သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖမ်းခံရတဲ့ သတင်းထောက် ကိုမြတ်သူထွန်း သေဆုံးမှု စုံစမ်းစစ်ဆေးဖို့ CPJ တောင်းဆို


စစ်တွေမြို့ အခြေစိုက် Western News သတင်းဌာနရဲ့ သတင်းထောက် ဖိုးသီဟ ( ခေါ်) ကိုမြတ်သူထွန်း (Photo: Western News Facebook)
စစ်တွေမြို့ အခြေစိုက် Western News သတင်းဌာနရဲ့ သတင်းထောက် ဖိုးသီဟ ( ခေါ်) ကိုမြတ်သူထွန်း (Photo: Western News Facebook)

အဖမ်းခံရတဲ့ သတင်းထောက် ကိုမြတ်သူထွန်း သေဆုံးမှု စုံစမ်းစစ်ဆေးဖို့ CPJ တောင်းဆို

စစ်တွေမြို့ အခြေစိုက် Western News သတင်းဌာနရဲ့ သတင်းထောက် ဖိုးသီဟ ( ေခါ်) ကိုမြတ်သူထွန်း အသတ်ခံရလို့ သေဆုံးသွားတဲ့ ဖြစ်ရပ်မှာ ၊ ကျူးလွန်သူကို ဖေါ်ထုတ်နိုင်ရေး ယုံကြည်ရလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ CPJ ခေါ် သတင်းသမားများ ကာကွယ်ရေးအဖွဲ့က မြန်မာအာဏာပိုင်တွေကို သောကြာနေ့က တောင်းဆို လိုက်ပါတယ်။

DVB သတင်းဌာနအတွက်လည်း သတင်းပေးပို့နေတဲ့ ကိုမြတ်သူထွန်းကို ပုဒ်မ ၅၀၅(က)နဲ့ ၂၀၂၂ စက်တင်ဘာလထဲ ဖမ်းဆီးခဲ့ပြီးနောက်၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ စစ်တပ်က ဖမ်းဆီးထားစဥ် ပစ်သတ်ခံရပြီး သေဆုံးခဲ့တာလို့ Western News သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဝဏ္ဏခွါညိုရဲ့ ပြောဆိုချက်ကို ကိုးကားပြီး CPJ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

စစ်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်တော် AA က စစ်ကောင်စီ ခြေမြန်တပ်ရင်း (၃၇၈)ကို ဖေဖေါ်ဝါရီ ၅ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ၊ အဲဒီ တပ်ရင်းရဲ့ ဗုံးခိုကျင်း တခုထဲမှာ ကိုမြတ်သူထွန်းရဲ့ ရုပ်အလောင်းနဲ့အတူ နိုင်ငံရေးကြောင့် အဖမ်းခံရသူ အခြားလူ ၆ ဦးရဲ့ ရုပ်အလောင်းကိုပါ ရှာဖွေတွေ့ရှိခဲ့တယ်လို့ CPJ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ သူတို့တွေရဲ့ ကိုယ်ပေါ်မှာ ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

" သတင်းထောက် မြတ်သူထွန်း အသတ်ခံရမှုကို ပြင်းထန်စွာ ရှုတ်ချပြီး လက်သည် တရားခံကို ဖော်ထုတ် အရေးယူပေးဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုကြောင်း” CPJ ရဲ့ အကြီးတန်း အရှေ့တောင်အာရှ ဌာနေကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ပြစ်မှုကျူးလွန်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပြစ်ဒဏ်က ကင်းလွတ်နေတဲ့ ယဥ်ကျေးမှု မြန်မာနိုင်ငံမှာ အမြစ်တွယ်နေပြီး ၊ ခုလို သတ်ဖြတ်မှုတွေကို စစ်ကောင်စီက ရပ်ပစ်ဖို့နဲ့ ၊ သတင်းထောက်တွေကို အကာအကွယ်ပေးဖို့ CPJ အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

CPJ က နောက်ဆုံးထုတ်ပြန်ထားတဲ့ သတင်းသမားတွေ သတ်ဖြတ်ခံရမှု ကမ္ဘာလုံးဆိုင်ရာ အညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ အဆင့် ၉ မှာရှိပြီး ၊ ၂၀၂၃ CPJ စစ်တမ်းအရ မြန်မာဟာ တကမ္ဘာလုံးမှာ သတင်းထောက်တွေကို ဒုတိယအများဆုံး ထောင်ချထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG