ပွဲအခြေအနေကတော့ အခုအချိန်ထိတော့ ကျနော်တို့သိရသလောက် ဆက်ပြီးတော့ ဖြစ်နေတုန်းပဲခင်ဗျ။ ပွဲတော့ မပြီးသေးပါဘူးလို့ ကျနော် အဲလိုပဲ​သိရပါတယ်။"

ဒီတိုက်ပွဲကြောင့် ဇရပ်ကြီးမြို့တဝိုက်က ဒေသခံတွေ နီးစပ်ရာထွက်ပြေးခိုလှုံခဲ့ကြပြီး ပိတ်မိနေသူတချို့လည်း ရှိနေပါတယ်။ လေကြောင်းနဲ့ လက်နက်ကြီးထိတာကြောင့် ဒီတဝိုက်နားမှာ အမျိုးသမီးတချို့အပါအဝင် သေဆုံးမှုတွေလည်းရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောနေခဲ့ကြပါတယ်။

KNU ရဲ့ တပ်မဟာ (၂) တောင်ငူခရိုင်ထဲမှာရှိတဲ့ ဒီဒေသထဲက လိပ်သိုမြို့ ရဲစခန်းနဲ့ တပ်ရင်းတခုကိုလည်း ဒီလဆန်းပိုင်းမှာပဲ KNU နဲ့ PDF တပ်တွေ ပူးပေါင်းဝင်တိုက်ခဲ့ပါသေးတယ်။

တကယ်တော့ ၁၀၂၇ စစ်ဆင်ရေး ရှမ်းမြောက်မှာစခဲ့အပြီး မနှစ် ဒီဇင်ဘာတုန်းကလည်း KNU ပူးပေါင်းတပ်တွေဟာ ကရင်ပြည်နယ်နဲ့ ပဲခူးဒေသအစပ်မှာရှိတဲ့ မုန်းမြို့ထဲနဲ့ ဖြူးမြို့တဝိုက်ကိုလည်း အလားတူဝင်တိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေသိမ်းကာ ပြန်ဆုတ်သွားခဲ့တယ်လို့ KNU အရာရှိတွေက ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG