သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက နျူကလီးယားဓာတ်ပစ္စည်း ရောင်းချဖို့ ကြိုးပမ်းမှုနဲ့ ရာကူဇာဂိုဏ်းခေါင်းဆောင်ကို အမေရိကန် အရေးယူ


အမေရိကန်က ရာကူဇာဂိုဏ်း ခေါင်းဆောင် Takeshi Ebisawa
အမေရိကန်က ရာကူဇာဂိုဏ်း ခေါင်းဆောင် Takeshi Ebisawa

နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့ အဆင့်ရှိတဲ့ မြန်မာနိုင်ငံထွက် ဓာတ်သတ္တုတွေကို ရောင်းချဖို့ကြိုးစားမှုနဲ့ ဂျပန်နိုင်ငံက ရာကူဇာ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တယောက်ကို အမေရိကန်အစိုးရက တရားစွဲလိုက်ပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုအတွက် လက်နက်ဝယ်ဖို့ ကြားပွဲစားလုပ်ပေးသူ Takeshi Ebisawa ဟာ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့အဆင့်ရှိတဲ့ ယူရေနီယံနဲ့ ပလူတိုနီယံတွေနဲ့ မူးယစ်ဆေးဝါးတွေကို ရောင်းချဖို့ ပူးပေါင်းကြံစည်ခဲ့တယ်လို့ အမေရိကန်တရားရေးဌာန၊ အမျိုးသားလုံခြုံရေးဌာနခွဲရဲ့ လက်ထောက်တရားသူကြီးချုပ် Matthew G. Olsen က ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

ယူရေနီယံနဲ့ လက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်ရှိတဲ့ ပလူတိုနီယံတွေပါဝင်တဲ့ ပစ္စည်းတွေကို Takeshi Ebisawa ဟာ မြန်မာနိုင်ငံကနေ တခြားနိုင်ငံတွေကို ခိုးထုတ်ခဲ့တာဟာ ရဲတင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ New York တောင်ပိုင်းခရိုင်တရားရုံးက အစိုးရရှေ့နေ Damian Williams ကလည်း ပြောကြားခဲ့ပါတယ်။ တရားရုံးမှတ်တမ်းတွေအရ အသက် ၆၀ အရွယ် Takeshi Ebisawa နဲ့ သူနဲ့အမူတွဲတူ အသက် ၆၁ နှစ်အရွယ် Somphop Singhasiri တို့ကို နိုင်ငံတကာမူးယစ်ဆေးနဲ့ လက်နက်မှောင်ခိုကူးမှုဆိုင်ရာ ဥပဒေတွေနဲ့ ၂၀၂၂ ခုနှစ် ဧပြီလထဲက အမေရိကန်အစိုးရက တရားစွဲထားပါတယ်။ အခုကတော့ Nuclear လက်နက်ထုတ်လုပ်နိုင်မယ့် ပစ္စည်းတွေ မှောင်ခိုကူးမှုနဲ့ ထပ်ပြီးတရားစွဲလိုက်တာပါ။

ယူရေနီယံနဲ့ လက်နက်ထုတ်နိုင်တဲ့ ပလူတိုနီယံတွေကို အီရန်နိုင်ငံက ဝယ်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်အပြည့်နဲ့ Takeshi Ebisawa ကရောင်းဖို့ကြိုးစားခဲ့တာဖြစ်တယ်လို့ အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။ ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတွက် လက်နက်ဝယ်နိုင်ဖို့ ဓါတုပစ္စည်းတွေ ကြားပွဲစားလုပ်ရောင်းဖို့ ကြိုးစားသလဲဆိုတာကိုတော့ ဖေဖော်ဝါရီ ၂၁ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ တရားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

Takeshi Ebisawa ကို၂၀၂၂ ခုနှစ်က တရားစွဲတဲ့ အမှုတုန်းကတော့ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ် SSA ရှမ်းပြည်တပ်မတော် ခေါင်းဆောင်ဟောင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အကြီးအကဲဖြစ်တယ်လို့ အသွင်ယူစုံစမ်းခဲ့တဲ့ DEA အရာရှိက ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။ RCSS/ SSA ရဲ့ အကြီးအကဲကတော့ ဗိုလ်ချုပ်ကြီး ယောဆဒ် (Yawd Serk) ဖြစ်ပါတယ်။

Forum

XS
SM
MD
LG