သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် ကျောက်ကြီး နတ်သံကွင်းမှာ ၅ ဦးထက်မနည်းသေဆုံး


ကျောက်ကြီးမြို့နယ် ၊ နတ်သံကွင်းမြို့ (Photo - CJ)
ကျောက်ကြီးမြို့နယ် ၊ နတ်သံကွင်းမြို့ (Photo - CJ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့က စစ်ကောင်စီရဲ့ တပ်စခန်း၊ ကင်းစခန်းတွေကို KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့နောက် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တွေ အပါအဝင် လူပေါင်း ၅ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ ကင်းစခန်းတွေကို ဒီဇင်ဘာလ ၂၆ ရက် ဒီကနေ့ မနက်အစောကြီး ကတည်းက KNU/PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုသိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီက လေကြောင်း ကနေ တုန့်ပြန် တိုက်ခိုက်ခဲ့တာမှာ အရပ်သား သေဆုံးမှုတွေ ရှိနေပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါနေတယ်လို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။

"ဒီနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ မနက် ၄ နာရီ လောက်က ပဲခူးတိုင်း နတ်သံကွင်းကို ကေအန်ယူနဲ့ ပီဒီအက်ဖ်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်တာပေါ့နော်၊ မနက်ပိုင်း ၈ နာရီလောက်မှာ မြို့ကို သိမ်းနိုင်သွားပြီ။ အဲဒီမှာ ရဲစခန်းကိုလည်း သိမ်းထားပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာ ပေါ့နော်၊ အဲဒီမှာ စကစ ဘက်က ကျတဲ့ ရဲဘော်တွေ အတော်များတယ်၊ အဲဒီမှာ လေယာဉ်နဲ့ စစ်ကူလာပြီး ဗုံးလာကြဲတော့ နတ်သံကွင်းနဲ့ ကပ်လျက် တံခွန်တိုင်ရွာက ကလေး ၃ ဦး သေတယ်။ နတ်သံကွင်းရွာကတော့ ကလေးတဦး လူကြီး ဦး ၁ ဦး သေတယ်၊ ကလေး ၄ ယောက် လူကြီးတယောက် အားလုံး ၅ ယောက် သေတယ်၊ လေယဉ်နဲ့လာကြဲတာက ဆက်တိုက်ပဲ။ ထွက်ပြေးနေတဲ့ သူတွေလည်း ပြေးကုန်ပြီ"

ပူးပေါင်းတပ်ဖွဲ့တွေကလည်း စစ်ကောင်စီရဲ့ကင်းစခန်းတွေကို မီးရှို့တာတွေ လုပ်နေတယ်လို့ပြောပါတယ်။

"မြို့ကိုတော့သိမ်းထားပြီး အဲဒီနားက စကစ ကင်းစခန်းတွေကို မီးတွေရှို့ဖြစ်တယ်။ အဲဒီမှာတော့ နတ်သံကွင်း နားက ပဲနွယ်ကုန်းတို့ ကျောက်ကြီးတို့ နတ်သံကွင်းတို့နားက ကင်းစခန်း တွေပေါ့"

နတ်သံကွင်းမြို့ အခြေအနေနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ဲ့ဆက်သွယ်လို့ မရသေးပါဘူး။ နတ်သံကွင်းမြို့ဟာ ပဲခူးတိုင်း အရှေ့ခြမ်း မှာရှိပြီး KNU တပ်မဟာ ၃ ထိမ်းချုပ်ရာ ကျောက်ကြီးမြို့ နယ်ထဲ ပါဝင်ပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက နတ်သံကွင်းမှာ ပြီးခဲ့တဲ့ ဇွန်လ တုန်းကလည်း တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး၊ ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းမြို့တို့ကို ချိတ်ဆက်ထားတဲ့ စစ်တောင်း မြစ်ကူးတံတား မိုင်ထိခဲ့ပြီး ထက်ပိုင်း ကျိုးကျ သွားခဲ့တာပါ။ နတ်သံကွင်းမြို့ဟာ ကျောက်ကြီးမြို့နဲ့ ပဲနွယ်ကုန်းမြို့ သွား ဆက်သွယ်ရေးလမ်းကြောင်း ပေါ်မှာရှိတဲ့ အချက်အချာကျတဲ့ မြို့လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG