သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုက်ဘာရာဇဝတ်မှုနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ဖို့ NUG နဲ့ KNU တိုက်တွန်း


ရှမ်းမြောက်မှာပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၀၀ ကျော်ကို ပြန်လွှဲပြောင်းပေး (ဒီဇင်ဘာ ၁၅၊ ၂၀၂၃)
ရှမ်းမြောက်မှာပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၀၀ ကျော်ကို ပြန်လွှဲပြောင်းပေး (ဒီဇင်ဘာ ၁၅၊ ၂၀၂၃)

တရုတ်နဲ့ နိုင်ငံတကာကိုပစ်မှတ်ထားတဲ့ မြန်မာမှာအခြေစိုက်တဲ့ ဆိုက်ဘာရာဇဝတ်လုပ်ငန်းတွေကို ထိထိရောက်ရောက်နှိမ်နင်းဖို့ဆိုရင် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ NUG နဲ့ KNU က တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ကရင်ပြည်နယ်က အွန်လိုင်း ငွေလိမ်တဲ့ဆိုက်ဘာရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရက KNU ကရင်အမျိုးသားညီညွတ်ရေးအစည်းအရုံးနဲ့ ဆက်စပ်နေကြောင်း မနေ့က စွပ်စွဲပြောဆိုခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ဆိုက်ဘာ အွန်လိုင်းလိမ်လည်တဲ့ ရာဇဝတ်လုပ်ငန်းတွေရှိနေတဲ့ KK Park မြို့သစ်စီမံကိန်းနဲ့ KNU ပါဝင်ပတ်သက်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက Viber ကနေ သတင်းမီဒီယာတွေကို ပေးပို့ခဲ့တဲ့ ဗွီဒီယိုထဲမှာ အခုလို ပြောသွားပါတယ်။

"မြဝတီမြို့ရဲ့တောင်ဘက်မှာ KK Park ဆိုတဲ့ နေရာတခုရှိပါတယ်။ ဒီနေရသည် KNU နဲ့ ကုမ္ပဏီတခုနဲ့လက်မှတ်ထိုးပြီး တည်ဆောက်ခဲ့တဲ့နေရာဖြစ်ပါတယ်။ ဒီနေ့မှာ KNU အနေနဲ့ ကြေညာချက်ထုတ်တဲ့ပုံစံမျိုး လုပ်ခဲ့တာ တွေ့ရပါတယ်။ ဗြောင်လိမ်ဗြောင်စားလုပ်တဲ့ပုံစံမျိုး လုပ်ခဲ့တာ တွေ့ရပါတယ်။"

KNU ကရင်အမျိုးသားအစည်းအရုံးကတော့ ဒီလိုစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အဖွဲ့တွင်း စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ မြန်မာ သတင်းမီဒီယာတွေကို တုံ့ပြန်ပြောဆိုထားပြီးသား ဖြစ်ပါတယ်။ အခုချိန်ထိ စုံစမ်းစစ်ဆေးမှုရလဒ်တွေကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဒါပေမယ့် ဆိုက်ဘာရာဇဝတ်မှုတွေနဲ့ပတ်သက်ရင် လုံးဝလက်ခံထားခြင်းမရှိသလို ပြင်းပြင်းထန်ထန်နှိမ်နင်းတဲ့ မူဝါဒကို KNU က ကိုင်စွဲထားကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးက ဗွီအိုအေ ကို Zoom ကနေ အခုလို အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

"ကျနော်တို့မူဝါဒအရ အဲဒီလုပ်ငန်းတွေကို - လူမှောင်ခိုကုန်ကူးမှုတွေ၊ မူးယစ်ဆေးဝါးတွေ၊ နောက်ပြီးတော့ တရားမဝင် လောင်းကစားလုပ်ငန်းတွေ၊ နောက်ပြီးတော့ ငွေလိမ်ဂိုဏ်းတွေပေ့ါနော်- အဲဒီ ငွေလိမ်မှု လုပ်ငန်းတွေကိုတော့ ကျနော်တို့ လုံးဝလက်မခံဘူး။ ကျနော်တို့ဥပဒေအရ လုံးဝဆန့်ကျင်တယ်။ မူဝါဒအရလည်း လုံးဝလက်မခံနိုင်တဲ့ ကိစ္စတွေဖြစ်တယ်။"

တဘက်မှာလည်း ကရင့်နယ်မြေမှာ ငွေကြေးအလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေကို စစ်ကောင်စီတပ်တွေနဲ့ သူတို့ကိုလိုလားတဲ့ လက်နက်ကိုင်အဖွဲ့တွေက အကာအကွယ်ပေးထားတဲ့အတွက် ဒီရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ဆိုရင် အိမ်နီးချင်း ထိုင်းနဲ့ တရုတ်အစိုးရတွေရဲ့အကူအညီလိုအပ်နေကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးက အခုလို ပြောပါတယ်။

"ဒါပေမဲ့ ဒီဟာတွေကို တိုက်ဖျက်ဖို့ ဆိုတဲ့အခါမှာ ကျနော်တို့ ဒီ ကြေညာချက်တခုတည်းထုတ်ရုံနဲ့၊ ကျနော်တို့ မူဝါဒချပြီးတော့ ဘာမှ လက်တွေ့အကောင်အထည်မဖော်ဘဲနဲ့တော့ ဖမ်းပစ်လို့ မရဘူး။ အဲဒီ လုပ်ငန်းကို လုပ်ဆောင်နေတဲ့သူတွေက ပမွှားလူတွေမဟုတ်ဘူး။​ တကယ်ကို အင်နဲ့အားနဲ့ ရုပ်ဝတ္ထုပစ္စည်းနဲ့ ရပ်တည်ပြီးတော့ လုပ်နေတဲ့သူတွေဖြစ်တယ်။ အဲဒီလိုသာ သွားပြီးတော့ ပါးစပ်နဲ့ပြောပြီးတော့ လုပ်ရိုးလုပ်စဥ် လုပ်လို့ရမယ်ဆိုရင် ကျနော်တို့အတွက် ဘာမှ အခက်အခဲမရှိဘူး။ ဒါကို ကျနော် ပြောချင်တာ။ အခုနက ကျနော်ပြောတဲ့အတိုင်းဆိုရင်တော့ အထူးသဖြင့် စစ်အာဏာရှင်စနစ် ခြုံလွှမ်းပြီးတဲ့နောက်မှာ နိုင်ငံတကာဆက်ဆံရေးကို ကျနော်တို့ အလေးထားတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ဆက်ဆံရေးကို ပိုပြီး အလေးထားတယ်။ ပြောရမယ်ဆိုရင်တော့ဗျာ- တရုတ်နဲ့ဆက်ဆံရေးနဲ့ ထိုင်းနိုင်ငံနဲ့ဆက်ဆံရေးကို ကျနော်တို့က ပိုပြီးတော့ အလေးအထားဆုံးပဲ။ ဘာလို့ပြောရမလဲဆိုရင် နယ်စပ်တကြောမှာ ကျော်မကောင်း ကြားမကောင်းဖြစ်နေတဲ့ဥစ္စာက ကျနော်တို့ကိုလည်း အများကြီး ရိုက်ခတ်မှုရှိနေတယ်။ အဲဒါကြောင့်မို့လို့ ဒီဟာတွေကို တိုက်ပွဲဝင်ပြီးတော့ ဒီလို ဖျက်သိမ်းနိုင်ဖို့၊ တိုက်ဖျက်နိုင်ဖို့ဆိုရင် အထူးသဖြင့် တရုတ်အစိုးရနဲ့တွဲပြီး ထိုင်းနိုင်ငံအစိုးရက ကျနော်တို့ ရဲရဲတင်းတင်းနဲ့လက်တွဲပြီး လုပ်ဆောင်ဖို့ဆိုတာကို ကျနော် ဒီနေရာကနေ ပန်ကြားလိုတယ်ဗျ။ ဒီလို လက်တွဲပြီး မလုပ်ဘူး ဆိုရင်တော့ ဒီလုပ်ငန်းက ကွယ်ပျောက်သွားဖို့က အင်မတန် ခက်ခဲပါတယ်။ အန္တရာယ်လည်း တော်တော် ကြီးနေပါတယ်။"

ကိုးကန့် MNDAA ဦးဆောင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် တရုတ်နိုင်ငံနဲ့ နယ်စပ် ရှမ်းမြောက်မှာ အခြေစိုက်တဲ့ ကျားဖြန့်ခေါ် ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းနိုင်ခဲ့တယ်ဆိုတာ သက်သေပြနိုင်တဲ့အတွက် တရုတ်အနေနဲ့ KNU အပါအဝင် NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှသာ တရုတ်ရဲ့ကြိုးပမ်းချက်တွေ ပိုပြီးအောင်မြင်လာမှာဖြစ်တယ်လို့ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ဗွီအိုအေ ကိုပြောပါတယ်။

"ကရင်ပြည်နယ်မှာ ရွှေကုက္ကိုမှာလည်း ဒီလိုပဲပေါ့နော်- ကျနော်တို့ တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်ပြီးတော့ အရေးယူဆောင်ရွက်မလားဆိုတဲ့ သူတို့ ပူပန်မှုတွေလည်း ရှိလိမ့်မယ်။ အဲဒီခါကျတော့ သူတို့ကိုယ်သူတို့ တရုတ်က ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ မြို့ကြီးတွေလို ဖြစ်နေတဲ့ ရန်ကုန်မြို့လို နေရာမျိုးမှာ အတိအလင်း လုပ်လာတဲ့အနေအထားတွေလည်း သတင်းတွေမှာ ပေါ်လာတယ်ပေါ့နော်။ အဲတော့ အဓိက ဘာလဲဆိုတော့ အဓိက-က စစ်ကောင်စီက ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်၊​ ဒီဟာကို တိုက်ဖျက်ဖို့အတွက် ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ၁၀၂၇ မတိုင်ခင် အချိန်တော်တော်ကြာကတည်းက ကျနော်တို့ .....ပြောဆိုတာ ရှိတယ်။ ဒီစစ်ကောင်စီ၊ စစ်တပ်--အကြမ်းဖက်စစ်အုပ်စုက ဘယ်လို ပါဝင်နေတယ်...ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စတွေကို နိုင်ငံတကာနဲ့ပူးတွဲပြီးတော့၊ ဒေသတွင်းနိုင်ငံတွေနဲ့ပူးတွဲပြီးတော့ ဆောင်ရွက်တိုက်ဖျက်သွားမယ်ဆိုတာကိုလည်း ကျနော်တို့ ကမ်းလှမ်းထားတယ်။ လုပ်လည်း လုပ်ကိုင်နေတယ်။ အဲဒီလိုမျိုးပေါ့။ အခု တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ ကျနော်တို့ စတိတ်မဲန့် ထုတ်တာမှာလည်း ကျနော်တို့ အတိအလင်း ပြောထားတယ်။ တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့အတူ လက်တွဲပြီးတော့ တိုက်ဖျက်သွားမယ်။ ဒါက ကျနော်တို့နိုင်ငံတခုတည်းမဟုတ်ဘူး၊ နှစ်နိုင်ငံနယ်စပ်တခုတည်းလည်း မဟုတ်ဘူး။ ဒေသတခုလုံး၊ ကမ္ဘာအတွက်ပါ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက်ပါ ထိခိုက်စေတဲ့ လုပ်ငန်းတွေ ဖြစ်တယ်။

အင်ကြင်းနိုင်။ ။ NUG ရဲ့ရပ်တည်ချက်က တရုတ်နဲ့ပူးပေါင်းပြီးတော့ နှိမ်နင်းမယ်ဆိုတဲ့နေရာမှာ လက်တွေ့ ဘယ်လိုပုံစံမျိုးနဲ့ ပူးပေါင်းနှိမ်နင်းလို့ ...အစီအစဥ် ဘယ်လိုပုံစံမျိုး ရှိနိုင်မလဲရှင့်။

ဦးကျော်ဇော။ ။ ဟုတ်ကဲ့၊ ကဏ္ဍပေါင်းစုံ အမျိုးမျိုးရှိပါတယ်ခင်ဗျ။ နိုင်ငံရေးကဏ္ဍရှိမယ်၊ လုံခြုံရေးကဏ္ဍရှိမယ်၊ သံတမန်ရေးကဏ္ဍရှိမယ်။​ အဓိက-ကတော့ တရုတ်နိုင်ငံရဲ့ ...ဒါပေမဲ့ တရုတ်နိုင်ငံတခုတည်းလည်းမဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေနဲ့။ ရွှေကုက္ကိုကိစ္စဆိုရင် ထိုင်းနိုင်ငံလည်း ပါပါတယ်။ ထိုင်းနိုင်ငံနဲ့ ဘော်ဒါချင်းစပ်နေတယ်။ တရုတ်နိုင်ငံသားတွေလည်းပါတယ်။ ထိုင်းနိုင်ငံသားတွေလည်း ပါတယ်။​ အဲဒီတော့ ကျနော်တို့အနေနဲ့ နိုင်ငံရေး၊ လုံခြုံရေး နောက် သံတမန်ရေးအရ ကျနော်တို့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွားလို့ရမယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပုန်းအောင်း တိမ်းရှောင်နေတယ်လို့ ယူဆရတဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှုကြီးတွေ ကျူးလွန်သူအဖြစ် သံသယရှိသူ ၁၀ ဦးကို ဖမ်းဆီးနိုင်ရေးအတွက် တရုတ်ရဲအာဏာပိုင်တွေက ဆုကြေးငွေထုတ်လိုက်ကြောင်း တရုတ် အစိုးရသတင်း ဆင်ဟွာက ဒီဇင်ဘာလ နှောင်းပိုင်းမှာဖေါ်ပြခဲ့ပါတယ်။ ဒီ ပုဂ္ဂိုလ်တွေဟာ မြန်မာစစ်တပ်ရဲ့ နယ်ခြားစောင့်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်သလို စစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်နေသူတွေဖြစ်ကြောင်း အမေရိကန်အခြေစိုက် USIP မြန်မာနိုင်ငံဆိုင်ရာ ညွန်ကြားရေးမှုး Jason Tower က ဗွီအိုအေကို တုံ့ပြန်တဲ့စာမှာ ရေးသားထားပါတယ်။ ဒါကြောင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းတွေကို တရုတ်ရဲ့နှိမ်နင်းမှုတွေမှာ မြန်မာစစ်ကောင်စီကြောင့် အားနည်းခဲ့ရတယ်လို့ Jason Tower ကပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG