သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ သတင်းထောက် ကိုမြတ်သူထွန်း အသတ်ခံရမှု စုံစမ်းပေးဖို့ RSF တောင်းဆို

စစ်တွေမြို့ အခြေစိုက် Western News သတင်းဌာနရဲ့ သတင်းထောက် ဖိုးသီဟ ( ခေါ်) ကိုမြတ်သူထွန်း (Photo: Western News Facebook)
စစ်တွေမြို့ အခြေစိုက် Western News သတင်းဌာနရဲ့ သတင်းထောက် ဖိုးသီဟ ( ခေါ်) ကိုမြတ်သူထွန်း (Photo: Western News Facebook)

စစ်တွေမြို့ အခြေစိုက် Western News သတင်းဌာနရဲ့ သတင်းထောက် ဖိုးသီဟ ( ခေါ်) ကိုမြတ်သူထွန်း မကြာသေးခင်က အသတ်ခံခဲ့ရတဲ့ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့နဲ့ ဒီလို အလားတူ သတ်ဖြတ်မှုတွေ မဖြစ်အောင် စစ်ကောင်စီကို ဖိအားပေး ဟန့်တားဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က တောင်းဆိုလိုက်ပါတယ်။ ကိုမြတ်သူထွန်းဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ ပဥ္စမမြောက် သတင်းထောက် ဖြစ်တယ်ဆိုတာကိုလည်း RSF အဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

DVB သတင်းဌာနအတွက်လည်း သတင်းပေးပို့နေတဲ့ ကိုမြတ်သူထွန်းကို ပုဒ်မ ၅၀၅ (က) နဲ့ ၂၀၂၂ စက်တင်ဘာလထဲ ဖမ်းဆီးခဲ့ပြီးနောက်၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ စစ်တပ်က ဖမ်းဆီးထားတဲ့အချိန် ပစ်သတ်ခံခဲ့ရတာလို့ Western News သတင်းဌာန အယ်ဒီတာတဦးက သတင်းသမားများ ကာကွယ်ရေးအဖွဲ့ CPJ ကို ပြောဆိုထားပါတယ်။

ကိုမြတ်သူထွန်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကျည်ဆံရာနဲ့အတူ ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေလည်း တွေ့ရတယ်လို့ ရက္ခိုင့်တပ်တော် AA အဖွဲ့ကလည်း ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင့်တပ်တော် AA က စစ်ကောင်စီ ခြေမြန်တပ်ရင်း (၃၇၈)ကို ဖေဖေါ်ဝါရီ ၅ ရက်မှာ ဝင်ရောက်စီးနင်းခံပြီးနောက် ၊ အဲဒီ တပ်ရင်းရဲ့ ဗုံးခိုကျင်း တခုထဲမှာ ကိုမြတ်သူထွန်းရဲ့ ရုပ်အလောင်းနဲ့အတူ တခြား နိုင်ငံရေးကြောင့် အဖမ်းခံရသူတွေရဲ့ ရုပ်အလောင်းကိုပါ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ AA အဖွဲ့က ပြောဆိုထားပါတယ်။

သတင်းသမားတွေအပေါ် နှိပ်စက်ညှဉ်းပန်းပြီး ကြောက်ရွံ့အောင် အကြမ်းဖက် ခြိမ်းခြောက်တဲ့ လုပ်ရပ်အဖြစ် RSF အဖွဲ့ကပြစ်တင် ရှုတ်ချပါတယ်။ ဒီလို အလားတူသတ်ဖြတ်မှုတွေ နောင်မဖြစ်အောင်နဲ့ မြန်မာနိုင်ငံအတွင်းမှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၆၂ ယောက်ရှိပြီး သူတို့ လွတ်မြောက်ရေးအတွက် စစ်ကောင်စီကို ဖိအားပေးဖို့လည်း RSF နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG