သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်းမြို့နယ်တွင်း စစ်ကောင်စီတပ်စခန်းသုံးခု KNLA ပူးပေါင်းတပ်သိမ်းယူ


KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ မုန်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းသုံးခုကို KNLA နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီး သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ။ (Photo: KNU/ဒီဇင်ဘာ ၂၆၊ ၂၀၂၃)
KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ မုန်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းသုံးခုကို KNLA နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီး သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ။ (Photo: KNU/ဒီဇင်ဘာ ၂၆၊ ၂၀၂၃)

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃) ထိန်းချုပ်နယ်မြေဖြစ်တဲ့ မုန်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း (၃) ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA နဲ့ ပူးပေါင်းတပ်တွေက ဒီဇင်ဘာလ (၂၆) ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်သား ဆယ်ဂဏန်းသေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းယူနိုင်ခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်တဲ့ မုန်းမြို့နယ်ထဲက စစ်ကောင်စီရဲ့တပ်စခန်း (၃) ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ ပူးပေါင်းတပ်တွေက ဒီဇင်ဘာလ (၂၆) ရက်နေ့မနက်ပိုင်းကစပြီး တိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးတွေနဲ့ အပြန်အလှန်တိုက်ခိုက်ခဲ့တာပါ။ အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက် သေဆုံးတယ်လို့ ကေအန်ယူက ဒီဇင်ဘာလ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒေသခံတွေကတော့ စစ်ကောင်စီဘက်က ဆယ်ဂဏန်းလောက်သေဆုံးတာရှိတယ်လို့ ပြောပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေဘက်မှာလည်း တဦးလောက်သေဆုံးတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

“တပ်မဟာ ၃ KNU/KNLA ပူးပေါင်းအဖွဲ့တွေနဲ့ မြို့နယ်ထဲက စခန်းတွေကိုဝင်တိုက်ပြီးတော့ နတ်သံကွင်းရွာကို ဝင်ထိန်းထားတယ်။ ရဲစခန်းကိုဝိုင်းထားတယ်။ ဝင်ထိန်းထားတယ်။ နတ်သံကွင်းက စစ်တပ်နဲ့အတိုက်အခံဖြစ်ပြီး နတ်သံကွင်းကို ဝင်ထိန်းထားတယ်။ လည်ပတ်တပ်စခန်း၊ အုန်းနဲပင်တပ်စခန်း၊ နရွဲပင်တပ်စခန်း-အဲဒီ စခန်း ၃ ခုကိုသိမ်းတယ်။ အဲဒီမှာ စစ်သားက ၂၀ လောက်သေတယ်။ အဲဒီမှာ လူတွေ အကုန်လုံးတွေ့ပါတယ်။ လက်နက်ခဲယမ်းတွေလည်း အကုန်လုံးသိမ်းဆည်းရမိပါတယ်။”

စစ်ကောင်စီကိုလိုလားသူတွေကထုတ်ပြန်တဲ့ ဝါဒဖြန့်သတင်းတွေမှာတော့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က အများအပြားသေဆုံးတယ်လို့ ရေးသားဖော်ပြထားပါတယ်။ နှစ်ဘက်သေဆုံးသူစာရင်းနဲ့ပတ်သက်လို့ VOA က သီးခြားအတည်ပြုလို့မရသေးပါဘူး။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် သေဆုံးတာတွေရှိသလို အခုချိန်ထိ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိတယ်လို့လည်း ဒေသခံကဆက်ပြောပါတယ်။

“လေယာဉ်နဲ့လာဗုံးကြဲတော့ မနေ့က ကလေး ၄ ယောက်နဲ့ လူကြီးတယောက် ဗုံးကြဲလို့သေတာ ရှိတယ်။ ကျနော်တို့ ပိန်းဇလုပ်ရွာဘက်ကိုလည်း လက်နက်ကြီးနဲ့ထုတယ်။ အဲဒီက ခလရ ၂၆၄ က ထုတယ်။”

တိုက်ပွဲတွေဖြစ်တိုင်း ဒေသခံကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို စစ်ကောင်စီဘက်က လုပ်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်အဖွဲ့ KPSN ရဲ့ ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ်ကလည်း ပြောပါတယ်။

“လေကြောင်းတိုက်ခိုက်မှုတွေက ပိုများတယ်။ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာကတော့ ဒုတိယလိုက်တယ်။”

အခုချိန်ထိတော့ မြို့မရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားပြီး တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ အဲဒီဒေသမှာ စစ်ဘေးရှောင်တွေ သောင်းဂဏန်းနဲ့ရှိနေပြီး တောတောင်တွေထဲမှာပဲ စစ်ဘေးရှောင်နေကြရတဲ့အတွက် စားနပ်ရိက္ခာတွေလည်း အရေးပေါ်လိုအပ်နေပါတယ်ရှင်။

XS
SM
MD
LG